ပုဏ္ဏားကျွန်းက စစ်ဘေးရှောင်စခန်းတွင် လေးနှစ်ကြာခိုလှုံနေရသူ ၅၀၀ ကျော် နေရပ်ပြန်

စက်မှုဇုန်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များကို နေရပ်ပြန်ကြရန်အတွက် စစ်ကောင်စီဝန်ကြီးများက ယခုနှစ် ဖေဖော်ဝါရီလအတွင်း နှစ်ကြိမ်တိုင် စခန်းသို့လာရောက်ပြောဆိုခဲ့သည်။

By Admin 03 Mar 2023

စက်မှုဇုန်စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေကြသူများ နေရပ်ပြန်နေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Arakan Bay News
စက်မှုဇုန်စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေကြသူများ နေရပ်ပြန်နေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Arakan Bay News

DMG ၊ မတ် ၃ 

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ စက်မှုဇုန်စစ်‌ဘေးရှောင်စခန်းတွင် လေးနှစ်ကြာအထိ ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅၃၂ ဦးမှာ ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ နံနက် ၈ နာရီခန့်တွင် နေရပ်ပြန်သွားကြပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ 

စက်မှုဇုန်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်အားလုံး နေရပ်ပြန်သွားကြခြင်းဖြစ်ပြီး နေရပ်သူများကို စစ်ကောင်စီမှ ငွေကျပ်ခြောက်သိန်းနှင့် ဆန်တစ်လစာ ထောက်ပံ့ပေးကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများက ပြောသည်။

“အိမ်ထောင်စုတစ်ခုကို ပိုက်ဆံ ခြောက်သိန်း၊ ဆန်တစ်လစာနဲ့ တခြားအိမ်သုံးပစ္စည်း နည်းနည်းပေးပါတယ်။ ဆန်တစ်လစာဆိုတာက လူတစ်ယောက်ကို ငွေကိုးထောင်စီနှုန်းနဲ့ပေးတာပါ။ ဆန်အစား ပိုက်ဆံပေးတာပေါ့။ အဲဒီလိုမျိုး ဆန်အစား ပိုက်ဆံထောက်ပံ့မှာကတော့  သုံးလစာအထိ ထောက်ပံ့မယ်ပြောပါတယ်။ လက်ရှိကတော့ တစ်လစာပဲ ပါသေးတယ်။ မနက်က နေရပ်ပြန်ဖို့ ပိုက်ဆံလာပေးတဲ့အထဲမှာ ရဲ၊ စစ်သား၊ ထွေအုပ်တို့ပါပါတယ်” ဟု  စခန်းတာဝန်ခံ ကိုသန်းဌေးက ပြောသည်။ 

နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်၊ ကျောက်ဆိပ်၊ ပိန္နဲတော၊ ဒိုးတန်း ကျေးရွာနှင့် ပလက်ဝမြို့နယ်၊ နှမဒါ ကျေးရွာတို့မှဖြစ်ပြီး ၎င်းတို့မှာ ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက  မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သူများဖြစ်သည်။

စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာထောက်ပံ့မှုများ မရရှိဘဲ ခက်ခဲစွာနေထိုင်နေရသဖြင့် နေရပ်ပြန်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု နေရပ်ပြန်သွားသည့် သာစည်ကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။   

“ကျနော်တို့ကလည်း ဒီမှာဆက်နေရင် အဲဒီအစိုးရဆီကလည်း စားနပ်ရိက္ခာတစ်ခုမှ မထောက်ပံ့ဘူး။ အခုနောက်ပိုင်းက စခန်းမှာ နေထိုင်စားသောက်ရတာ အရမ်းကျပ်တည်းတော့ ကိုယ့်ရွာမှာပဲ သွားနေတော့မယ်လို့ ဆုံးဖြတ်လိုက်တာ” ဟု သူက ပြောသည်။ 

စက်မှုဇုန်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များကို နေရပ်ပြန်ကြရန်အတွက် စစ်ကောင်စီဝန်ကြီးများက ယခုနှစ် ဖေဖော်ဝါရီလအတွင်း နှစ်ကြိမ်တိုင် စခန်းသို့လာရောက်ပြောဆိုမှုများ ရှိခဲ့ကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များသည် မိမိနေရပ်မှနေအိမ်များကို ပြန်လည်ပြုပြင်ပေးရန်နှင့် မိုးရှင်းလင်းရေးများပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြသော်လည်း စစ်ကောင်စီက ဆောင်ရွက်ပေးမည်ဟု တစ်စုံတစ်ရာ ပြောဆိုမှုမရှိကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ 

“ရွာမှာက အိမ်တွေက လူမနေတာကြာတော့ အကုန်ပျက်စီးကုန်ပြီ။ အဲဒါကြောင့် သူတို့ဆီက အိမ်တွေကို လုပ်ပေးဖို့နဲ့ မိုင်းရှင်းလင်းရေးလုပ်ပေးဖို့ တောင်းဆိုခဲ့တာတွေ ရှိတယ်။ ဒါပေမယ့် သူတို့ကတော့ လုပ်ပေးမယ်လို့ မပြောခဲ့ပါဘူး” ဟု နေရပ်ပြန်သွားသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ စစ်ဘေးရှောင်အမျိုးသမီး မခင်စိုးနွယ်က ပြောသည်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း မင်းပြားမြို့နယ်တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များကို စစ်ကောင်စီက ငွေကျပ် ၅ သိန်းပေးကာ နေရပ်ပြန်ခိုင်းသည့်အတွက် စစ်ဘေးရှောင် ၂,၀၀၀ ကျော် နေရပ်ပြန်သွားခဲ့သည်။ 

ရခိုင်နှင့် ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲကြောင့် သြဂုတ်လမှ အောက်တိုဘာလ ၁၁ ရက်နေ့ အထိ စစ်ဘေးရှောင်ဦးရေ ၁၆,၀၀၀ ရှိလာပြီး ယခင်တိုက်ပွဲကာလက နေရပ်မပြန်နိုင်သေးသည့် လူဦးရေနှင့်ပေါင်းလျှင် ၉၀,၀၀၀ကျော်အထိရှိနေကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း စစ်ကောင်စီစာရင်းများတွင် ရခိုင်ပြည်အတွင်း နေရပ်မပြန်နိုင်သည့် စစ်ဘေးရှောင်ဦးရေ ၆၀,၀၀၀ ကျော်သာရှိကြောင်း ထုတ်ပြန်ထားသည်။

#R005

ဗီဒီယိုများ