ရခိုင်မှ MSME လုပ်ငန်းများအတွက် ငွေကျပ် ဆယ်ဘီလီယံ ထုတ်ချေးမည့်ကိစ္စ ခြောက်လခန့်ကြာသည့်တိုင် အကောင်အထည်မပေါ်သေး

လုပ်ငန်းရှင်များကို ငွေကျပ်ဆယ်ဘီလီယံ ထုတ်ချေးပေးမည်ဟု ပြည်နယ်စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၉ ရက်နေ့တွင် ပြောဆိုခဲ့သော်လည်း ချေးငွေများကို ယခုအချိန်ထိ ထုတ်ချေးပေးခြင်း မရှိသေးပေ။ 

By Admin 31 Jan 2023

ရခိုင်မှ MSME လုပ်ငန်းများအတွက် ငွေကျပ် ဆယ်ဘီလီယံ ထုတ်ချေးမည့်ကိစ္စ ခြောက်လခန့်ကြာသည့်တိုင် အကောင်အထည်မပေါ်သေး

“အိုးသူကြီး” ရခိုင်ဒေသထွက် စားသောက်ကုန်ထုတ်လုပ်ငန်း၏ လုပ်ငန်းခွင်တစ်ခု။ / ဓာတ်ပုံ - ဦးတင်ငြိမ်းဦး

DMG ၊ ဇန်နဝါရီ ၃၁ 

ရခိုင်ပြည်အတွင်းက အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များကို ငွေကျပ် ဆယ်ဘီလီယံ ထုတ်ချေးပေးမည်ဟု ပြည်နယ်စစ်ကောင်စီမှ ပြောဆိုထားသည်မှာ ခြောက်လခန့်ကြာမြင့်လာပြီ ဖြစ်သော်လည်း ထုတ်ချေးပေးခြင်း မရှိသေးသဖြင့် ချေးငွေများ အမြန်ဆုံးထုတ်ချေးပေးရန် လုပ်ငန်းရှင်များက လိုလားနေကြသည်။

လုပ်ငန်းရှင်များကို ငွေကျပ်ဆယ်ဘီလီယံ ထုတ်ချေးပေးမည်ဟု ပြည်နယ်စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၉ ရက်နေ့တွင် ပြောဆိုခဲ့သည်။ သို့သော် ချေးငွေများကို ယခုအချိန်ထိ ထုတ်ချေးပေးခြင်း မရှိသေးကြောင်း ငွေချေးရန်လျှောက်ထားသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

ချေးငွေများကို အမြန်ဆုံးထုတ်ပေးနိုင်မည်ဆိုပါက MSME လုပ်ငန်းများကို များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း “အိုးသူကြီး” ရခိုင်ဒေသထွက် စားသောက်ကုန်ထုတ်လုပ်ငန်း၏ ဒါရိုက်တာအဖွဲ့ဝင် ဦးတင်ငြိမ်းဦး က ပြောသည်။ 

“အခုက ပွင့်လင်းရာသီလည်းဖြစ်တဲ့အတွက် စိုက်ပျိုးတဲ့အချိန်ဖြစ်နေတယ်။ ကုန်ထုတ်လုပ်မှုအတွက် အင်မတန်မှ လုပ်လို့ကောင်းတဲ့ အချိန်၊ ဒီကာလမှာ ချေးငွေကိစ္စ အဆင်ပြေသွားရင်တော့ အများကြီးအကျိုးရှိပါလိမ့်မယ်”  ဟု ၎င်းက ဆိုသည်။ 

ချေးငွေများ ထုတ်ချေးသည့်အခါတွင်လည်း မြေပြင်တွင် အမှန်တကယ်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များကိုစိစစ်၍ ထုတ်ချေးပေးရန်လိုအပ်ကြောင်းနှင့် လုပ်ငန်းကဏ္ဍအလိုက် ထုတ်ချေးပေးသင့်ကြောင်း ရခိုင်မှ MSME စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။ 

“ချေးတဲ့အခါမှာလည်း လုပ်ငန်းတစ်ခု လုံလုံလောက်လောက်နဲ့လည်ပတ်နိုင်တဲ့ ချေးငွေပမာဏတစ်ခု ဖြစ်စေချင်တယ်။ တကယ်လိုအပ်တဲ့ လုပ်ငန်းရှင်တွေကို လိုအပ်တဲ့ချေးငွေပမာဏ၊ လိုအပ်တဲ့အတိုင်းအတာကို ပြည့်ပြည့်စုံစုံ ချေးစေချင်တယ်။ မြေမြင်မှာ အမှန်တတယ် လက်တွေ့လုပ်နေတဲ့ MSME လုပ်ငန်းငယ်လေးတွေကို ချေးပေးလိုက်မယ်ဆိုရင် စီးပွားရေးနဲ့ပတ်သက်လာရင် ပိုပြီးတော့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်လာမယ်” ဟု အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်း(ရခိုင်) MSME Association Rakhine ဥက္ကဋ္ဌ ကိုညီတိုးမင်းက ပြောသည်။

