မုန်တိုင်းအလွန် ရခိုင်ကျေးလက်ဒေသတွင် ဝမ်းရောဂါဖြစ်ပွားမှု များပြားလာ

မုန်တိုင်းအလွန် ရခိုင်ပြည်အတွင်းက ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မောင်တော စသည့် မြို့နယ်တို့တွင်   သောက်သုံးရေရှားပါးမှု၊ ရေမသန့်ရှင်းမှုများကြောင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားမှု များပြားလာနေသည်။

By Admin 12 Jun 2023

မုန်တိုင်းအလွန် ရခိုင်ကျေးလက်ဒေသတွင် ဝမ်းရောဂါဖြစ်ပွားမှု များပြားလာ

DMG ၊ ဇွန် ၁၂

မုန်တိုင်းအလွန် ရခိုင်ပြည်အတွင်းက ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မောင်တော စသည့် မြို့နယ်တို့တွင်   သောက်သုံးရေရှားပါးမှု၊ ရေမသန့်ရှင်းမှုများကြောင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားမှု များပြားလာနေကြောင်း သိရသည်။

ပေါက်တောမြို့နယ် ကြိမ်ခွေမော်အုပ်စုရှိ ကြိမ်ခွေမော်၊ ပိုက်ဆိပ်၊ မင်းဘာကျေးရွာတို့တွင် မုန်းတိုင်းတိုက်ခတ်စဉ် ဒီရေမြင့်တက်ကာ ရေကန်များအတွင်း ဆားငံရေဝင်သွား၍ ရေမသန့်ရှင်းမှုကြောင့် ဒေသခံ ၁၀၀ ကျော်ခန့်မှာ ဝမ်းရောဂါဖြစ်ပွားနေကြသည်။

အိမ်ခြေ ၃၈၀ ကျော်ရှိသည့် ကြိမ်ခွေမော်ကျေးရွာတွင် မုန်တိုင်းအလွန် မေလအတွင်းက သက်ကြီးရွယ်အို ၃ ဦးမှာ ဝမ်းရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသွားခဲ့ပြီး လက်ရှိတွင်လည်း ရွာသား ၃၀ ကျော်ခန့်မှာ ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်နေကြသည်ဟု ကြိမ်ခွေမော်အုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက ပြောသည်။ 

“ဝမ်းရောဂါဖြစ်တာက အများအားဖြင့် ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ကြပါတယ်။ ကြိမ်ခွေမော် အုပ်စုတစ်ခုလုံး ဖြစ်နေကြတာပါ” ဟု သူက‌ ပြောသည်။

မောင်တောမြို့နယ်အတွင်းက မုန်တိုင်းဒဏ်သင့်ကျေးရွာများဖြစ်သည့် ကိုင်းကြီး၊ ရွှေဗဟို၊ သီဟိုအေး ကျေးရွာတို့တွင်လည်း သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ကျောင်းနေအရွယ် ကလေးအများစုမှာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါများ ဖြစ်ပေါ်နေကြသည်ဟု သိရသည်။

အိမ်ခြေ ၁၄၀ ကျော်၊ လူဦးရေ ၇၀၀ ကျော်ခန့်ရှိသည့် ကိုင်းကြီးကျေးရွာတွင် မသန့်ရှင်းသည့်ရေကို သုံးစွဲနေရသဖြင့် ရွာသား ၂၀ ကျော်ခန့်မှာ ဝမ်းရောဂါဖြစ်ပွားနေပြီး ဆေးကုသမှုခံယူနေရကြောင်း ကိုင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဒုက္ခက ပြောသည်။

“ကျနော်တို့ရွာမှာက ဆည်ရေပဲ သောက်သုံးနေရတာ။ အခုက မိုးရာသီရောက်နေပြီဖြစ်လို့ မိုးရေနဲ့ ဆည်ရေတွေက ရောနေတော့ ရေကမသန့်တော့ဘူး။ အဲဒါကြောင့် ဝမ်းရောဂါနဲ့ အရေပြားရောဂါ ဖြစ်နေကြတာ။ ဆေးခန်းသွားပြနေရတဲ့သူတွေလည်းရှိတယ်။ တချို့မွေးကင်းစ ကလေးတွေဆိုရင် အသက်အန္တရာယ်အထိ စိုးရိမ်ရတယ်” ဟု သူက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ထုံးဘူးကျေးရွာတွင်လည်း ရွာသား ၂၀ ကျော်ခန့်မှာ ဝမ်းရောဂါဖြစ်ပွားနေပြီး ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ဝမ်းပျက်၊ ဝမ်းလျှောရောဂါက တော်တော်များများ ဖြစ်ကြတယ်။ အများအားဖြင့်တော့ ကလေးငယ်တွေ ဖြစ်ကြတယ်။ ဒီရွာမှာက ဆေးရုံဆေးခန်းတွေလည်း မရှိဘူး။ ရွာထဲမှာရှိတဲ့ ဆေးဆိုင်တွေကိုပဲ အားကိုးနေရတယ်” ဟု ထုံးဘူးကျေးရွာမှ ဦးမောင်လှသိန်းက ပြောသည်။

မုန်တိုင်းသင့်ဒေသများတွင် သန့်ရှင်းသောသောက်သုံးရေ ရရှိရန် အခက်အခဲများရှိနေသဖြင့် ရေကြောင့်ဖြစ်သော ရောဂါများနှင့် ကူးစက်ရောဂါများ ဖြစ်ပွားနိုင်ခြေမြင့်မားလျက်ရှိကြောင်း UNOCHA က ပြီးခဲ့သည့် မေလ ၂၁ ရက် နေ့က ထုတ်ပြန်ထားသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်က မြို့နယ်အများအပြားတွင် နေအိမ်၊ အဆောက်အအုံ၊ ဆေးရုံ၊ ကျေးလက်ဆေးခန်း အများအပြားပျက်စီးသွားသဖြင့် မုန်တိုင်းသင့် ကျေးလက်နေပြည်သူများမှာ နေထိုင်ရေးသာမက ကျန်းမာရေးပိုင်းတွင်လည်း အခက်အခဲများရှိနေကြသည်။

#I011 #DMG

ပုံစာ - မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာက ဝမ်းရောဂါဖြစ်နေသည့် ကလေးငယ်များအား ကျေးလက်ဆေးခန်းတွင် လာရောက်ပြသနေကြစဉ်။

ဗီဒီယိုများ