စစ်ကောင်စီ လမ်းပိတ်ထားသဖြင့် မောင်တောနယ်စပ်ကုန်သွယ်မှု ပမာဏ ၉၀ ရာခိုင်အနှုန်းအထိကျဆင်း

ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ပင်ခံရသည့် သြဂုတ်လ ၁၃ ရက် နောက်ပိုင်းမှစတင်ကာ လက်ရှိ အချိန်အထိ နှစ်လကျော်ကာလအတွင်းတွင် မောင်တောမှ ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်မှုမှာ ၉၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟု မောင်တော နယ်စပ်ကုန်သွယ်ရေး အသင်းထံမှ သိရသည်။

By Admin 02 Nov 2022

စစ်ကောင်စီ လမ်းပိတ်ထားသဖြင့် မောင်တောနယ်စပ်ကုန်သွယ်မှု ပမာဏ ၉၀ ရာခိုင်အနှုန်းအထိကျဆင်း

မောင်တောနယ်စပ် ကုန်သွယ်ရေးဆိပ်ကမ်းတွင် ကုန်စည်များ သယ်ယူပို့ဆောင်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း)

DMG / နိုဝင်ဘာ ၂

နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် အငူမော်- မောင်တောကားလမ်းကို စစ်ကောင်စီမှ ပိတ်ပင်ထား သည်မှာ နှစ်လကျော်အထိရှိလာပြီး ယခုအချိန်ထိ ပြန်လည်ဖွင့်ပေးခြင်း မရှိသေးသည့်အတွက် ကုန်သွယ်ရေး လုပ်ငန်းများရပ်တန့်ရမည့် အရေးနှင့်ကြုံတွေ့နေရသလို ကုန်သွယ်မှုများ ကျဆင်းလာနေသည်ဟု မောင်တော နယ်ကုန်သွယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ပင်ခံရသည့် သြဂုတ်လ ၁၃ ရက် နောက်ပိုင်းမှစတင်ကာ လက်ရှိ အချိန်အထိ နှစ်လကျော်ကာလအတွင်းတွင် မောင်တောမှ ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်မှုမှာ ၉၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟု မောင်တော နယ်စပ်ကုန်သွယ်ရေး အသင်းထံမှ သိရသည်။

ယခင်က တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၅ သိန်းခန့်ကုန်သွယ်တင်ပို့မှုရှိခဲ့သော်လည်း လက်ရှိတွင် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲခန့်သာ တင်ပို့နိုင်သည့်အတွက် ကုန်သွယ်မှုမှာ ၁၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့သည်ဟု မောင်တောနယ်စပ်ကုန်သွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောသည်။

“ရှေ့လတွေကဆိုရင် တစ်ပတ်မှာတစ်စီးပို့တယ်။အခုဆိုရင် နှစ်ပတ်မှာတစ်စီးလောက်ပို့တယ်။ ဒီအခြေအနေ ဆက်လက်ပြီးရှိနေမယ်ဆိုရင် သုံးပတ်မှာတစ်စီး၊တစ်လမှာတစ်စီးလောက်ပို့နိုင်တာမျိုးဖြစ်သွားနိုင်တယ်။ နောက်ဆုံး (Zero) သုည အခြေအနေကိုလည်းရောက်သွားနိုင်တယ်။အခြေအနေကောင်းမွန်လာတယ်ဆိုရင်တော့ နယ်စပ်ကုန်သွယ်ရေးတွေက ပြန်ပြီးလည်ပတ်သွားမှာဖြစ်တယ်” ဟု သူက ဆိုသည်။

လက်ရှိတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို ပုံမှန်ဖွင့်လှစ်ထားသော်လည်း ဒေသရှိ လက်ကျန် ကုန်ပစ္စည်းများကို စုဆောင်းပြီး ဘင်္ဂလားဒေ့ရှ်သို့ ကုန်ပစ္စည်းများတင်ပို့နေခြင်းဖြစ်သည်ဟု မောင်တော နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။သို့သော် သွားလာ ခွင့်များဆက်လက်ပိတ်ပင်ထား မည်ဆိုပါက မောင်တောနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများရပ်တန့်မည့် အခြေအနေနှင့် ကြုံတွေ့လာနိုင် သည်ဟုလည်း ဆိုကြသည်။

