- ICC ရှေ့နေ ကယ်ရင်ခန် လိင်မတော်မတရားမှုဖြင့် စစ်ဆေးခံနေရ
- စစ်ကောင်စီ၏ အငြိုးအတေး ပစ်မှတ်အောက်က မြို့ကျောက်တော်
- ဧရာဝတီ၊ ကွင်းကောက်မြို့အနီးက ကပျိုစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်
- ကြောက်မက်ဖွယ် လူသတ်ပွဲကြီး ဆင်နွှဲနေသည့် စစ်ကောင်စီ (Vox Pop)
- ပေါက်တောက ကျေးရွာအချို့တွင် သောက်သုံးရေ ပြတ်လပ်နေ
ရခိုင်တွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကို နှစ်ပတ်ကြာရပ်ဆိုင်းထား
ရခိုင်တွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကို နှစ်ပတ်ကြာရပ်ဆိုင်းထားကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ(စစ်တွေ)မှ သိရသည်။
05 Jan 2023

မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲ(စစ်တွေ) ယာယီပိတ်ထားမှုအား တွေ့ရစဉ်။
DMG ၊ ဇန်နဝါရီ ၅
ရခိုင်တွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကို နှစ်ပတ်ကြာရပ်ဆိုင်းထားကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ(စစ်တွေ)မှ သိရသည်။ ထို့သို့ ရပ်နားထားရခြင်းမှာ ကွန်ပျူတာစနစ် အဆင့်မြင့်တင်နေသောကြောင့် ယာယီရပ်နားထားခြင်းဖြစ်သည်ဟု စစ်တွေမြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနှင့် နီးစပ်သူတစ်ဦးက DMGသို့ပြောသည်။
“နှစ်ပတ်လောက်ပဲလို့ ပြောပါတယ်။ ရုံးပိတ်တာတော့ မဟုတ်ပါဘူး။ ကျနော်တို့အတွက် System မြင့်နေတဲ့အတွင်းမှာ ယာယီရပ်ခိုင်းထားတာပါ။ ဘယ်လိုမြင့်နေတာလဲဆိုတာတော့ ကျနော်လည်း မပြောတတ်ဘူးဗျ။ ဆော့ဖ်ဝဲလ်ပိုင်းကျတော့ ရန်ကုန်ကလုပ်တာပါ။ ကျန်တာက ကျနော်တို့ ပြောလို့မရပါဘူး။ ကျနော်တို့ရဲ့ အထက်လူကြီးတွေက ပြည်နယ်အားလုံးသုံးနေတဲ့ စက်တွေလုပ်နေတာကြောင့် ခဏလေးပိတ်ခိုင်းထားတာပါ။ နှစ်ပတ်လောက်ပါ။ နှစ်ပတ်တောင် ကြာချင်မှကြာမှပါ” ဟု ၎င်းက ပြောသည်။
စစ်တွေမြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ယာယီပိတ်ထားသော်လည်း ရန်ကုန်မှ တံဆိပ်ရိုက်ပြီးပို့ထားသည့် စာအုပ်များကို ဆက်လက်ထုတ်ပေးနေကြောင်း သိရသည်။
“ရန်ကုန်က ရိုက်ပြီးပို့ထားတဲ့ စာအုပ်တွေတော့ ကျနော်တို့ ထုတ်ပေးပါတယ်။ ကျန်တဲ့ ရေး,သွင်းစတာတွေကိုတော့ မလုပ်ပါဘူးဗျ”ဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနှင့် နီးစပ်သူက ဆက်လက်ပြောဆိုထားသည်။
စစ်တွေမြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ပိတ်ထားခြင်းဖြစ်ကြောင်း ရုံးနှင့် နီးစပ်သူများထံမှ သိရသည်။ ထို့သို့ ပိတ်ထားမှုကြောင့် နိုင်ငံကူးလက်မှတ်ပြုလုပ်ထားသူများမှာလည်း နိုင်ငံခြားသို့ထွက်ခွာရန်အတွက် အချိန်ကြန့်ကြာမှုများနှင့် ကြုံတွေ့နေကြရသည်။
ပြည်ပသို့ ထွက်ခွာမည့်သူတချို့မှာ မိမိတို့၏ အိမ်၊ ခြံ၊ ကျွဲ၊ နွား များကို ပေါင်နှံရောင်းချပြီး သွားရောက်နေကြသကဲ့သို့ တချို့မှာလည်း ပြည်ပထွက်ခွာမည့်ငွေကို အတိုးနှင့်ချေးကာ သွားရောက်နေကြကြောင်း သိရသည်။
“သူတို့က နိုင်ငံခြားသွားဖို့အတွက် ပက်စ်ပို့ကို ကိုယ့်နီးစပ်ရာ နီးစပ်ရာနဲ့ လုပ်ကြတယ်။ အဲဒါက ရှိလို့သွားကြတာမဟုတ်ဘူး။ ကျွဲရောင်း၊ နွားရောင်း ၊ ခြံရောင်း၊ အတိုးနဲ့ချေးပြီး ပက်စပို့လုပ်ထားတဲ့သူတွေမှာ အလုပ်မရှိအကိုင်မရှိနဲ့ ကြားမှာ အခုလို ပက်စ်ပို့ရုံးက ရပ်နားထားရင်တော့ အခက်အခဲတော့ ဖြစ်ကြမှာပဲ” ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးသန်းလှိုင်က ပြောသည်။
ပြည်ပသို့ ထွက်ခွာရန် နိုင်ငံကူးလက်မှတ်လာလုပ်သည့် အမျိုးသားတစ်ဦးကလည်း ရုံးပိတ်ထားသောကြောင့် နိုင်ငံကူးလက်မှတ်ရရှိရန် ရုံးဖွင့်အချိန်အထိ စောင့်နေရကြောင်း DMG သို့ ပြောသည်။
“ရန်ကုန်ကနေ ပက်စ်ပို့လုပ်မလို့ လာတာ ရုံးကပိတ်ထားတော့ ရုံးဖွင့်မယ့်အချိန်တစ်ခုထိတော့ စောင့်နေရတာပေါ့။ ပက်စပို့ရမှ နိုင်ငံခြားသွားရမှာဆိုတော့ ရမယ့်အချိန်တစ်ခု စောင့်နေရပါတယ် “ဟု စစ်တွေဒေသခံ မောင်ကျော်တင်ထွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်များအဆမတန် မြင့်တက်ကာ အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးလာသောကြောင့် ရခိုင်ဒေသခံများသည် လူမှု၊ စီးပွား၊ ဘဝရပ်တည်ရေးအတွက် ပြည်ပနိုင်ငံများကို ထွက်ခွာကာ အလုပ်လုပ်ကိုင်မှု များပြားလာနေခြင်းဖြစ်သည်။
#I001