စစ်တွေမြို့နယ်က ကျေးရွာအချို့တွင် ဆင်းရဲချို့တဲ့သူများအတွက် နေအိမ်များဆောက်လုပ်ပေးရန် စီစဉ်နေ

အဆိုပါနေအိမ်များတွင် နေထိုင်ရန် ဒေသတွင်း ဆင်းရဲနွမ်းပါးသူများ လျှောက်ထားနိုင်ကြောင်းနှင့် လျှောက်ထားသူများထဲမှ သတ်မှတ်ချက်နှင့်ကိုက်ညီသူများကိုသာ နေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

By Admin 31 Jan 2023

စစ်တွေမြို့နယ်က ကျေးရွာအချို့တွင် ဆင်းရဲချို့တဲ့သူများအတွက် နေအိမ်များဆောက်လုပ်ပေးရန် စီစဉ်နေ

 

DMG ၊ ဇန်နဝါရီလ ၃၁

သဘာဝဘေးအန္တရာယ်ခံရမှုနှင့် ဆင်းရဲချို့တဲ့သည့် ပြည်သူများနေထိုင်ရန်အတွက် စစ်တွေမြို့နယ်က ကျေးရွာအချို့တွင် အခမဲ့ ကျေးလက်နေအိမ်များ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျေးလက်နေအိမ်များကို စစ်တွေမြို့နယ် ဇော်မဒတ်ကျေးရွာနှင့် မြစ်နားကျေးရွာတို့တွင် ဆောက်လုပ်သွားရန် လျာထားခြင်းဖြစ်သည်။ ယင်းနေအိမ်များတွင် သဘာဝဘေးအန္တရာယ် ခံစားရသည့် ကျေးရွာသားများနှင့် ဆင်းရဲချို့တဲ့သူများကို  အဓိက ဦးစားပေးနေထိုင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

“ကျေးရွာနေ ဆင်းရဲပင်ပန်းတဲ့သူတွေကို အဓိက ဆောက်လုပ်ပေးသွားမှာပါ။ ခြံမြေကိုတော့ ကျေးရွာကနေ ပေးရမှာ။ ခြံမြေနေရာ ဆိုတဲ့အထဲမှာလည်း ကျေးရွာသားတွေရဲ့ ဘုံပိုင်မြေ၊ အငြင်းပွားစရာ မရှိတဲ့မြေပေါ့။ အိမ်ကိုတော့ ကျနော်တို့ဆီက ဆောက်လုပ်ပေးသွားမှာပါ။ ငွေသွင်းစရာ မလိုပါဘူး။ လောလောဆယ်မှာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို မြေနေရာရအောင် လုပ်ခိုင်းထားပါတယ်။ သူတို့ဆီက တင်ပြလာတဲ့အပေါ်မှာမူတည်ပြီး နေအိမ်တွေ များချင်လည်း များသွားနိုင်တယ်” ဟု စစ်တွေခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး  ဦးစောဝေက DMG ကို ပြောသည်။

အဆိုပါနေအိမ်များတွင် နေထိုင်ရန် ဒေသတွင်း ဆင်းရဲနွမ်းပါးသူများ လျှောက်ထားနိုင်ကြောင်းနှင့် လျှောက်ထားသူများထဲမှ သတ်မှတ်ချက်နှင့်ကိုက်ညီသူများကိုသာ နေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဦးစောဝေက ဆက်ပြောသည်။ 

နေအိမ်များအား ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၄၅၀   အကုန်ကျခံပြီး ဇော်မဒတ်ကျေးရွာတွင်  အလျား ၂၄ ပေ၊ အနံ ၁၈ ပေ၊ အမြင့် ၉ ပေ ရှိသည့် အိမ် ၁၀ လုံးအတွက် ငွေကျပ်သန်း ၁၅၀ ဖြင့်လည်းကောင်း မြစ်နားကျေးရွာတွင် နေအိမ်အလုံး ၂၀ အတွက် ကျပ်သန်း ၃၀၀ ဖြင့် လည်းကောင်း ဆောက်လုပ်ပေးသွားရန် လျာထားကြောင်း သိရသည်။

“လာမယ့် ၂၀၂၃-၂၄ ဘဏ္ဍနှစ်မှာတော့ စီစဉ်ထားတယ်ပေါ့။ ကျနော်တို့က အများကြီး ဆောက်လုပ်ပေးချင်ပါတယ်။ ကိုယ့်ရခိုင်မှာ ပင်ပန်းဆင်းရဲလို့ အိမ်မဆောက်နိုင်တဲ့သူတွေ အများကြီးပါ။ ဘက်ဂျက်ငွေမကျလို့သာ ဆောက်လုပ်မပေးနိုင်တာပါ” ဟု ဦးစောဝေက ရှင်းပြသည်။

နေအိမ်ဆောက်လုပ်ပေးမည့် ကိစ္စနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက ကျေးလက်ဦးစီးဌာနမှ တာဝန်ရှိသူတို့သည် မြစ်နားကျေးရွာသို့ မြေနေရာကြည့်ရန် ကွင်းဆင်းကြည့်ရှုမှုများ ရှိခဲ့ကြောင်း သိရသည်။

မြစ်နားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က “အခုလို နေအိမ်တွေဆောက်ပေးတော့ ဒေသခံတွေအတွက်တော့ ဝမ်းသာတာပေါ့။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်ကလည်း ကျေးလက်ကနေပြီးတော့ အိမ် ၅ လုံး ဆောက်လုပ်ပေးဖူးပါတယ်။ အိမ်ပုံစံကတော့ သစ်သားအိမ်ဖြစ်ပါတယ်။  မြေနေရာပေးလိုက်ရင်ရပါပြီ။ ပိုက်ဆံမပေးခဲ့ရပါဘူး။ ကျနော်တို့ကျေးရွာလို တခြားနွမ်းပါးတဲ့ ကျေးရွာတွေကိုလည်း အခုလို ပေးစေချင်ပါတယ်” ဟု ပြောသည်။

ရခိုင်မှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က မောင်တော၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့နယ်တို့တွင် ကျေးလက်အိမ်ရာများ ဆောက်လုပ်ပေးခဲ့သည်ဟုလည်း ကျေးလက်ဦးစီးဌာနမှ သိရသည်။

#R010

ဗီဒီယိုများ