ရခိုင်ပြည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များအချင်းချင်း အပြန်အလှန် ဖေးမကူညီပေးရန်၊ ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များအား ပြည်တွင်းလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးနိုင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းလာပြီး ပြည်သူလူထုတစ်ရပ်လုံး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရန်၊ ဒေသထုတ်ကုန်များ ဈေးကွက်အတွင်းသို့ ရောက်ရှိရန်အတွက် MSME(ရခိုင်)အသင်းကို ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြသည်။ MSME(ရခိုင်)အသင်းတွင် ရခိုင်ပြည်အတွင်းက MSME လုပ်ငန်းရှင် စုစုပေါင်း ၁၀၀ ကျော် ပါဝင်သည်။

ငွေကျပ် ဆယ်ဘီလီယံကို MSME လုပ်ငန်းများအပါအဝင် လယ်ယာကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ချေးရန်စီစဉ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် ချေးငွေလျှောက်ထားသည့် လုပ်ငန်းရှင်များ၏လုပ်ငန်းများကို စိစစ်နေဆဲဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က ပြောသည်။ 

“အခုက စိစစ်တုန်းပဲရှိသေးတယ်။ စိစစ်ပြီးတဲ့စာရင်းတွေ အတည်ပြုထွက်လာတဲ့အချိန်မှာ အဲဒီလုပ်ငန်းရှင်တွေကို တစ်ဦးချင်းခေါ်ပြီးတော့ သူရဲ့ လုပ်ထုံးလုပ်နည်းအတိုင်းလုပ်သွားမယ်။ ဒီဟာတွေက ဘယ်တော့လောက်ပြီးမယ် ဆိုတာက ပြောလို့မရဘူး။ အကောင်းဆုံးတော့ လုပ်နေကြတာပါပဲ” ဟု သူက ဆိုသည်။ 

ယင်းအပြင် မြေပြင်တွင် အမှန်တကယ်လုပ်ကိုင်ပြီး လည်ပတ်နေသည့် လုပ်ငန်းရှင်များနှင့် အမှန်တကယ် ငွေကြေးလိုအပ်နေသူများကို သေချာစွာစိစစ်၍ ချေးငွေများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဦးစံရွှေမောင်က ပြောသည်။

MSME လုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ပေါ်လစီသပ်သပ် လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ လက်တွေ့ကျသည့် ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပေးရန် လိုအပ်နေသေးသည်ဟု ရခိုင်မှ ဝါရင့်စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးကပြောသည်။ 

“ဒီလုပ်ငန်းရှင်တွေကို ပံ့ပိုးမှုတွေက ရှေ့အစဉ်အဆက်ကနေ အခုထိ အားနည်းချက်ရှိနေသေးတယ်။ ဒီလုပ်ငန်းရှင်တွေရဲ့ ကုန်ထုတ်လုပ်မှုအရေးပါမှုကို ပေါ်လစီလောက်ကိုပဲ ပြောပြီးတော့ တကယ့်လက်တွေ့ကျတဲ့ ထောက်ပံ့ကူညီမှုတွေ မရှိသေးဘူးလို့ ပြောရမယ်” ဟု ၎င်းကပြောသည်။ 

ရခိုင် MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီး အစိုးရအဆက်ဆက်သည် ပေါ်လစီအဆင့်သာ လုပ်ဆောင်ခဲ့ပြီး တစ်စုံတစ်ရာ ထိရောက်မှုမရှိခဲ့သဖြင့် အခက်အခဲများနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ရှုမြင်ထားကြသည်။ 

လက်ရှိတွင် ပြည်နယ်စစ်ကောင်စီသည် MSME လုပ်ငန်းရှင်များကို လုပ်ငန်းအချင်းချင်း ချိတ်ဆက်ပြီး ဈေးကွက်အခွင့်အလမ်းများရရှိနိုင်အောင် ဒေသထွက် MSME ထုတ်ကုန်များ ပြပွဲနှင့်ရောင်းချပွဲများကို စစ်တွေ၊ ကျောက်ဖြူမြို့တို့တွင် လုပ်ဆောင်ပေးခြင်းများ ရှိလာနေသည်။ 

#E003

ဗီဒီယိုများ