လူမှုကွန်ရက်ပေါ်တွင် စစ်ကောင်စီကို ဝေဖန်မှုကြောင့် ဖမ်းဆီးခံရသူများထဲတွင် ရခိုင်က ၁၃ ဦးပါဝင်

“ဖမ်းဆီးခံရသူတွေထဲမှာ Facebook အသုံးပြုသူတွေက အများစုဖြစ်ပြီး TikTok နဲ့ Telegram အသုံးပြုသူ တချို့လည်း ပါဝင်ပါတယ်” ဟု Data for Myanmar က ဖော်ပြသည်။

By Admin 09 Oct 2023

လူမှုကွန်ရက်ပေါ်တွင် စစ်ကောင်စီကို ဝေဖန်မှုကြောင့် ဖမ်းဆီးခံရသူများထဲတွင် ရခိုင်က ၁၃ ဦးပါဝင်

DMG ၊ အောက်တိုဘာ ၉

လူမှုကွန်ရက်ပေါ်တွင် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ခြင်းနှင့် နွေဦးတော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားမှု၊ ပြောဆိုဆက်သွယ်မှုများကြောင့် နိုင်ငံတဝန်းက ဖမ်းဆီးခံထားရသူ ၁,၃၁၆ ဦးရှိပြီး ယင်းအထဲတွင် ရခိုင်က ၁၃ ဦး ပါဝင်ကြောင်း Data for Myanmar ၏ အစီရင်ခံစာအရ သိရသည်။

ယင်းသို့ ဖမ်းဆီးခံထားရသူ အရေအတွက်မှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကုန်အထိ ဖြစ်ကြောင်း Data for Myanmar မှ အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

“ဖမ်းဆီးခံရသူတွေထဲမှာ Facebook အသုံးပြုသူတွေက အများစုဖြစ်ပြီး TikTok နဲ့ Telegram အသုံးပြုသူ တချို့လည်း ပါဝင်ပါတယ်” ဟု Data for Myanmar က ဖော်ပြသည်။

ဖမ်းဆီးခံရသူများကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) နှင့် ပုဒ်မ - ၅၀၅ (က)၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ - ၃၃(က) တို့ဖြင့် အများဆုံး အမှုဖွင့်အရေးယူထားသည်ကို တွေ့ရှိရကြောင်း ၎င်းအစီရင်ခံစာကဆိုသည်။

လူမှုကွန်ရက်ပေါ်တွင် စစ်ကောင်စီကို ဝေဖန်ရေးသားမှုကြောင့် ဖမ်းဆီးခံခဲ့ရသည့် ရခိုင်က ဒေသခံများမှာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၅၀၅ (က)ဖြင့် တရားရုံးအသီးသီးတွင် တရားရင်ဆိုင်နေရပြီး ယင်းအထဲတွင် ကျောက်တော်၊ မြောက်ဦး၊ မာန်အောင် စသည့်မြို့နယ်တို့မှဖြစ်ကြောင်း သိရသည်။

၅၀၅ (က) ပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း (ခ) လူထုဇော်ဝင်း အမှုတွင် အမိန့်ချရန်သာ ကျန်သော်လည်း အမိန့်ချမည့်ရုံးချိန်းများကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခံနေရသည်မှာ ၆ လအထိ ကြာမြင့်လာပြီဟု မိသားစုဝင်များက ပြောသည်။

“လူမှုကွန်ရက်ပေါ်မှာ ရေးသားမှုတွေကြောင့် တရားစွဲတယ်ဆိုရင်လည်း အချိန်အတိုင်းအတာ တစ်ခုထိ ထိန်းသိမ်းထားပြီဖြစ်တဲ့အတွက် ပြန်လွှတ်ပေးဖို့ မျှော်လင့်တယ်။ အဓိက သူလွတ်လာဖို့ပဲ မျှော်လင့်တယ်” ဟု ကိုဇော်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်ခင်လှဇံက ပြောသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တကျော့ပြန်တိုက်ပွဲကာလအတွင်း လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ရေးသားသည့် ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်းက လူမှုကွန်ရက်တွင် စစ်ရေး၊ နိုင်ငံရေး အကြောင်းများ ရေးသားမှုကြောင့် မြောက်ဦးမြို့၊ လက်ကောက်ဈေးရပ်ကွက်နေ သတင်းထောက်ဟောင်း ကိုမြတ်သူထွန်း (ခ) ကိုဖိုးသီဟကို စစ်ကောင်စီကဖမ်းဆီးပြီး ပုဒ်မ - ၅၀၅(က) ဖြင့် တရားစွဲဆိုထားသည်မှာ လက်ရှိတွင် တစ်နှစ်အထိ ကြာမြင့်လာပြီဖြစ်သည်။

