တစ်ပတ်ကျော်ကြာဖမ်းဆီးခံထားရသည့်ပုဏ္ဏားကျွန်းဒေသခံ ၈ ဦးပြန်လွတ်လာ

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာ နှင့်တန်းခိုးကျေးရွာတို့မှ စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဒေသခံ ၈ဦးမှာ တစ်ပတ်ကျော်ကြာ ဖမ်းဆီးခံရပြီးနောက် နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီတွင် ပြန်လွတ်လာပြီဖြစ်ကြောင်း သိရသည်။

By Admin 23 Nov 2022

တစ်ပတ်ကျော်ကြာဖမ်းဆီးခံထားရသည့်ပုဏ္ဏားကျွန်းဒေသခံ ၈ ဦးပြန်လွတ်လာ

DMG | နိုဝင်ဘာ ၂၃

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာ နှင့်တန်းခိုးကျေးရွာတို့မှ စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဒေသခံ ၈ဦးမှာ တစ်ပတ်ကျော်ကြာ ဖမ်းဆီးခံရပြီးနောက် နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီတွင် ပြန်လွတ်လာပြီဖြစ်ကြောင်း သိရသည်။

လွတ်မြောက်လာသူများမှာ တန်းခိုးရွာမှ ဦးမောင်ဝင်းကြိုင် (၅၆) နှစ်၊ ဦးမောင်သိန်း (၅၁) နှစ်၊ ဦးဂျော်ဂျီအောင် (၅၅) နှစ်၊ ဦးဦးမောင်သိန်း(၄၈) နှစ်၊ နှင့် တန်းခိုးကျေးရွာသို့ ရောက်ရှိနေသည့် ပုဏ္ဏားကျွန်းမြို့ခံများဖြစ်ကြသော မောင်ဟန်တင်ဝင်း၊ မောင်နေထက်လင်း၊ မောင်မောင်ဟန်ဝင်း (၃)ဦး တို့အပြင် ကျွဲထိုးကျေးရွာမှ ဦးထွန်းလှ အေး(၄၅) နှစ်တို့ဖြစ်သည်။

နိုဝင်ဘာလ ၁၂ ရက်နေ့က ၄င်းတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းမှဖမ်းဆီးကာ စစ်ရေယာဥ် ဖြင့် စစ်တွေမြို့နယ်၊ရွှေမင်းဂံဆိပ်ကမ်းရှိ ရေတပ်စခန်းသို့ ခေါ်ဆောင်သွားပြီး စစ်ဆေးမှုပြုလုပ်ခဲ့သည်။ ယင်းနောက် ၄င်းတို့ကို နေရာအသီးသီးတွင် သီးခြားခွဲကာ စစ်ဆေးခဲ့ကြောင်း လွတ်မြောက်လာသူများထံက သိရသည်။

“သူတို့ကို ဖမ်းသွားကတည်းက မျက်နှာကိုအဝတ်စအမည်းနဲ့စည်းပြီး နေဗီနဲ့ ရွှေမင်းဂံ နေဗီရေတပ် စခန်းခေါ်သွားတယ်။ အဲဒီကနေ ကားနဲ့ ပါဒလိတ်အလွန် ၅၃၉ တပ်ရင်းကို လိုက်ပို့တယ်။ စစ်ဆေးတာကတော့ ရွာမှာAAရှိလား ၊AAတွေရောက်လား၊ ရွာမှာ AAတွေနဲ့ ဘယ်လိုပတ်သက်မှုရှိလဲ ဆိုပြီးမေးတာပါ။သူတို့ ကို မနေ့က ၄နာရီလောက်ကလွှတ်ပေးပြီး ကြက်ကိုင်းတန်ဥက္ကဌဆီအပ်တယ်။ အဲဒီမှာ ညအိပ်ပြီး သူတို့ လာတာပါ” ဟု ဦးထွန်းလှအေး၏ မိသားစုဝင်တစ်ဦး ကDMGသို့ပြောသည်။

