စစ်ကောင်စီက ရိက္ခာဖြတ်ထား၍ ရခိုင်တွင် အခြေခံလူသုံးကုန် ဈေးနှုန်း ၉ ဆထိ မြင့်တက် 

စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသည့် ရခိုင်ဒေသတွင် စားနပ်ရိက္ခာပြတ်လပ်နေပြီး လက်ကျန် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း ဈေးနှုန်းမှာလည်း ယခင်ထက် ၉ ဆအထိ မြင့်တက်လျက်ရှိသည်။ 

By Admin 19 Dec 2023

စစ်ကောင်စီက ရိက္ခာဖြတ်ထား၍ ရခိုင်တွင် အခြေခံလူသုံးကုန် ဈေးနှုန်း ၉ ဆထိ မြင့်တက် 

စစ်မဖြစ်မီက ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် ၁၂၀,၀၀၀ ကျပ်၊ စားသုံးဆီတစ်လီတာလျှင် ၇,၀၀၀ ကျပ်၊ ဆားတစ်ပိဿာလျှင် ၅၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် ၄,၀၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ၇,၀၀၀ ကျပ်၊ ငရုပ်သီးခြောက် တစ်ပိဿာလျှင် ၂၀,၀၀၀ ကျပ်နှင့် အောက်တိန်း ၉၂ တစ်လီတာလျှင် ၃,၅၀၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၄,၀၀၀ ကျပ် ရှိခဲ့သည်။ 

လက်ရှိတွင် ပေါ်ဆန်းမွှေးဆန် တစ်အိတ်လျှင် ၁၆၅,၀၀၀ ကျပ်၊ စားသုံးဆီ တစ်လီတာလျှင် ၂၂,၀၀၀ ကျပ်၊ ဆားတစ်ပိဿာလျှင် ၄,၀၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် ၃၀,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၃၅,၀၀၀ ကျပ်၊ ငရုပ်သီးခြောက် တစ်ပိဿာလျှင် ၇၀,၀၀၀ ကျပ်နှင့် အောက်တိန်း ၉၂ တစ်လီတာလျှင် ၃၂,၀၀၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၃၅,၀၀၀ ကျပ်အထိ စံချိန်တင် မြင့်တက်နေသည်။  

“ဒီလိုမျိုးကုန်ဈေးနှုန်းတက်တာကို ကြားတောင်မကြားဖူးဘူး။ တစ်ယောက်ကိုတစ်ယောက် မပေးနိုင်၊ မကူနိုင်ကြဘူး။ ကိုယ့်မိသားစုစားဖို့ အတွက်တောင် မနည်းရုန်းကန်နေရတယ်။ ကြာလာရင် ကျမတို့ပြည်သူတွေ ငတ်သေတော့တယ်” ဟု မြောက်ဦးမြို့နယ်၊ လေညှင်းတောင်ကျေးရွာမှ ဒေါ်စိန်နုက ပြောသည်။  

ရခိုင်ပြည်တွင် တိုက်ပွဲစတင်ခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာပင် စစ်ကောင်စီက ကုန်လမ်း၊ ရေလမ်း သွားလာခွင့်ကိုပိတ်ဆို့ကာ နိုင်ငံတကာအဖွဲ့အစည်းများ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကိုလည်း ကန့်သတ်ပိတ်ပင်ထားသည်မှာ တစ်လကျော်အထိ ကြာမြင့်လာခဲ့ပြီဖြစ်သည်။ 

ယင်းအပြင် မြို့/ရွာများကိုလည်း စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ မီးရှို့မှုများ လုပ်ဆောင်နေသဖြင့် ဒေသခံများမှာ စားနပ်ရိက္ခာများ မီးလောင်ဆုံးရှုံးကာ ရိက္ခာပြတ်လပ်မှုဒဏ်ကို ပို၍ကြုံတွေ့နေရသည်။ 

“စီးပွားရေးသမားတွေ၊ ကုန်သည်တွေ၊ ဈေးသည်တွေအနေနဲ့ ခေတ်အခြေနေကိုလည်း ကြည့်ဖို့လိုအပ်တယ်။ စစ်ရေးကာလ အကုန်လုံးဒုက္ခရောက်နေချိန်မှာ ‘ကမ္ဘာမီးလောင်သားကောင်းချနင်း’ မဖြစ်ဖို့တော့လိုမယ်” ဟု ရခိုင်လူငယ်တစ်ဦးက ပြောသည်။ 

လက်ရှိမှာ ကုန်ဈေးနှုန်းစံချိန်တင်မြင့်တက်နေ၍ တစ်နေ့လုပ်တစ်နေ့စား အခြေခံလူတန်းစားများမှာ ထမင်းနပ်မှန်အောင် မစားသောက်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာနေသည်။  

“အလုပ်ကလည်းရှားတယ်၊ ဒီကြားထဲ ကုန်ဈေးကလည်းတက်တော့ ကျမတို့မိသားစုဆိုရင် ထမင်းတောင် နပ်မမှန်တော့ဘူး။ အလုပ်တစ်ခုရလို့လိုက်သွားရင် ပိုက်ဆံငါးထောင်လောက်ပဲ ရတယ်။ အဲဒီပိုက်ဆံနဲ့ ဆန်တစ်ပြည်တောင်မရဘူး” ဟု စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှ နေ့စားအလုပ်သမား ဒေါ်အေးခင်ညွန့်က ပြောသည်။ 

စစ်ကောင်စီက ရက္ခိုင့်တပ်တော်ကို ဖြတ်လေးဖြတ် စားနပ်ရိက္ခာ၊ ငွေကြေး၊ သတင်း၊ လူထုနှင့်အသွယ် ဖြတ်တောက်ခြင်း စစ်ရေးဗျူးဟာကို ကျင့်သုံးနေခြင်းဖြစ်သည်။ သို့သော်လည်း စစ်ရေးပဋိပက္ခနှင့် မသက်ဆိုင်သည့် ပြည်သူလူထုများကို ဒုက္ခပေးနေသော စစ်ကောင်စီ၏ လုပ်ဆောင်ချက်နှင့်ပတ်သက်၍ လူ့အခွင့်အရေးသမားများက ရှုတ်ချထားကြသည်။ 

“စစ်ကောင်စီအနေနဲ့ ပြည်သူတွေဒုက္ခရောက်အောင် နည်းမျိုးစုံနဲ့ လုပ်နေတာကြောင့် ပြည်သူတွေရဲ့ အမုန်းတရားတွေပဲ တိုးလာလိမ့်မယ်။ သူတို့(စစ်ကောင်စီ)စီစဉ်ထားတဲ့အတိုင်းလည်း ဖြစ်လာမှာမဟုတ်ဘူး” ဟု ရသေ့တောင်မြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။  

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ နိုဝင်ဘာ ၁၃ ရက်မှစ၍ တိုက်ပွဲပြင်းထန်နေသည်မှာ တစ်လကျော်အထိ ကြာမြင့်လာပြီး တိုက်ပွဲနယ်မြေလည်း ကျယ်ပြန့်လာနေသည်။ 

ယခုတစ်ကြိမ်ရခိုင်တိုက်ပွဲသည် စစ်ရေးကာလရှည်ကြာနိုင်ပြီး ရခိုင်ဒေသအတွက် အဆုံးသတ်တိုက်ပွဲလည်း ဖြစ်သွားနိုင်ကြောင်း စစ်ရေးနိုင်ငံရေးအကဲခက်သူတို့က သုံးသပ်နေကြသည်။

ဗီဒီယိုများ