အပစ်ရပ်ထားသော်လည်း ရခိုင်က မြို့နယ်အချို့တွင် စာသင်ကျောင်းများ ပြန်လည်မဖွင့်လှစ်နိုင်သေး

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)ကြား နှစ်ဖက်နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားသော်လည်း တကျော့ပြန်တိုက်ပွဲကာလအတွင်းက ယာယီပိတ်ခဲ့ရသော စာသင်ကျောင်းများထဲမှ အချို့မှာ လက်ရှိအချိန်ထိ ပြန်မဖွင့်နိုင်သေးကြောင်း ပညာရေးအသိုင်းအဝိုင်းများနှင့် ဒေသခံများထံမှ သိရသည်။

By Admin 06 Dec 2022

အပစ်ရပ်ထားသော်လည်း ရခိုင်က မြို့နယ်အချို့တွင် စာသင်ကျောင်းများ ပြန်လည်မဖွင့်လှစ်နိုင်သေး

ရခိုင်ပြည်အတွင်းက အစိုးရစာသင်ကျောင်းတစ်ခုတွင် ကျောင်းသား၊ သူများအား တွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၆

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)ကြား နှစ်ဖက်နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားသော်လည်း တကျော့ပြန်တိုက်ပွဲကာလအတွင်းက ယာယီပိတ်ခဲ့ရသော စာသင်ကျောင်းများထဲမှ အချို့မှာ လက်ရှိအချိန်ထိ ပြန်မဖွင့်နိုင်သေးကြောင်း ပညာရေးအသိုင်းအဝိုင်းများနှင့် ဒေသခံများထံမှ သိရသည်။

မြန်မာစစ်တပ်မှ သွားလာခွင့်ပိတ်ပင်ထားခြင်း၊ ကျေးရွာများအတွင်းတွင် တာဝန်ကျ ဆရာ/မများ မရောက်ရှိသေးခြင်း၊ ကျောင်းသား/သူများ မရှိသေးမှုတို့ကြောင့် မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်တို့မှ စာသင်ကျောင်းအချို့မှာ ပြန်လည်မဖွင့်လှစ်နိုင်သေးခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့မှ စတင်ကာ မြန်မာစစ်တပ်မှ မင်းပြားမြို့နယ်၊ ကြပ်စင်တံတားကို နှစ်လနီးပါးအထိ ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည့်အတွက် မင်းပြားမြို့နယ်မှ စာသင်ကျောင်းပေါင်း (၂၀)ခန့်မှာ ယခုအချိန်ထိ ပိတ်ထားရဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

“ ဆရာ/မတွေက မြို့ပေါ်ဒေသကဆိုတော့ မြို့ကနေ လာပြီးစာသင်ပြကြတယ်။ ဒါပေမဲ့ တိုက်ပွဲတွေဖြစ်တဲ့အချိန်က မြန်မာစစ်တပ်ကနေ ကြပ်စင်တံတားပေါ်မှာ တပ်စွဲလိုက်တော့ လမ်းကပိတ်သွားတယ်။ ဒါကြောင့် ဆရာ/မတွေကလည်း မလာရဲကြတော့ဘူး။ အခုအပစ်အခတ်ရပ်ထားလို့ တခြားနေရာတွေမှာ လမ်းဖွင့်ပေးပေမဲ့ ကျနော်တို့ဘက်မှာကတော့ လမ်းမဖွင့်ပေးလို့ ကျောင်းလည်း မဖွင့်နိုင်သေးဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဖလောင်းပြင် ကျေးရွာသားတစ်ဦးက ပြောသည်။

မင်းပြားမြို့နယ်၊ င/ တန်ပျင်းတံတားအနီးတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်တွင် မြန်မာစစ်တပ်မှ ကြပ်စင်တံတားပေါ်တွင် တပ်စွဲပြီး သွားလာခွင့်များ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် မင်းပြားမြို့နယ်မှ ဖလောင်းပြင်၊ ကျားပိုက်ကေ၊ ရေငန်ဆည်၊ ဂန်းချောင်း၊ အိုင့်ရွာ၊ငန်းချောင်း စသည့်ကျေးရွာ(၂၀)ခန့်တွင် တာဝန်ကျနေသည့် ဆရာ/မများမှာ သွားလာခွင့်မရရှိခဲ့သည့်အတွက် စာသင်ကျောင်းများကိုလည်း ပိတ်ထားခဲ့ရသည်။

လက်ရှိ တိုက်ပွဲများငြိမ်သက်နေချိန်တွင် အဆိုပါကျေးရွာများ၌ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပညာရေးဝန်ထမ်းများစုပေါင်းပြီး ကြိုးစားနေသည်ဟု ဖလောင်းပြင်ကျေးရွာတွင် တာဝန်ကျနေသည့် ကျောင်းဆရာတစ်ဦးက ပြောသည်။

“ ကျနော်တို့ ကျောင်းအုပ်ဆရာမကြီးပြောတာက ဆရာ/မတွေလည်း တံတားကိုမဖြတ်ရဘူးလို့ပြောတယ်။ ဒါကြောင့် ကျနော်တို့ ပညာရေးဝန်ထမ်းတွေ စုပေါင်းပြီး မော်တော်ဘုတ်လေးတွေနဲ့ ရေလမ်းကနေသွားဖို့အတွက် ကြိုးစားနေကြပါတယ်။ ဒီအပတ်တော့ ဖွင့်နိုင်မယ့်အနေအထားမရှိသေးပါဘူး။ နောက်အပတ်လောက် ဖွင့်နိုင်အောင်ကြိုးစားနေကြပါတယ်”ဟု ၎င်းက ပြောသည်။

