ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်က စီမံကိန်းတစ်ခုဖော်ဆောင်ရန် ကြိုးပမ်းနေ

ရခိုင်ပြည်နယ်အတွင်း အသက်မွေးဝမ်းကျောင်းပညာရပ်၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှုအကူအညီများ၊ နိုင်ငံတကာနှင့် ပြည်တွင်းဈေးကွက် ကျယ်ပြန့်စွာချိတ်ဆက်နိုင်မည့် စီမံကိန်းတစ်ခုကို ဖော်ဆောင်ပေးရန်ကြိုးပမ်းနေကြောင်း ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများက ပြောသည်။

By ဝံသ(မောင်တော) 24 Nov 2019

ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများသည်  နိုဝင်ဘာလ ၂၁ ရက်နေ့က မောင်တောကုန်သည်ကြီးများအသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြသည်။

ဝံသ(မောင်တော) | DMG
နိုဝင်ဘာ ၂၄ ၊ မောင်တော

ရခိုင်ပြည်နယ်အတွင်း အသက်မွေးဝမ်းကျောင်းပညာရပ်၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှုအကူအညီများ၊ နိုင်ငံတကာနှင့် ပြည်တွင်းဈေးကွက် ကျယ်ပြန့်စွာချိတ်ဆက်နိုင်မည့် စီမံကိန်းတစ်ခုကို ဖော်ဆောင်ပေးရန်ကြိုးပမ်းနေကြောင်း ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများက ပြောသည်။

မောင်တောကုန်သည်ကြီးများအသင်းနှင့် ကမ္ဘာ့ဘဏ်အုပ်စု၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာ ရေးဆွဲရေးအဖွဲ့ ကမ္ဘာ့ဘဏ်၏ ဌာနေကိုယ်စားလှယ် Mr.Gevorg Sargsyan ဦးဆောင်သောအဖွဲ့တို့ နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ဆုံခဲ့ရာတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကမ္ဘာ့ဘဏ်အနေနဲ့ ရခိုင်ပြည်နယ်အတွက် စီမံကိန်းတစ်ခုဖော်ဖို့ကြိုးစားနေပါတယ်။ အကောင်အထည်ဖော်ဆောင်ရာမှာ အသက်မွေးဝမ်းကျောင်းပညာရပ်မျိုးတွေ၊ ပြန်လည်ကြီးကြပ်ပေးတဲ့ အရာမျိုးတွေ၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ငွေကြေးထောက်ပံ့ကူညီမှုတွေနဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းမှာပါ ဈေးကွက် ကျယ်ပြန့်စွာချိတ်ဆက်နိုင်ဖို့ စဉ်းစားထားပါတယ်” ဟု ကမ္ဘာ့ဘဏ်တာဝန်ရှိသူများက ပြောသည်။

ကမ္ဘာ့ဘဏ်အနေဖြင့် လာမည့် ၂၀၂၀-၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်း အစီအစဉ်များနှင့်စပ်လျဉ်းသည့် ဗဟာဗျူဟာတစ်ခုရေးဆွဲနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ဈေးကွက်သည် အရေးကြီးပြီး ရခိုင်ပြည်နယ်၏ဈေးကွက်သည် မောင်တောနယ်စပ်ဈေးကွက်တွင် မူတည်နေကြောင်း မောင်တောနယ်စပ် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ဆိုသည်။

“မောင်တောဒေသအနီးမှာပဲ ဈေးကွက်ရှိတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဈေးကွက်ပါ။ ပုဏ္ဏားကျွန်းမှာ ငရုတ်သီးစိုက်မယ်၊ မြောက်ဦးမှာ ခရမ်းသီးစိုက်မယ်၊ ကျောက်တော်မှာ ဒညှင်းသီးစိုက်မယ်၊ ဘယ်မှာလဲ ဈေးကွက်။ ဈေးကွက်က မောင်တောမှာ” ဟု ၎င်းကဆိုသည်။

ကမ္ဘာ့ဘဏ်တာဝန်ရှိသူများက လက်ရှိမောင်တောဒေသ၏ စီးပွားရေးတိုးတက်လာမှုအခြေအနေများနှင့် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်ရေးအခြေအနေများကိုလည်း မေးမြန်းခဲ့သည်။

ယင်းသို့မေးမြန်းချက်အပေါ် မောင်တောဒေသသည် ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်အပြီးတွင် စီးပွားရေး ကျဆင်းမှုများရှိခဲ့သော်လည်း တစ်ဖြည်းဖြည်းနှင့် ပြန်လည်ဦးမော့လာပြီဖြစ်ကြောင်း ဦးအောင်မြင့်သိန်းက ဖြေကြားခဲ့သည်။

မောင်တောနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောင်းသူဈေးကွက်အဖြစ် ဖော်ဆောင်နိုင်ရေးအတွက် မောင်တောမြို့နယ်တွင် ကညင်ချောင်းစီးပွားရေးဇုန်ကို ဖော်ဆောင်လျက်ရှိသည်။

၎င်းစီးပွားရေးဇုန်ကို ယခု ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြောင်းနှင့် လက်ရှိမှာ ဇုန်အတွင်းပါဝင်မည့် လုပ်ငန်း ၉ ခု အနက် လုပ်ငန်း ၆ ခုမှာ ပြီးစီးနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးဝင်းမြင့်က ပြီးခဲ့သည့် ဇူလိုင်လအတွင်း ပြောဆိုခဲ့သည်။

မြေဧက ၁၀၀ အထိကျယ်ဝန်းသည့် ကညင်ချောင်းစီးပွားရေးဇုန်ကို ပြည်နယ်အစိုးရနှင့် ကညင်ချောင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ(KED)တို့ ပူးပေါင်းကာ သိန်းပေါင်း ၂၂၀၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

ဗီဒီယိုများ