စစ်ကောင်စီ၏ ကန့်သတ်မှုများနှင့် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် မြန်မာ့စီးပွားရေး နှောင့်နှေးဟု ကမ္ဘာ့ဘဏ်ပြော

လျှပ်စစ်ဓာတ်အား အလှည့်ကျရရှိခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံခြားငွေလဲလှယ်မှုအပေါ် မြန်မာစစ်ကောင်စီက ကန့်သတ်ထားခြင်းတို့က မြန်မာ့စီးပွားရေးကို နှောင့်နှေးစေလျက်ရှိသည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားလိုက်သည်။

By Admin 29 Jun 2023

ဓာတ်ပုံ - Reuters
ဓာတ်ပုံ - Reuters

DMG ၊ ဇွန် ၂၉

လျှပ်စစ်ဓာတ်အား အလှည့်ကျရရှိခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံခြားငွေလဲလှယ်မှုအပေါ် မြန်မာစစ်ကောင်စီက ကန့်သတ်ထားခြင်းတို့က မြန်မာ့စီးပွားရေးကို နှောင့်နှေးစေလျက်ရှိသည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားလိုက်သည်။

မြန်မာ့စီးပွားရေး အခြေအနေသည် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း တည်ငြိမ်စပြုသည့် အနေအထားတွင်သာ ရှိနေသည်ဟု ဇွန်လ ၂၈ ရက်နေ့ ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်အစီရင်ခံစာ၌ ဖော်ပြထားသည်။

အစားအစာနှင့် လောင်စာဆီစျေးနှုန်း ဖောင်းပွမှုသည် တည်ငြိမ်စပြုလာပြီဖြစ်ကာ ထုတ်ကုန်နှင့် ကုန်စည်မှာယူမှု အသစ်တို့သည်လည်း ယခုနှစ်အစတည်းက မြင့်တက်လာသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

သို့သော်လည်း မြန်မာ့ ပြည်တွင်းစုစုပေါင်းထုတ်ကုန် ဂျီဒီပီမှာ ၂၀၁၉ ခုနှစ်တွင် ရှိခဲ့သော အနေအထားထက် ၁၀ ရာခိုင်နှုန်းခန့် နိမ့်ကျနေဆဲဖြစ်ကာ အာဏာသိမ်းမှုကြောင့် လုံးလုံး နာလန်မထူနိုင်တော့သည့် အနေအထားသို့ ရောက်သွားနိုင်ခြေ ရှိနေသည်ဟု ကမ္ဘာ့ဘဏ်က ထောက်ပြထားသည်။

စစ်ကောင်စီသည် ယခုနှစ်အစပိုင်းတည်းက ထုတ်ကုန်သွင်းကုန် လိုင်စင်အတွက် စည်းကမ်းအသစ်များ ထုတ်ပြန်ခဲ့သလို လောင်စာဆီ တင်သွင်းမှုအတွက်လည်း စည်းကမ်းများ ပိုမိုတင်းကြပ်ခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြသည်။ စီးပွားရေးလုပ်ငန်းများသည်လည်း နိုင်ငံခြားငွေကြေး လဲလှယ်ရာတွင် အဆင်မပြေမှုများ ကြုံနေရပြီး သွင်းကုန်နှင့် ကုန်သွယ်ရေး လိုင်စင်ကိစ္စရပ်များတွင်လည်း အဆင်မပြေဖြစ်နေရသည်။

လျှပ်စစ်မီးပြတ်တောက်မှုကလည်း စီးပွားရေးလည်ပတ်မှုများကို ရိုက်ခတ်မှုရှိပြီး လုပ်ငန်း စုစုပေါင်း၏ ၄၂ ရာခိုင်နှုန်းက မတ်လအတွင်း သူတို့၏ လုပ်ငန်းများကို နှောင့်နှေးစေနိုင်ဆုံး အခက်အခဲအဖြစ် ဖြေကြားသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးသည် ယခုနှစ်တွင် စက်တင်ဘာလကုန်အထိ ၃ ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်တွင် အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း အကျပ်အတည်းများ ကြုံနေရပြီး စစ်ကောင်စီနှင့် လက်နက်ကိုင် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများမှာလည်း ပိုမိုပြင်းထန်လာနေသည်။ လက်ရှိအချိန်အထိ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူဦးရေ တစ်သန်းကျော်ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ဗီဒီယိုများ