မင်းပြားမှ စစ်ဘေးရှောင် ၂,၀၀၀ ကျော် နေရပ်ပြန်

ဒေသတည်ငြိမ်အေးချမ်းနေသည် ဟုဆိုကာ အိမ်ထောင်စုတစ်စုကို ငွေကျပ် ၅ သိန်း စားနပ်ရိက္ခာတစ်လစာ ထောက်ပံ့ပြီး နေရပ်ပြန်ခိုင်းခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။

By Admin 24 Feb 2023

မင်းပြားမှ စစ်ဘေးရှောင် ၂,၀၀၀ ကျော် နေရပ်ပြန်

DMG ၊ ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များကို စစ်ကောင်စီက ငွေကျပ် ၅ သိန်းပေးကာ နေရပ်ပြန်ခိုင်းသည့်အတွက် ယမန်နေ့ (ဖေဖော်ဝါရီ ၂၃) ရက်နေ့က စစ်ဘေးရှောင် ၂,၀၀၀ ကျော် နေရပ်ပြန်သွားခဲ့ကြောင်း သိရသည်။

ယမန်နေ့က မြန်မာစစ်တပ်အပါအဝင် ထွေအုပ်၊ ဘေးစီမံ စသည့် ဌာနတာဝန်ရှိသူများသည် စစ်ဘေးရှောင်များကို မင်းပြားမြို့ ရာမောင်ခန်းမသို့ခေါ်ပြီး ဒေသတည်ငြိမ်အေးချမ်းနေသည် ဟုဆိုကာ အိမ်ထောင်စုတစ်စုကို ငွေကျပ် ၅ သိန်း စားနပ်ရိက္ခာတစ်လစာ ထောက်ပံ့ပြီး နေရပ်ပြန်ခိုင်းခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။

မင်းပြားမြို့နယ် နရမ်းစစ်ဘေးရှောင်စခန်းမှ နေရပ်ပြန်သွားရသူ ဖားပြိုကျေးရွာမှ မဇင်မာနွယ်က “အိမ်ထောင်စုတစ်စုကို ငွေ ၅ သိန်းနဲ့ စားနပ်ရိက္ခာ ၁ လစာ ထောက်ပံ့ပြီးတော့ နေရပ်ပြန်ခိုင်းတဲ့အတွက် ပြန်လာရတာ။ သူတို့က စစ်ဘေးရှောင်တွေကို စခန်းမှာမထားတော့ဘူး၊ အကုန်လုံးနေရပ်ပြန်ရမယ် ဆိုပြီးတော့ ပြောတာရှိတယ်။ အဲဒါကြောင့် ပြန်လာတာပါ” ဟု DMG သို့ပြောသည်။

သို့သော်လည်း ကျေးရွာနှင့်အနီးတဝိုက်တွင် မိုင်းရှင်းလင်းရေးပြုလုပ်ခြင်းများ မရှိသေးသည့်အတွက် တချို့စစ်ဘေးရှောင်များမှာ အသက်အန္တရာယ်စိုးရိမ်သဖြင့် မပြန်ရဲသူများလည်းရှိကြောင်း သိရသည်။

“ သူတို့က နေရပ်ပြန်ခိုင်းပေမယ့် ကျမတို့က မပြန်နိုင်သေးဘူး။ ဘာဖြစ်လို့လဆိုတော့ သူတို့က ရွာတွေမှာ မိုင်းရှင်းပေးတာလည်း မရှိသေးဘူး။ နောက်ပြီးတော့ ငွေ ၅ သိန်းနဲ့ ဘာလုပ်လို့ရမှာလဲ။ ကျမတို့ပြန်မယ်ဆိုရင် မိုင်းတွေကို ရှင်းပေးရမယ်။ နောက်ပြီးတော့ တိုက်ပွဲပြန်မဖြစ်နိုင်ဘူးလို့ မပြောနိုင်သေးဘူးလေ” ဟု မင်းပြားမြို့နယ် သလူးချောင်းကျေးရွာမှ ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် မင်းပြားမြို့နယ်တွင် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး ကျော်မင်းထွန်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထောက်ပံ့သည့် အိမ်ထောင်စုတစ်စုလျင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် အိမ်ထောင်စု ၅၈၈ စု(လူဦးရေ ၂,၃၄၃)အတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၂,၉၄၀ ကို ထောက်ပံ့ခဲ့ကြောင်း ဆိုသည်။

ယင်းအပြင် မြောက်ဦးခရိုင် အုပ်ချုပ်ရေးမှူးကလည်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် နေရပ်ပြန်ပြောင်းရွှေ့စရိတ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် အိမ်ထောင်စု ၅၈၈ စုအတွက် ထောက်ပံ့ပေးသည်ဟု သတင်းစာတွင်ဖော်ပြသည်။ 

ထိုနည်းအတူ မြို့နယ်အုပ်ချုပ်ရေးမှူးက ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့သည့် လူတစ်ဦးကို တစ်ရက်လျှင် ဆန်ရိက္ခာ ၂ ဗူးစီဖြင့် တစ်လရိက္ခာဆန်ဖိုး ငွေကျပ် ၂၁,၀၈၇,၀၀၀ ကိုလည်းကောင်း၊ မြောက်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးအရာရာရှိက လူသုံးကုန်ပစ္စည်း ၁၇ မျိုးကို ထောက်ပံ့ခဲ့ကြောင်းလည်း ဖော်ပြသည်။ 

ရခိုင်ကစစ်ဘေးရှောင်များကို မိမိနေရပ်သို့ ပြန်ကြရန်အတွက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကောင်စီဝန်ကြီးများဖြစ်သည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း တို့အဖွဲ့သည် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့်စစ်ဘေးရှောင်စခန်းများသို့ သွားရောက်ကာ ဖိအားပေးမှုများ ရှိခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ စစ်ဘေးရှောင်များကို စစ်ကောင်စီက နေရပ်သို့ပြန်ပို့ပေးခဲ့ပြီး လက်ရှိမှာ ၎င်းတို့သည် မိမိတို့နေရပ်တွင်တွင် စားဝတ်နေရေးအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ရခိုင်နှင့် ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲကြောင့် သြဂုတ်လမှ အောက်တိုဘာလ ၁၁ ရက်နေ့ အထိ စစ်ဘေးရှောင်ဦးရေ ၁၆,၀၀၀ ရှိလာပြီး ယခင်တိုက်ပွဲကာလက နေရပ်မပြန်နိုင်သေးသည့် လူဦးရေနှင့်ပေါင်းလျှင် ၉၀,၀၀၀ ကျော်အထိရှိနေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း စစ်ကောင်စီစာရင်းများတွင် ရခိုင်ပြည်အတွင်း နေရပ်မပြန်နိုင်သည့် စစ်ဘေးရှောင်ဦးရေ ၆၀,၀၀၀ ကျော်သာရှိကြောင်း ထုတ်ပြန်ထားသည်။

#R007

ဗီဒီယိုများ