- ICC ရှေ့နေ ကယ်ရင်ခန် လိင်မတော်မတရားမှုဖြင့် စစ်ဆေးခံနေရ
- စစ်ကောင်စီ၏ အငြိုးအတေး ပစ်မှတ်အောက်က မြို့ကျောက်တော်
- ဧရာဝတီ၊ ကွင်းကောက်မြို့အနီးက ကပျိုစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်
- ကြောက်မက်ဖွယ် လူသတ်ပွဲကြီး ဆင်နွှဲနေသည့် စစ်ကောင်စီ (Vox Pop)
- ပေါက်တောက ကျေးရွာအချို့တွင် သောက်သုံးရေ ပြတ်လပ်နေ
မြဝတီ ကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရမှုကြောင့် နယ်စပ်ကုန်သွယ်မှု ယာယီရပ်ဆိုင်း
ကရင်ပြည်နယ် မြဝတီမြို့ရှိ နယ်စပ်ကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရပြီး ပို့ကုန်သွင်းကုန်ရုံး မီးလောင်သွားသဖြင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုများ ယာယီရပ်တန့်နေကြောင်း နယ်စပ်ကုန်သည်များထံက သိရသည်။
30 Mar 2023

DMG ၊ မတ် ၃၀
ကရင်ပြည်နယ် မြဝတီမြို့ရှိ နယ်စပ်ကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရပြီး ပို့ကုန်သွင်းကုန်ရုံး မီးလောင်သွားသဖြင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုများ ယာယီရပ်တန့်နေကြောင်း နယ်စပ်ကုန်သည်များထံက သိရသည်။
မတ်လ ၂၅ ရက်နေ့က မြဝတီမြို့ရှိ နယ်စပ်ကုန်သွယ်ရေးဇုန်၊ ကျုံဒိုးနှင့် ကော့ကရိတ်မြို့အနီးတို့ကို KNLA၊ KTLA ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် ယင်းနေ့ကစ၍ နယ်စပ်ကုန်တင်ယာဉ်များမှာ မြဝတီမြို့၌ ရပ်နားထားရပြီး၊ ထိုင်းနိုင်ငံ မဲဆောက်ဘက်မှလည်း ကုန်တင်ယာဉ်သွားလာခွင့်ကို ယာယီပိတ်ပင်ထားခြင်း ဖြစ်သည်။
“ကုန်သွယ်ရေးဇုန် တိုက်ခံရပြီးထဲက နယ်စပ်ကုန်သွယ်ရေး ရပ်သွားတယ်။ အခုဆို ထိုင်းဘက်ကလည်း ကုန်ကားတွေကို သွားလာခွင့် ခဏ ပိတ်ထားတယ်။ မြဝတီမှာလည်း ကုန်ကားတွေ အကုန်ရပ်ထားရတယ်” ဟု မြဝတီ နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။
ရန်ကုန်မှ မြဝတီသို့ သွားလာနေသည့် ကုန်တင်ယာဉ်များမှာလည်း ယနေ့အချိန်ထိ ဘားအံ- အိန္ဒူ လမ်းမပေါ်တွင် ရပ်နားထားရကြောင်း ရန်ကုန်- မြဝတီ ကုန်တင်ယာဉ်မောင်းများက ပြောဆိုကြသည်။
မြဝတီ - ကော့ကရိတ် အာရှလမ်းမပေါ်မှာတော့ ယနေ့နံနက်ပိုင်းကစပြီး မော်တော်ယာဉ်ငယ်၊ ခရီးသွားယာဉ်လိုင်းနှင့် ကုန်တင်ယာဉ်အချို့ ပြန်လည်သွားလာနေကြပြီး အာရှလမ်းမတစ်လျှောက် တစ်ချို့နေရာများနှင့် မြဝတီမြို့အနီးတွင် လက်ရှိအချိန်ထိ တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။
ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ်(၁)တံတားမှာလည်း ကုန်တင်ယာဉ်သွားလာခွင့် ယာယီပိတ်ပင်ထား၍ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ ယာယီရပ်တန့်နေခြင်း ဖြစ်သည်။
“အမှတ် (၁) တံတားဂိတ်ကတော့ ပြန်ဖွင့်ပေးထားတယ်။ ထိုင်းဘက်က ကုန်တင်ယာဉ်တွေ သွားလာခွင့်ပိတ်လိုက်တော့ ကုန်သွယ်တာ လောလောဆယ် ရပ်လိုက်ရပါပြီ။ လူအသွားအလာကိုလည်း လောလောဆယ် အခြေအနေ ကြည့်နေရတယ် ” ဟု နယ်စပ်ကုန်သည်တစ်ဦးက ဆိုသည်။
လက်ရှိမှာ နယ်စပ်ကုန်သွယ်မှုများ တရားဝင် ရပ်တန့်ထားသည့်အတွက် ထို့ကိုကိုး တောလမ်းမှတဆင့် တရားမဝင် ကုန်သွယ်မှုတချို့ ရှိနေကြောင်း မြဝတီမြို့ခံများထံက သိရသည်။
“ဂိတ်တွေမှာ ကားသွားခွင့်မရှိတော့ တရားမဝင်လမ်းကနေ ကုန်သွယ်နေရတယ်။ လမ်းခရီးကဝေးတယ်။ ပုံမှန်ဆိုရင် တစ်နာရီပဲသွားရတာ။ အခုက လေးနာရီကြာတယ်။ ခရီးစရိတ်ကလည်း အရင်ထက် နှစ်ဆလောက်ကုန်တော့ ကုန်စျေးနှုန်းတွေပါ အကုန်တက်နေတယ်” ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။
မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံအတွင်းသို့ မြန်မာပြည်ထွက် စိုက်ပျိုးသီးနှံများကို တင်ပို့နေပြီး ထိုင်းနိုင်ငံမှ အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ကြမ်းပစ္စည်း စသည့် အထွေထွေသုံးကုန် ပစ္စည်းများကို မြန်မာပြည်တွင်းသို့ တင်သွင်းနေခြင်း ဖြစ်သည်။
#F004