Power China ကုမ္ပဏီက ကျောက်ဖြူဒေသခံများကို ပေးထားသည့်ကတိ ပျက်ကွက်နေ 

စက်ရုံတည်ဆောက်ရာတွင် ကျေးရွာသားများ အသုံးပြုနေသည့် ချောင်းလက်တက် နှစ်ခုနှင့် လမ်းနှစ်လမ်းအပြင် လယ်ယာမြေအချို့ သိမ်းဆည်းခံခဲ့ရသည်။ ထိုနစ်နာမှုအတွက် Power China ကုမ္ပဏီဘက်က ရွာချင်းဆက်လမ်းတစ်ခု ဖောက်လုပ်ပေးရန် ကျေးရွာသားများနှင့် သဘောတူထားခဲ့ခြင်းဖြစ်သည်။

By Admin 06 Oct 2023

လမ်းဖောက်လုပ်ပေးရန် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ကုမ္ပဏီနှင့် ဒေသခံတို့ကြား မြို့နယ်ထွေ/အုပ်ရုံးတွင် အစည်းအဝေးပြုလုပ်ခဲ့ကြစဉ်။ ဓာတ်ပုံ- Ko Than Soe
လမ်းဖောက်လုပ်ပေးရန် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ကုမ္ပဏီနှင့် ဒေသခံတို့ကြား မြို့နယ်ထွေ/အုပ်ရုံးတွင် အစည်းအဝေးပြုလုပ်ခဲ့ကြစဉ်။ ဓာတ်ပုံ- Ko Than Soe

DMG ၊ အောင်တိုဘာ ၆ 

ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာတွင် တရုတ်ကုမ္ပဏီ Power China က တည်ဆောက်ထားသည့် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ တာဝန်ရှိသူများသည် ကျေးရွာသားများအား ပေးထားသည့် ကတိကဝတ်များကို ပျက်ကွက်နေကြောင်း ဒေသခံများက ပြောသည်။ 

စက်ရုံတည်ဆောက်ရာတွင် ကျေးရွာသားများ အသုံးပြုနေသည့် ချောင်းလက်တက် နှစ်ခုနှင့် လမ်းနှစ်လမ်းအပြင် လယ်ယာမြေအချို့ သိမ်းဆည်းခံခဲ့ရသည်။ ထိုနစ်နာမှုအတွက် Power China ကုမ္ပဏီဘက်က ရွာချင်းဆက်လမ်းတစ်ခု ဖောက်လုပ်ပေးရန် ကျေးရွာသားများနှင့် သဘောတူထားခဲ့ခြင်းဖြစ်သည်။

“ရွာရဲ့ဆုံးရှုံးနစ်နာမှုအတွက် အစားထိုးတဲ့အနေနဲ့ ရွာသူရွာသားတွေ အသုံးပြုနေတဲ့  ကံ့ကော်တောဘုရားနောက်က ဂုံးချွိန်ရွာသို့သွားတဲ့လမ်းကို ကောင်းမွန်မွန် ဖောက်လုပ်ပေးဖို့ သဘောတူညီခဲ့ကြတာ။ ဒါပေမဲ့ သူတို့ဘက်က အဲဒီလမ်းကို အခုအချိန်ထိ ကောင်းကောင်းမွန်မွန် မလုပ်ပေးသေးဘူး” ဟု အုန်းတောရွာသား ကိုထွန်းစိုးက ပြောသည်။

အဆိုပါ လမ်းဖောက်မည့် ကိစ္စကို ကုမ္ပဏီနှင့် ဒေသခံတို့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် အတည်ပြုခဲ့ကြပြီး အသိသက်သေများအနေဖြင့် မြို့ခံများနှင့်အတူ လွှတ်တော်အမတ်ဟောင်း ဦးဘရှိန်နှင့် ဦးဖိုးစံတို့ပါဝင်ကြောင်း သိရသည်။

ယင်းနောက် အရှည် ၁ မိုင်ကျော်နှင့် အကျယ် ၁၂ ပေခန့်ရှိ အုန်းတော - ဂုံးချွိန် ရွာချင်းဆက်လမ်းကို ကုမ္ပဏီဘက်က ဖောက်လုပ်ပေးခဲ့သော်လည်း မြေသားလမ်းအဆင့်သာဖြစ်ပြီး ရေကျော်တံတားငယ်များ မပါသောကြောင့် လပိုင်းအတွင်း ပျက်စီးသွားခဲ့သည်။

ယင်းလမ်းကို ပြန်လည်ပြုပြင်ပေးရန် ၂၀၂၂ ခုနှစ် အောက်တိုဘာလက မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြခဲ့သော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ကုမ္ပဏီကိုသာ တိုက်ရိုက်ပြောဆိုရန် တုံပြန်ခဲ့ကြောင်း သိရသည်။ 

အုန်းတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းက “ကွန်ကရစ်လမ်း တိုက်ရိုက်မရဘူးဆိုရင်တောင် ကျောက်ချောလမ်းအဆင့်၊ တစ်ဆင့်ချင်း လုပ်ပေးပါလို့ တောင်းဆိုတာလည်း အကြိမ်ကြိမ်အခါ ရှိပါပြီ၊ ကုမ္ပဏီက ပြင်ပေးမယ်၊ ပြင်ပေးမယ်နဲ့ ဘယ်တော့ပြင်ပေးမလဲ မသိတော့ဘူး” ဟု ပြောသည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ Power China  ကုမ္ပဏီတာဝန်ရှိသူထံ DMG က ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။

ယင်းစက်ရုံမှာ လက်ရှိတွင် ဓာတ်အားထုတ်လုပ်မှု မရှိသေးသော်လည်း လုပ်ငန်းပြီးစီးသည့်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သောကြောင့် ကုမ္ပဏီအနေဖြင့် ပေးထားသည့် ကတိကဝတ်များကို အကောင်အထည်ဖော်ပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောသည်။ 

ကျောက်ဖြူမြို့ခံ လွှတ်တော်အမတ်ဟောင်း ဦးဖိုးစံက “သူတို့က ကတိကဝတ်ပေးထားရင်တော့ လုပ်ပေးရမှာပဲလေ။ လမ်းက အမှန်တကယ်လည်း ပျက်စီးနေတာကိုး။ ကျေးရွာတွေမှာက လမ်းမရှိဘူးဆိုရင် အခက်အခဲ ဖြစ်တာကို အားလုံးလည်း အသိပဲလေ။ အဲဒါက အဲဒီကုမ္ပဏီမှာ တာဝန်ရှိပါတယ်” ဟု ပြောသည်။ 

အဆိုပါစက်ရုံကို ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ဖြင့် Power China ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံ တည်ဆောက်ထားခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း လည်ပတ်နိုင်ရန် လျာထားခဲ့ခြင်းဖြစ်သည်။ 

စက်ရုံတည်ဆောက်ပြီးစီးပါက ၁၃၅ မဂ္ဂါဝပ်အားဖြင့် တစ်နှစ်ကို ဓာတ်အားကီလိုဝပ် နာရီသန်းပေါင်း ၁,၀၀၀ ခန့် ထုတ်လုပ်သွားရန် မျှော်မှန်းထားသော်လည်း လက်ရှိတွင် နည်းပညာချွတ်ယင်းချက်ကြောင့် စက်ရုံလည်ပတ်မှုကို ရပ်နားထားကြောင်း သိရသည်။

#I008

ဗီဒီယိုများ