ပုဏ္ဏားကျွန်းတွင်  ဗုံးသီးပေါက်ကွဲမှုကြောင့် ကျောင်းသား ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

ဖြစ်စဉ်မှာ မနေ့ည ၉ နာရီခန့်အချိန်က ကိုအမောင်ချေဆိုသူမှာ အရက်မူးမူးဖြင့် လက်ပစ်ဗုံးတစ်လုံးယူလာကာ ဦးအေးထွန်းလှ၏ ဈေးဆိုင်အတွင်း၌ စနက်တံကိုဖွင့်လိုက်၍ ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း ကုန်းတန်းကြိမ်ချောင်းကျေးရွာမှ ဒေသခံတစ်ဦးက DMG သို့ ပြောသည်။

By Admin 04 Feb 2023

ပုဏ္ဏားကျွန်းတွင်  ဗုံးသီးပေါက်ကွဲမှုကြောင့် ကျောင်းသား ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

ဓာတ်ပုံ - ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံ (Facebook Page)

DMG ၊ ဖေဖော်ဝါရီ ၄

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊  ကုန်းတန်းကြိမ်ချောင်းကျေးရွာတွင် ဖေဖော်ဝါရီ ၃ ရက်၊ ညနေ ၉ နာရီခန့် အချိန်တွင် ဗုံးသီးပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

သေဆုံးသွားသူတို့မှာ အသက် ၁၂ နှစ်အရွယ် ၇ တန်း ကျောင်းသားများဖြစ်သော  မောင်နေလင်းဌေး၊ မောင်တင်မောင်စိုး တို့ဖြစ်ပြီး ခြေလက်တို့တွင် ဒဏ်ရာရရှိကာ ပုဏ္ဏားကျွန်းဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။ 

ဒဏ်ရာရရှိသူများမှာ အသက် ၁၂ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်မျိုးလင်းနိုင်နှင့် မောင်မင်းထက်ကျော်၊ အသက် ၅၀ ကျော်အရွယ် ဦးအေးထွန်းလှ၊ အသက် ၃၀ အရွယ် ကိုအမောင်ချေ တို့ဖြစ်သည်။ 

ယင်းထဲမှ တံတောင်ဆစ်တွင် ဒဏ်ရာရရှိသွားသော မောင်မင်းထက်ကျော် မှလွဲ၍ ကျန် ၃ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ဖြစ်စဉ်မှာ မနေ့ည ၉ နာရီခန့်အချိန်က ကိုအမောင်ချေဆိုသူမှာ အရက်မူးမူးဖြင့် လက်ပစ်ဗုံးတစ်လုံးယူလာကာ ဦးအေးထွန်းလှ၏ ဈေးဆိုင်အတွင်း၌ စနက်တံကိုဖွင့်လိုက်၍ ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း ကုန်းတန်းကြိမ်ချောင်းကျေးရွာမှ ဒေသခံတစ်ဦးက DMG သို့ ပြောသည်။

“အရက်တွေမူးပြီးတော့ ဗုံးသီးကိုကိုင်ပြီး ဆိုင်ထဲဝင်လာတယ်။ ကလေးတွေ အဲဒီဆိုင်မှာ ဆေးဝယ်နေတာ။ တရားစခန်းဝင်နေတဲ့ အဘိုးအဘွားတွေက ဆေးဝယ်ခိုင်းလိုက်တာထင်တယ်။ အဲအချိန်မှာ ဗုံးပေါက်ကွဲပြီး ကလေးတွေပါ ဒဏ်ရာရပြီး ဆုံးသွားတာ။ ဆိုင်ပိုင်ရှင်လည်း ဒဏ်ရာရသွားတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် သေဆုံးသွားသူများ၏ ရုပ်အလောင်းကို ကျေးရွာသို့ ယူဆောင်ပြီးဖြစ်ကာ မနက်ဖြန် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သေဆုံးသူ မောင်တင်မောင်စိုး၏ ဆွေမျိုးတစ်ဦးက DMG သို့ ပြောသည်။

“ကျမတို့လည်း အိပ်နေကြပြီ။ ဗုံးပေါက်သံကြားပြီး ငိုသံတွေ ကြားရတယ်။ ကျမသွားကြည့်တော့ ဆေးရုံခေါ်သွားကြပြီ။ ကျမတူလေးမှာဆိုရင် ခြေလက်တွေလည်း မရှိတော့ဘူး။ သူ့မှာ စာမေးပွဲတောင် မဖြေခဲ့ရဘူး။ သူ့အမေဆိုရင် အရူးတစ်ပိုင်း ဖြစ်နေပြီ။ သေဆုံးတဲ့ နောက်တစ်ယောက်ဆိုရင် ရှင်ပြုဖို့ ၁၀ ရက်လောက်ပဲ လိုတော့တာ။ ခံစားရတာ ပြောစရာစကားလုံးတောင် မရှိတော့ဘူး” ဟု သူကပြောသည်။

ဇန်နဝါရီလ ၃ ရက်နေ့တွင် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှ ၅ တန်း ကျောင်းသား မောင်ကျော်စိုးမှာလည်း ရွာအနီးတောင်တန်းတွင် ငှက်ကိုင်းထောင်နေစဉ် မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သည်။  

ရခိုင်တွင် ယခုရက်ပိုင်းအတွင်း မိုင်းနှင့် စစ်လက်နက်များ ပေါက်ကွဲမှုကြောင့် ဒေသခံနှင့် ကျောင်းသားများသေဆုံးမှုမှာ တိုးလာနေသည်။ 

တကျော့ပြန်တိုက်ပွဲရပ်တန့်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်နေ့မှ စတင်ကာ ယနေ့အထိ မိုင်းပေါက်ကွဲမှုများကြောင့် မြောက်ဦး၊ ဘူးသီးတောင်၊ မင်းပြား၊ မောင်တော နှင့် ပုဏ္ဏားကျွန်းမြို့နယ်တိုမှ သေဆုံးသူ ၅ ဦးနှင့် ဒဏ်ရာရရှိသူ ၉ ဦး အထိရှိလာပြီဖြစ်သည်။

#I001

ဗီဒီယိုများ