စစ်ဘေးရှောင်များကို လုံခြုံရေးအာမခံချက်မပေးနိုင်ဘဲ နေရပ်ပြန်ခိုင်းမှုကို AA ဝေဖန်

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အပစ်ခတ်ရပ်စဲပြီးနောက် နေရပ်ပြန်သွားကြသူများ ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၆၆,၃၉၅ ဦးအထိ ကျန်နေသေးကြောင်း ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။ 

By Admin 28 Feb 2023

စစ်ဘေးရှောင်များကို လုံခြုံရေးအာမခံချက်မပေးနိုင်ဘဲ နေရပ်ပြန်ခိုင်းမှုကို AA ဝေဖန်

DMG ၊ ဖေဖော်ဝါရီ ၂၈ 

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကာ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြသူများကို စစ်ကောင်စီက လုံခြုံရေးအာမခံချက် မပေးနိုင်ဘဲ နေရပ်ပြန်ခိုင်းနေမှုမှာ “ပြည်သူလူထုကို ပိုမိုခက်ခဲအောင် လုပ်ဆောင်နေခြင်း” ဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA)က ဝေဖန်လိုက်သည်။

လက်ရှိမှာ စစ်ကောင်စီတပ်များသည် ကျေးရွာအနီးအနားတွင် တပ်စွဲနေထိုင်မှုများ ရှိနေသေးပြီး မိုင်းရှင်းလင်းပေးမှုလည်းမရှိဘဲ၊ စစ်ဘေးရှောင်များကို ငွေကြေးတချို့ပေးပြီး ဖိအားပေးနေရပ်ပြန်ခိုင်းနေသည်ဟု ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

“မြန်မာစစ်တပ်ဟာ ရခိုင်ပြည်က စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ငွေကြေးတချို့ပေးပြီးတော့ ပြည်သူတွေဆန္ဒမပါဘဲ အတင်းအဓ္ဓမ ဖိအားပေး နေရပ်ပြန်ခိုင်းတာတွေလည်း ရှိပါတယ်။ ပြည်သူ့လုံခြုံရေးနဲ့ လူမှုဘဝအေးချမ်းရေးကို အာမခံချက်မပေးဘဲနဲ့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်းတာဟာ ပြည်သူလူထုကို ပိုပြီးတော့ အခက်အခဲဖြစ်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ် ”  ဦးခိုင်သုခက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမအပတ်အတွင်းက စစ်ကောင်စီဝန်ကြီးများဖြစ်သည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တို့အဖွဲ့သည် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့် မြို့နယ်တို့က စစ်ဘေးရှောင်စခန်းများသို့သွားရောက်ကာ စစ်ဘေးရှောင်များကို မိမိနေရပ်သို့ပြန်ကြရန်အတွက် ဖိအားပေးခဲ့သည်။  

ယင်းနောက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများက စစ်ဘေးရှောင်များကို အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅ သိန်းနှင့် စားနပ်ရိက္ခာတစ်လစာအပြင်  လူသုံးကုန်ပစ္စည်းတချို့ပေးကာ နေရပ်ပြန်ခိုင်းမှုများကို လုပ်ဆောင်ခဲ့သည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း မင်းပြားမြို့နယ်က စစ်ဘေးရှောင် ၂,၀၀၀ ကျော်ကို ဒေသတည်ငြိမ်အေးချမ်းနေပြီ ဟုဆိုကာ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅ သိန်းနှင့် စားနပ်ရိက္ခာတစ်လစာပေးပြီး နေရပ်ပြန်ခိုင်းခဲ့သည်။ 

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများမှာ တောတောင်ကိုအမှီပြု၍ လုပ်ကိုင်စားသောက်ကြသူများဖြစ်၍ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိချိန်တွင် မိုင်းအန္တရာယ်ကြောင့် လုပ်ကိုင်စားသောက်ဖို့အတွက် အခက်တွေ့နေကြရသည်။ 

မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ ဒေါ်ဇင်မာနွယ်က “ ကျေးရွာမှာ လုပ်ကိုင်စားသောက်ဖို့ ဘာမှမရှိဘူး။ ကျမတို့က တောတောင်မှီခိုပြီး အဓိက စားဝတ်နေရေးဖြေရှင်းကြတာပါ။ လယ်ယာလည်း မလုပ်ခဲ့ကြဘူး။ အခုက မိုင်းရှင်းလင်းတာမရှိတော့ ကျမတို့မှာ တောတောင်တွေကိုသွားပြီး အလုပ်မလုပ်ရဲဘူး ဖြစ်နေတယ်။ ရေရှည်မှာ ပိုပြီးခက်ခဲမှာပါ” ဟု ပြောသည်။ 

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အပစ်ခတ်ရပ်စဲပြီးနောက် နေရပ်ပြန်သွားကြသူများ ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၆၆,၃၉၅ ဦးအထိ ကျန်နေသေးကြောင်း ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။ 

လက်ရှိမှာ ၎င်းတို့ ယာယီနေထိုင်နေကြသည့် အဆောက်အဦးများမှာ ပြိုကျပျက်စီးနေပြီး စားနပ်ရိက္ခာအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းများလည်း လိုအပ်နေသည့်အတွက် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများအနေဖြင့် ကူညီထောက်ပံပေးကြရန် AA က တိုက်တွန်းထားသည်။ 

“လူသားချင်းစာနာမှုကို အဓိကဆောက်ရွက်ပေးနေတဲ့ နိုင်ငံတကာအဖွဲအစည်းတွေလည်း ကူညီထောက်ပံ့မှုနည်းလာတဲ့အတွက် စစ်ဘေးရှောင်တွေဟာ အတိဒုက္ခရောက်နေကြရတယ်။ ဒါကြောင့် လူမှုကူညီမှုတွေကိုလုပ်နေကြတဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီမှုတွေကို ကူညီထောက်ပံ့ပေးကြဖို့ အများကြီးလိုအပ်နေတယ်” ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။ 

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသူများမှာ တိုက်ပွဲကာလအတွင်း နေအိမ်မီးရှို့ခံရခြင်း၊ နေအိမ်များအလိုအလျောက် ပျက်စီးသွားခြင်းများကြောင့် မိမိနေရပ်သို့ပြန်သွားလျှင်လည်း နေထိုင်ရန်အိမ်မရှိ ဖြစ်နေကြသည်။ 

ယင်းအပြင် လက်ရှိမှာ တိုက်ပွဲများရပ်တန့်နေသော်လည်း လုံးဝစိတ်ချရသည့်အခြေအနေ မဟုတ်သဖြင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။ 

“နေရပ်ပြန်ပို့မယ်ဆိုရင်လည်း ကျနော်တိုက မပြန်ချင်ဘူး။ အခုက အတင်းပြန်ခိုင်းတယ်ဆိုပြီးတော့ သတင်းတွေလည်းကြားနေရတယ်။ တကယ်လို့ ပြန်သွားပြီးမှ တိုက်ပွဲပြန်ဖြစ်လာရင် ကျနော်တို့မှာ ထပ်ပြီးတော့ ဒုက္ခတွေရောက်ကြမယ်။ စိတ်ချရတဲ့ အနေထားတစ်ခုရောက်မှ ပြန်ချင်ပါတယ်” ဟု မြောက်ဦးမြို့၊ မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းမှ ဦးမောင်မောင်သိန်းက ပြောသည်။ 

ရခိုင်ပြည်အတွင်း တိုက်ပွဲရပ်တန့်နေသည်မှာ ၃ လအထိ ကြာမြင့်လာပြီဖြစ်သော်လည်း အာမခံချက် အပြည့်အဝရှိသည့်အနေအထားဟု ပြောဆို၍မရသေးဘဲ စစ်ကောင်စီ၏လုပ်ဆောင်ချက်ပေါ်မှာသာ မူတည်ပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်း AA က ပြောဆိုထားသည်။ 

#R010

ဗီဒီယိုများ