စစ်တွေတွင် ရိုက်နှက်ခံရသည့် ဆယ်ကျော်သက်မိန်းကလေး သတိမရသေး၍ မိသားစုက စိုးရိမ်နေ

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ရိုက်နှက်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးမှာ ယနေ့(မတ်လ ၁၇ ရက်) နံနက်ပိုင်းအချိန်ထိ သတိမရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

By Admin 17 Mar 2023

ရိုက်နှက်ခံထားရသည့် မိန်းကလေးငယ်ကို ရထားလမ်းအနီး တွေ့ရစဉ်။ (ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း)
ရိုက်နှက်ခံထားရသည့် မိန်းကလေးငယ်ကို ရထားလမ်းအနီး တွေ့ရစဉ်။ (ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း)

DMG ၊ မတ် ၁၇

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ရိုက်နှက်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးမှာ ယနေ့(မတ်လ ၁၇ ရက်) နံနက်ပိုင်းအချိန်ထိ သတိမရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

“အခုထိ သတိမရသေးဘူး။ အဲဒီကတည်းက သတိမေ့နေတာ အခုထိ သတိမရသေးတာ။ ရန်ကုန်ဆေးရုံကြီးကို တင်ဖို့ကိစ္စလည်း ဘယ်လိုဖြစ်မလဲ မသိဘူး။ ကလေးက သတိမရသေးတော့လေ”ဟု အဆိုပါမိန်းကလေး၏ မိခင်ဖြစ်သူက ပြောသည်။

စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ မတ်လ ၁၅ ရက်နေ့ ညအချိန် နေအိမ်မှ ပျောက်သွားခဲ့သည်။ မတ်လ ၁၆ ရက် နံနက်ပိုင်းတွင် မင်းဂံအကွက်(၁၃)ရှိ မီးရထားလမ်းအနီးတွင် ရိုက်နှက်ခံထားရသော ဒဏ်ရာများဖြင့် သတိလစ်မေ့မျောနေသည့် အဆိုပါမိန်းကလေးကို တွေ့ရှိခဲ့သည်ဟု မိသားစုဝင်များထံမှ သိရသည်။

“အမေဖြစ်သူက ည ၁၀ နာရီလောက်မှာ ဆေးသွားဝယ်တုန်း သူ့ကို အိမ်မှာထားခဲ့တာ။ ပြန်ရောက်တော့ မရှိတော့ဘူး။ အဲဒါနဲ့ သူမ အိပ်နေကျအိမ်မှာ သွားအိပ်တယ်ထင်ပြီး လိုက်မရှာဘူး။ မနက်ရောက်တော့ သူများတွေလာပြောမှ ဒဏ်ရာတွေနဲ့ တွေ့ရတာ။ ဒဏ်ရာက ဦးခေါင်းမှာ တအားများတယ်”ဟု ယင်းမိန်းကလေးငယ်နှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

အဆိုပါ မိန်းကလေးမှာ ရိုက်နှက်ခံရမှုကြောင့် ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိထားပြီး ခန္ဓာကိုယ်တွင်လည်း ညိုမဲစွဲ ဒဏ်ရာများစွာရှိကြောင်း မိသားစုဝင်များက ပြောဆိုသည်။ ဒဏ်ရာများဖြင့် သတိမေ့လျော့နေသည့် မိန်းကလေးမှာ စစ်တွေမြို့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိပြီး လက်ရှိအချိန်ထိ သတိမရသေးကြောင်း မိသားစုထံမှ သိရသည်။

၎င်းမိန်းကလေး ရိုက်နှက်ခံရမှုနှင့်ပတ်သက်ပြီး သံသယရှိသည့် ၁၇ နှစ်အရွယ် လူငယ်နှစ်ဦးကို စစ်တွေမြို့ အမှတ်(၁)ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း အမျိုးသမီးအရေး ဆောင်ရွက်နေသူများက ပြောဆိုကြသည်။

“ကောင်လေးတွေနဲ့က အိမ်နီနားချင်းတွေ။ သံသယရှိတဲ့အတွက် ရဲက သူတို့အိမ်ကနေ လာဖမ်းသွားတာ။ မိန်းကလေး မိဘတွေကလည်း အဲဒီကောင်လေးနှစ်ယောက်ကို သံသယရှိနေကြတယ်”ဟု ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက DMG ကို ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်တွေမြို့ အမှတ်(၁)ရဲစခန်းကို DMG ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

“ဆရာဝန်ကတော့ “မ”အင်္ဂါမှာ ဒဏ်ရာမတွေ့ရဘူးပြောတယ်။ ဒါပေမယ့် ရဲဘက်ကကျတော့ မိန်းကလေးငယ်ကို မုဒိမ်းမှု ကျူးလွန်ပြီးမှ ရိုက်နှက်တာလို့ ကောက်ချက်ချနေကြတယ်။ ဆေးစစ်ချက်ကတော့ အခုမရသေးဘူး။ မိန်းကလေး အခြေအနေက အရမ်းစိုးရိမ်ရတယ်။ သူ့ကို ရထားလမ်းအောက်မှာ စတွေ့တုန်းက ခန္ဓာကိုယ်မှာ အဝတ်တွေမပါဘူး”ဟု ဒေါ်ညိုအေးက ဆက်ပြောသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ကလည်း ယင်းဖြစ်စဉ်တွင် သံသယရှိသူအချို့ကို ဖမ်းဆီးစစ်ဆေးမှုများရှိသည်ဟု သတင်းများထွက်ပေါ်လျက်ရှိပြီး တိကျစွာသိရှိနိုင်ရန် ULA/AA တာဝန်ခံ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

#R005

ဗီဒီယိုများ