ကိုမြတ်သူထွန်း၏ ဇနီး မဥမ္မာရွှေစင်မြင့်က “အမိန့်ချမှတ်တာတော့ မရှိသေးဘူး။ မိသားစုတွေနဲ့ ကိုဖိုးသီဟကိုယ်တိုင်က ပြတ်သားတဲ့အမိန့်တစ်ခုခု ချမှတ်စေချင်ကြတယ်။ အခုလို လူမှုကွန်ရက်ပေါ်မှာ စာရေးသားမှုကြောင့် ဖမ်းဆီးတရားစွဲဆိုထားတာကတော့ တရားမျှတမှု မရှိဘူး။ ကျမကတော့ ပြန်ပြီးလွှတ်ပေးစေချင်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း မာန်အောင်မြို့၊ မြို့သစ်ရပ်ကွက်မှ စီးပွားရေးလုပ်ငန်းရှင် ဦးစည်သူအောင်ကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအား ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးပြီးနောက် ပုဒ်မ - ၅ဝ၅ (က) ဖြင့် အမှုဖွင့်ခဲ့သည်။

လူမှုကွန်ရက်ပေါ်တွင် ရေးသားမှုနှင့် ပြောဆိုဆက်သွယ်မှုများကြောင့် ဖမ်းဆီးခံရသူအရေအတွက်မှာ လစဉ်ပျမ်းမျှ ၆၅ ဦးခန့်ရှိပြီး ဖမ်းဆီးခံရသူများထဲမှ ထက်ဝက်နီးပါးမှာ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းမှဖြစ်ကာ လူဦးရေ ၆၀၀ ကျော်ရှိသည်ဟု Data for Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

လူမှုကွန်ရက်ပေါ်တွင် မိမိသဘောထား အမြင်များကို ရေးသားတောင်းဆိုခြင်းမှာ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သော်လည်း စစ်အာဏာသိမ်းပြီးနောက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ဆုံးရှုံးလာရသည်ဟု ဆိုရှယ်မီဒီယာပေါ်တွင် အမုန်းတရားများ မပြန့်ပွားစေရေး လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“လူတစ်ယောက်ဟာ သူလိုချင်တဲ့ဟာကို အပြုသဘောဆောင်စွာ လွတ်လပ်စွာ ရေးသားပိုင်ခွင့်ရှိတယ်။ ငြိမ်းချမ်းစွာနဲ့ တောင်းဆိုနေကြတာကို အစိုးရက မလေးစားပဲ သူတို့ လုပ်ချင်သလိုလုပ်ပြီး တရားစွဲဆိုလာကြတာ ဖြစ်တယ်။ အခုလို အာဏာရှင်လက်အောက်မှာ တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေအတွက် လူမှုကွန်ရက်တွေမှာ ပိုပြီး ဆိုးဆိုးရွားရွားတင်းကြပ်လာပြီး ဖော်ထုတ်ခွင့်တွေပါ ဆုံးရှုံးလာကြတယ်” ဟု သူကပြောသည်။

လူမှုကွန်ရက်မှတစ်ဆင့် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ - ၁၂၄ (က) နှင့် ရာဇသတ်ကြီးပုဒ်မ - ၅၀၅(က) ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ - ၃၃ (က) တို့ဖြင့် တည်ဆဲဥပဒေများအရ အရေးယူသည်ဟု ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

#I006 #DMG

ပုံစာ - လူမှုကွန်ရက် သုံးစွဲနေသည့် လူငယ်တစ်ဦး။

ဗီဒီယိုများ