ပလက်ဝတွင် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့

ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ ဗျုဟာကုန်းစခန်းများကို AA က နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် ပလက်ဝမြို့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည်။  

By Admin 15 Nov 2023

ချင်းပြည်နယ် ပလက်ဝမြို့ ။ ဓာတ်ပုံ Photo: chintravel.com
ချင်းပြည်နယ် ပလက်ဝမြို့ ။ ဓာတ်ပုံ Photo: chintravel.com

DMG ၊ နိုဝင်ဘာ ၁၅

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်နေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းကြောင်းများနှင့် မြို့အဝင်အထွက်ကို ပိတ်ပင်ထားကြောင်း ဒေသခံများက ပြောသည်။ 

ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းကိုလည်း နိုဝင်ဘာလ ၁၃ ရက်တွင် ပိတ်ပင်လိုက်သည်။ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ ဗျုဟာကုန်းစခန်းများကို AA က နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် ပလက်ဝမြို့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည်။  

“တရွန်အိုင်ဖက်မှာ တိုက်ပွဲဖြစ်ကတည်းက စစ်ကောင်စီက မြို့အဝင်အထွက်ကိုရော အားလုံးကို ပိတ်ထားတယ်။ ဘယ်ကိုမှ သွားလို့မရဘူး။ မြို့ထဲက တောင်ကုန်းတွေမှာလည်း စစ်ကောင်စီက နေရာယူထားတာတွေကို တွေ့ရတယ်” ပလက်ဝမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ကုန်လမ်း၊ ရေလမ်းများကို ပိတ်ပင်ထား၍ ပလက်ဝမြို့တွင် ကုန်ဈေးနှုန်းများမှာ ယခင်ထက် နှစ်ဆနီးပါးထိ မြင့်တက်နေသည်။ ယခင်က ငွေကျပ် ၆၀,၀၀၀ ရှိခဲ့သည့် ဆန်ကြမ်းတစ်အိတ်မှာ ယခုအခါ ငွေကျပ် ၁၀၀,၀၀၀ ခန့်အထိ မြင့်တက်နေပြီး အခြားအခြေခံစားသောက်ကုန်များမှာလည်း အဆမတန်မြင့်တက်နေကြောင်း သိရသည်။

 “ကျောက်တော် - ပလက်ဝ လမ်းကြောင်းကို ပိတ်လိုက်တော့ ပလက်ဝမှာ ကုန်စျေးနှုန်းတွေက နှစ်ဆလောက် ထိုးတက်သွားတယ်။ လမ်းတွေကို တာရှည်ပိတ်ထားရင် တော်တော်လေးကို ခက်ခဲမှုရှိလာနိုင်တယ်” ဟု ပလက်ဝမြို့ခံ နောက်ထပ်အမျိုးသမီးတစ်ဦးက ပြောသည်။ 

ပလက်ဝဒေသခံများမှာ ကုန်စည်ပစ္စည်းများကို ရခိုင်ပြည်၊ ကျောက်တော်မြို့မှ အဓိကဝယ်ယူနေခြင်းဖြစ်ပြီး ကုန်းလမ်း၊ ရေလမ်းများကို ပိတ်လိုက်သဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်လာမည်ကို စိုးရိမ်နေကြသည်။ 

ပလက်ဝမြို့နယ်ရှိ တရွန်အိုင်ဗျူဟာနှင့် နှုံးဘူးဗျူဟာ တပ်စခန်းနှစ်ခုကို AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံနေသော်လည်း ဆက်လက် ထိုးစစ်ဆင်လျက်ရှိသည်ဟု နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။  

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်တွင် “တရွန်အိုင်နှင့် နှုံးဘူးဗျူဟာကုန်းတို့ကို AA က လာရောက်တိုက်ခိုက်ခဲ့သော်လည်း အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်” ဟု ဖော်ပြသည်။ 

ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင်လည်း ပလက်ဝမြို့နယ်၊ တရွန်အိုင်ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများပြင်းထန်နေသဖြင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ 

“တရွန်အိုင်ဖက်မှာ ဒီနေ့မနက်ပိုင်းကလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ သိရတယ်။ ကျေးရွာသားတွေအကုန်လုံး နီးစပ်ရာရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်” ဟု ပလက်ဝဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တရွန်အိုင်ကျေးရွာမှ ဒေသခံ ၄ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိသွားကြောင်း DMG က လတ်တလောစုံစမ်းချက်အရသိရပြီး၊ ထိခိုက်သေဆုံးသူ အရေအတွက်မှာ ယခုထက်ပိုများနိုင်ကြောင်း ပလက်ဝဒေသခံများက ပြောသည်။ 

စစ်ကောင်စီနှင့် AA တို့၏ ယခုတတိယအကြိမ် တိုက်ပွဲများသည် ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ ချိန်ခါလိန်နှင့် ဒုံးပိုက်နယ်ခြားစောင့် တပ်စခန်းများကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်  နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်လာခဲ့သည်။ ယင်းနောက် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ ဗျုဟာကုန်းများကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ပလက်ဝမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။

#D007 #DMG

ဗီဒီယိုများ