ဘုရားသုံးဆူ မြို့မရဲစခန်းတိုက်ခိုက်ခံရပြီး မြို့အနီး၌ တိုက်ပွဲဖြစ်

ယနေ့ နံနက် ၆ နာရီအချိန်၌ KNLA နှင့် ပူးပေါင်းတော်လှန်ရေးအဖွဲ့က မြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဘက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

By Admin 25 Feb 2023

ဘုရားသုံးဆူ မြို့မရဲစခန်းတိုက်ခိုက်ခံရပြီး မြို့အနီး၌ တိုက်ပွဲဖြစ်

DMG ၊ ဖေဖော်ဝါရီ ၂၅

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ မြို့မရဲစခန်းတိုက်ခိုက်ခံရပြီးနောက် မြို့အနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၆ နာရီအချိန်၌ KNLA နှင့် ပူးပေါင်းတော်လှန်ရေးအဖွဲ့က မြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဘက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကာ ရဲစခန်းခြံဝင်းအတွင်း မီးလောင်မှုများရှိကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဘုရားသုံးဆူ မြို့ခံတစ်ဦးက ပြောသည်။

“မနက် ၆ နာရီလောက်က မြို့မရဲစခန်းထဲမှာ သေနတ်ပစ်သံတွေရော လက်နက်ကြီးနဲ့ပစ်တဲ့ အသံတွေပါ ကြားရတယ်။ ရဲစခန်းထဲမှာ မီးတွေလောင်နေတာ တွေ့ခဲ့ရတယ်။ တိုက်ပွဲဖြစ်တာ ၄ နာရီနီးပါး ကြာတယ်။ မနက် ၁၀ နာရီခွဲမှ ပစ်ခတ်သံတွေ ရပ်သွားတယ် ” ဟု ၄င်းကပြောသည်။

ယင်းတိုက်ပွဲအတွင်း မြို့ဘုရားတောင်စခန်းကုန်းမှ နယ်ခြားစောင့်တပ်(BGF) နှင့် စစ်ကောင်စီပူးပေါင်းအဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ကူများပေးခဲ့ပြီး မြို့အတွင်းရှိ နေအိမ်အချို့ လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

“ရဲစခန်းနဲ့နီးတဲ့ သီရိရတနာဘက်ကို လက်နက်နက်ကြီး မှန်တယ်။ စစ်တပ်ကပဲပစ်တာ။ အိမ် ၃ လုံး ထိသွားတယ် ” ဟု မျက်မြင်တွေ့ရှိရသည့် အမှတ် ၁ ရပ်ကွက် မြို့ခံတစ်ဦးက ဆိုသည်။

လက်ရှိမှာ ဘုရားသုံးဆူမြို့တွင် နေ့လည် ၁ နာရီခွဲကျော် အချိန်မှစပြီး စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF) တို့မှ မြို့အတွင်းအပြင်ကို အသွားအလာပိတ်ဆို့ထားပြီး လမ်းမများတွင် လူအသွားအလာ ကင်းမဲ့နေကြောင်း သိရသည်။

“အခု မြို့ထဲမှာတော့ လူအသွားအလာ သိပ်မရှိတော့ဘူး။ စစ်တပ်တွေ BGF တော့ မြို့အဝင်အထွက်မှာ ပိတ်ပြီးစစ်ဆေးနေတာရှိတယ်”  ဟု ဘုရားသုံးဆူရဲစခန်းအနီး နေထိုင်သူတစ်ဦးက ပြောသည်။

ဒေသခံများပြောပြချက်အရ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ဒဏ်ရာရသေဆုံးမှုများ ရှိသော်လည်း အသေးစိတ်ကို မသိရသေးကြောင်း ဆိုသည်။

ဘုရားသုံးဆူ မြို့မရဲစခန်း တိုက်ခိုက်ခံရမှုနှင့် ပက်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသော ဘုရားသုံးဆူမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း မြို့နယ်ထွေအုပ်ရုံး၊ စရဖရုံး၊ လ.ဝ.ကရုံးနှင့် မြေစာရင်းရုံးတို့ကို KNLA ပူးပေါင်းအဖွဲ့တို့က တပြိုင်နက် စီးတိုက်ခိုက်မီးရှို့ခဲ့မှုများရှိခဲ့သည်။

#F004

ဗီဒီယိုများ