မျက်နှာကို ဖုံးအုပ်ကာ စစ်ဆေးသောကြောင့် မည်သည့်နေရာတွင် စစ်ဆေးသည်ကို မသိရှိရကြောင်းး၊ ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်ကာ စစ်ဆေးမှုများရှိခဲ့သည်ဟု ဖမ်းဆီးခံရသူတစ်ဦးက ပြောသည်။

“ ကျနော်တို့ကို ခွဲပြီးထားတာပါ။ ဘယ်တပ်ရင်းလည်းတော့ ကျနော်မသိဘူး။မျက်နှာကို အမည်းအဝတ်စနဲ့ ဖုံးထားတယ်။ ဘာမှ မမြင်ရဘူး။ စစ်ဆေးတာကတော့ ရွာမှာ AAတပ်စခန်းရှိလားဆိုပြီး ပထမတစ်ရက်တော့ တုတ်နဲ့ရိုက်ပြီးမေးပါတယ်။ ကျနော်တို့က မရှိဘူးဆိုပြီးပြောတော့ အမှန်အတိုင်းဖြေဆိုပြီး ရိုက်ပြီးမေးပါတယ်။ ဒုတိယ တစ်ရက်နေ့ကျတော့ ကျနော့်ဖုန်းကိုစစ်ဆေးပါတယ်။ AAနဲ့ဆက်စပ်လားဆိုတော့ ကျနော်က မရှိပါဘူး။ AAနဲ့ဆက်စပ်ပြီးတွေ့ရင် ကျနော့်ကိုသတ်လိုက်ပါပြောပါတယ်။ သူတို့က ဖုန်းကိုယူထားလိုက်တယ်” ဟု သူကပြောသည်။

၄င်းတို့ ၈ ဦးကို စစ်တွေမြို့နယ်၊ကြက်ကိုင်းတန်ကျေးရွာနှင့်နာရီကန်ကျေးရွာတို့တွင် အသီးသီးလွှတ်ပေးခဲ့ကြောင်း လွတ်မြောက်လာသူများက ပြောသည်။

“ကျနော်တို့ကို နေရာတစ်ခုမှာ ပလက်စတစ်ခုံပေါ်တင်ပြီး လက်မှတ်ထိုးခိုင်းပါတယ်။ပြီးရင် ကိုယ့် လယ်ယာတွေကိုပဲ အာရုံစိုက်ပြီး အလုပ်လုပ်ကြဆိုပြီးပြောပါတယ်။ ပြီးရင်ကျနော်တို့ ကို လူစုခွဲပြီး ကြက်ကိုင်းတန်ဥက္ကဌနဲ့ နာရီကန်ဥက္ကဌဆီ အပ်ခဲ့ပါတယ်။ အခုလိုလွတ်လာတဲ့အတွက်လည်း ဝမ်းသာပါတယ်” ဟု လွတ်မြောက်လာသူ အခြားတစ်ဦးက ပြောသည်။

ထို့အတူ နိုဝင်ဘာလ ၁၂ရက်နေ့က ဖမ်းဆီးခံလိုက်ရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာမှဒေသခံ၃ ဦးမှာ နိုဝင်ဘာလ၁၈ရက်နေ့၊ ညနေ၃နာရီကျော်ခန့် အချိန်တွင် ပုဏ္ဏားကျွန်း အခြေစိုက် (၅၅၀)တပ်ရင်းမှ လွတ်မြောက်လာခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် မြန်မာစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်သားများ ဝင်ရောက်သွားလာ မှုတို့ကြောင့် ဆင်အင်းကြီး ၊ပဒေသာ၊တန်းခိုး၊ ကျော်ဇံရွာ၊ ကျွဲထိုးစသည့် ကျေးရွာများမှဒေသခံ ၇၀၀၀ကျော်မှာ စစ်တွေ၊ ပုဏ္ဏားကျွန်း ၊ရသေ့တောင်၊ပေါက်တော မြို့နယ်ရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

ဗီဒီယိုများ