ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်က စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံနေ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရခိုင်ပြည်၊ စစ်တွေမြို့သို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ရောက်ရှိနေခြင်းဖြစ်ပြီး ယမန်နေ့က လောကာနန္ဒာစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ခဲ့သည်။

By Admin 27 Feb 2023

စစ်တွေသို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ရစဉ်။ ဓာတ်ပုံ - ရခိုင်နေ့စဉ်
စစ်တွေသို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ရစဉ်။ ဓာတ်ပုံ - ရခိုင်နေ့စဉ်

DMG ၊ ဖေဖော်ဝါရီ ၂၇

ရခိုင်ပြည်၊ စစ်တွေမြို့သို့ရောက်ရှိနေသည့် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရခိုင်ပြည်အတွင်းမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံနေကြောင်း DMG မှ စုံစမ်းသိရှိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံရန်အတွက် ရခိုင်မှ စီးပွားရေးလုပ်ငန်းရှင်များကို ယနေ့ နံနက် ၈ နာရီအချိန်တွင် စစ်တွေမြို့ ဦးဥတ္တမခန်းသို့လာရောက်ကြရန် ပြည်နယ်စစ်ကောင်စီ တာဝန်ရှိသူများက အကြောင်းကြားထားခြင်းဖြစ်ပြီး ဦးဥတ္တမခန်းမတွင်လည်း ရခိုင်ဒေထွက်ကုန်ပစ္စည်းများ၊ အရောင်းပစ္စည်းများကို ခင်းကျင်းပြသထားကြောင်း သိရသည်။ 

လက်ရှိတွင် စစ်တွေမြို့အတွင်း လုံခြုံရေးတင်းကျပ်စွာချထားပြီး ဦးဥတ္တမလမ်းတစ်လျှောက်တွင်လည်း လမ်းသွားလမ်းလာများကို ကန့်သတ်ထားခြင်းများ ရှိနေသည်။ မေယုလမ်းမကြီးအပါအဝင် စစ်ကောင်စီလက်အောက်ခံ ရုံးအချို့ရှေ့တွင်လည်း ယာဉ်ထိန်းရဲများက လမ်းရှင်းမှုများ ဆောင်ရွက်နေသည်ကို  DMG မှ တွေ့မြင်ခဲ့ရသည်။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရခိုင်ပြည်၊ စစ်တွေမြို့သို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ရောက်ရှိနေခြင်းဖြစ်ပြီး ယမန်နေ့က လောကာနန္ဒာစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ခဲ့သည်။ ယင်းအပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ၏ သတင်းများကိုဖော်ပြနေသည့် ရခိုင်နေ့စဉ် လူမှုကွန်ယက်တွင် ရေးသားထားသည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အခုနှစ် ဇန်နဝါရီလ အတွင်းကလည်း ရခိုင်ပြည်၊ သံတွဲမြို့သို့ ရောက်ရှိလာခဲ့ပြီး ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်အချို့နှင့် တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း ရခိုင်ပြည်၊ စစ်တွေမြို့သို့ ရောက်ရှိလာကာ ဦးဥတ္တမခန်းမတွင် လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

#R005

ဗီဒီယိုများ