ယင်းအပြင် ကျောက်တော်မြို့နယ်အတွင်းက နဂရာကျေးရွာနှင့် ရုပ်သားရွာကျေးရွာတို့တွင်လည်း ကျေးရွာသားများမှာ စစ်ဘေးတိမ်းရှောင်နေကြဆဲဖြစ်သည့်အတွက် စာသင်ကျောင်းများကို ပိတ်ထားရဆဲဖြစ်သည်ဟု နဂရာကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းကပြောသည်။

“ ရွာမှာက လူတွေမရောက်ကြသေးဘူး။ စပါးရိတ်သိမ်းဖို့ရောက်နေကြတဲ့ လယ်သမားအချို့လောက်သာရှိတယ်။ ကျောင်းသားတွေကလည်း မရှိဘူး။ မနေ့ကတော့ ဆရာ/မတွေ ရွာအခြေနေကိုကြည့်ဖို့ ရောက်လာကြတယ်။ ဒါပေမဲ့ ရွာသားတွေမရောက်သေးတော့ ပြန်သွားကြတယ်။ ရွာသားတွေကလည်း တိုက်ပွဲတွေ ထပ်ဖြစ်မှာတို့၊ လက်နက်ကြီးတွေနဲ့ ထပ်ပစ်မှာတို့ကို ကြောက်ပြီး မလာရဲကြသေးဘူး" ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးအပတ်တွင် အဆိုပါကျေးရွာများအတွင်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒေသခံများမှာ ရွာလုံးကျွတ်ထွက်ပြေးခဲ့ရကာ စာသင်ကျောင်းကိုလည်း ပိတ်ထားခဲ့ရခြင်းဖြစ်သည်။

အလားတူ သြဂုတ်လအတွင်းက တိုက်ပွဲဖြစ်ပွားမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရသေ့တောင်မြို့နယ်မှ ရက်ခုန်တိုင်၊ သမီးလှ၊ ရေမျက်၊ ကုလားချောင်း၊ ညောင်ပင်လှ၊ ဗောဓိကုန်း၊ ကျောက်ရန်သာစည်၊ ပြိန်းတော၊ မောင်ဖြူရွာ၊ စသည့်ကျေးရွာများမှ စာသင်ကျောင်း (၁၀)ကျောင်းခန့် ယာယီပိတ်ထားခဲ့ရသည်။

လက်ရှိဒေသတည်ငြိမ်နေချိန်တွင် ပိတ်ထားခဲ့ရသည့်စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နေပြီဖြစ်သော်လည်း ပြိန်းတောကျေးရွာတွင် တာဝန်ကျဆရာ/မများ အစုံမရောက်ရှိသေးသဖြင့် စာသင်ကျောင်းအား မဖွင့်လှစ်နိုင်သေးဟု တာဝန်ကျကျောင်းဆရာ ဦးအောင်ဆန်းဦးက ပြောသည်။

“ ရွာသားတွေကတော့ ရောက်နေကြပါပြီ။ ဆရာ/မတွေကိုလည်း အတတ်နိုင်ဆုံးတော့ ပြန်လာဖို့ပြောထားပါတယ်။ နောက်ပြီး ကျောင်းအုပ်ကြီးကလည်း ကျန်းမာရေးမကောင်းလို့ မလာနိုင်သေးတော့ ကျောင်းအုပ်ရောက်မှပဲ ကျောင်းဖွင့်ဖို့ စီစဉ်ထားပါတယ်။ ကျနော်တို့ကျောင်းက ပိတ်ထားတာ ၃လနီးပါးရှိနေပြီဆိုတော့ ကျောင်းသူ၊ ကျောင်းသားတွေအတွက်လည်း နစ်နာမှုရှိတာပေါ့”ဟု ၎င်းက ဆိုသည်။

ရခိုင်ကမြို့နယ်အချို့တွင် ယာယီပိတ်ထားရဆဲဖြစ်သည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် အခြေအနေနှင့်ပတ်သက်၍ သိရှိနိုင်ရန်အတွက် ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်အား မေးမြန်းရာတွင် “ ကျေးရွာတွေမှာ တာဝန်ကျနေတဲ့ ဆရာ/မတွေအနေနဲ့ အရင်လို မြို့ကနေသွားပြီး စာသင်ပြတာမျိုးမလုပ်ဘဲ တာဝန်ကျ ရွာတွေမှာပဲနေပြီး စာသင်ဖို့အတွက် မြို့နယ်ပညာရေးမှူးတွေကို ညွှန်ကြားထားပါတယ်။ အဲဒီတော့ မြို့နယ်ပညာရေးမှူးကတဆင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကို တင်ပြပြီးတော့ ပညာရေးဝန်ထမ်းတွေ တာဝန်ကျတဲ့ရွာတွေမှာ နေထိုင်ရေးအတွက် မိဘတွေနဲ့တိုင်ပင်ပြီး စီစဉ်ပေးဖို့ညွှန်ကြားထားပါတယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းမှစတင်ကာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့၏ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲများကြောင့် ရခိုင်ပြည်အတွင်းမှ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တို့မှ စာသင်ကျောင်း ၅၀ ခန့်မှာ ယာယီပိတ်ထားခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာစစ်တပ်နှင့် AA တို့သည် နိုဝင်ဘာလ ၂၆ ရက်နေ့မှစတင်ကာ နှစ်ဖက်နားလည်းမှုဖြင့် အပစ်အခတ်ရပ်စဲထားကြပြီး မြန်မာစစ်တပ်ဘက်မှ ရခိုင်နှင့် ပလက်ဝဒေသတို့တွင် သွားလာခွင့်ပိတ်ပင်ထားသည့် ကုန်လမ်း၊ ရေလမ်းအချို့ကို ပြန်လည်ဖွင့်ပေးခြင်းများရှိလာသည်။

ဗီဒီယိုများ