တာဝါကုန်းစခန်း AA သိမ်းပြီးနောက် နတ်ရေကန်တိုက်ပွဲ ပြင်းထန်လာ

ရခိုင်ပြည်နှင့် မကွေးတိုင်းနယ်စပ်၊ ငဖဲမြို့နယ်အပိုင် အမ်း- ပဒါန်းလမ်း ရိုးမတောင်ပေါ်မှ စစ်ကောင်စီ၏ MPT ဆက်သွယ်ရေး တာဝါတိုင်ကုန်းစခန်းကို AA က သိမ်းပိုက်ပြီးနောက် ယင်းအနီးရှိ နတ်ရေကန် ဗျူဟာကုန်းတိုက်ပွဲမှာလည်း ပြန်လည်ပြင်းထန်လာကြောင်း သိရသည်။

By Admin 05 Jun 2025

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်ကောင်စီ၏ မြောက်ဦးအခြေစိုက် ခမရ (၃၇၇) နှင့် ခမရ (၃၇၈) တို့ကို သိမ်းပိုက်ပြီးနောက် သိမ်းဆည်းမိသည့် လက်နက်ခဲယမ်းများနှင့် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်ကောင်စီ၏ မြောက်ဦးအခြေစိုက် ခမရ (၃၇၇) နှင့် ခမရ (၃၇၈) တို့ကို သိမ်းပိုက်ပြီးနောက် သိမ်းဆည်းမိသည့် လက်နက်ခဲယမ်းများနှင့် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk

DMG ၊ ဇွန် ၅

ရခိုင်ပြည်နှင့် မကွေးတိုင်းနယ်စပ်၊ ငဖဲမြို့နယ်အပိုင် အမ်း- ပဒါန်းလမ်း ရိုးမတောင်ပေါ်မှ စစ်ကောင်စီ၏ MPT ဆက်သွယ်ရေး တာဝါတိုင်ကုန်းစခန်းကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ပြီးနောက် ယင်းအနီးရှိ နတ်ရေကန် ဗျူဟာကုန်းတိုက်ပွဲမှာလည်း ပြန်လည်ပြင်းထန်လာကြောင်း သိရသည်။

MPT တာဝါတိုင်ကုန်းကို ယမန်နေ့ (ဇွန် ၄ ရက်)တွင် AA နှင့် ပူးပေါင်းတပ်များက အပြီးသတ်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် ပြီးခဲ့သည့် လကုန်ပိုင်းကနေ ရပ်တန့်နေသည့် နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲများသည် ယခုအခါတွင် ပြန်လည်ပြင်းထန်လာနေသည်။

" သုံးလေးရက်လောက် တိုက်ပွဲဆက်တိုက်ဖြစ်ပြီးမှ ပူးပေါင်းတပ်တွေဘက်က မနေ့က လုံးဝ အပြတ်သိမ်းလိုက်တာ။ အသိမ်းခံရတဲ့ရက်က စစ်ကောင်စီ ဒဏ်ရာရတဲ့ စစ်သားတွေကို ကား ၅ စီးနဲ့ ပဒါန်းဖက် ပြန်သယ်သွားတာ ရှိတယ် " ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် နတ်ရေကန်တိုက်ပွဲသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပြင် အနီးနားရှိ ဘုံဘောခမောက် တောင်စခန်းမှ လက်နက်ကြီးပစ်ကူများလည်း ပေးနေကြောင်းလည်း သိရသည်။

ထို့အတူ ယနေ့ နံနက်ပိုင်းက ငဖဲမြို့နယ်၊ ပဒါန်းမြို့ အခြေစိုက် အမှတ်(၉၀၅) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်မှ စစ်ကား ၈ စီးထက်မနည်းမှာ နတ်ရေကန်ဗျူဟာကုန်းသို့ အင်အားဖြည့် ချီတက်သွားကြောင်း သိရသည်။

ယင်းအပြင် ယမန်နေ့ (ဇွန်၄) ညနေပိုင်းတွင် နတ်ရေကန်ဗျူဟာသို့ မစခ (၉၀၅) မှ စစ်ကား ၄ စီးမှာ လူအင်အားအပြည့်ဖြင့် ပဇီကျေးရွာမှ တစ်ဆင့် အင်အားထပ်ဖြည့်တင်းခဲ့သည်။

" မနေ့က နတ်ရေကန်ဘက်ကို အင်အားထပ်ပို့တယ်။ ဒီနေ့ မနက်ကလည်း ထပ်ပို့ ပြန်ပြီ။ ဗျူဟာထဲစခန်း ကုန်းတွေ သိပ်မကျန်တော့ နတ်ရေကန်ကို လက်လွှတ်ရမှာစိုးလို့ အရင်ထက်ပိုပြီး အင်အားဆက်တိုက်ပို့နေတယ် " ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များမှာ ဖေဖော်ဝါရီလဆန်းပိုင်းမှ စ၍ အမ်း- ပဒါန်းလမ်းပိုင်းကို ပိတ်ဆို့ဖြတ်တောက်ကာ နတ်ရေကန်ဗျူဟာကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

လက်ရှိတွင် အပစ်ရပ်ကာလ တစ်လ ထပ်တိုးကြောင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီက ရိုးမပေါ်ရှိ နေရာများကို စစ်ကြောင်းထိုး ထိုးစစ်ဆင်ရာမှ တိုက်ပွဲတစ်ဖန် ပြန်လည် ပြင်းထန်လာနေခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။