မောင်တော-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအရေးပါသည့် အငူမော်-မောင်တော ကားလမ်းကို သြဂုတ်လ ၁၃ ရက်နေ့မှစတင်ကာ စစ်ကောင်စီမှ ရက်အကန့်အသတ်မရှိ ပိတ်ပင်ခဲ့သလို ရေလမ်းကြောင်းများကိုလည်း စစ်ဆေးမှုများ တင်းကျပ်စွာဖြင့်ကန့်သတ်ထားဆဲဖြစ်သည်။

ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းများကို ကန့်သတ်ပိတ်ပင်ထားမှုများကြောင့် စစ်တွေဘက်မှ ကုန်ပစ္စည်းများ မရောက်ရှိသည့်အတွက် ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်မှုများ မရှိသလောက်ဖြစ်သွားသည်ဟု မောင်တော နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“ ကုန်ပစ္စည်းတွေက မရောက်တော့ လုပ်ငန်းကမလည်ပတ်တော့ဘူး။ ရပ်နားထားရတဲ့ သဘောမျိုး ဖြစ်နေ တယ်။အခုက ဒီဘက်ကို ကုန်စည်စီးဆင်းမှုလည်းမရှိဘူး။ပစ္စည်းတွေ ရောက်ရင်ပို့တယ်။မရောက်ရင် မပို့ဘူး။လုပ်ငန်းက ရပ်နားထားတာတော့မဟုတ်ဘူး” ဟု သူကဆိုသည်။

ယင်းအပြင် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပုံမှန်လည်ပတ်မှုမရှိသည့်အတွက် ကုန်သွယ်မှုကိုမှီခိုပြီး လုပ်ကိုင်နေရသည့် ကုန်သည်များနှင့် အလုပ်သမားများ ထိခိုက်မှုရှိလာနေသည်။ လမ်းပိတ်ပင်ထားမှုကြောင့် လုပ်ငန်းလည်ပတ်ခြင်း မရှိသည့်အတွက် အချို့သောအလုပ်သမားများမှာ အလုပ်ရပ်နားခြင်းများ ရှိလာသည်ဟု မောင်တောနယ်စပ်ကုန်သည်များထံမှ သိရသည်။

စစ်တွေမြို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်တစ်ဦးက “ လက်ရှိအခြေအနေမှာ အလုပ်က နှေးကွေးတယ်။ အရင်လိုမဟုတ်ဘူး။ လမ်းတွေပိတ်ထားရင် ပိတ်ထား သလောက်အလုပ်အကိုင်တွေမဖြစ်ကြဘူး။ လွတ်လွတ်လပ်လပ်သွားလာ လို့ရရင် စီးပွားရေးတွေလည်း အဆင်ပြေမယ်။ဖွင့်ပေးရင်တော့ ကိုယ့်အလုပ်ကို ပုံမှန်လုပ်လို့ရတယ်။အလုပ်ဖြစ်ရင်တော့ အဆင်ပြေတယ်။ အလုပ်မဖြစ်ရင်တော့ အဆင်မပြေဘူး” ဟု ဆိုသည်။

ယခုနှစ် အောက်တိုဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာတွင် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၁ဒဿမ ၈၈ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး မောင်တော နယ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၀ဒဿမ၂၃ သန်း တင်ပို့နိုင်ခဲ့သည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိကပို့ဆောင်နေသည့် ကုန်စည်များမှာ ဂျင်း၊ ကြက်သွန်၊ ငရုပ်၊ ဇီးယိုနှင့် ရေထွက်ပစ္စည်းများဖြစ်ပြီး အဆိုပါကုန်ပစ္စည်းမျာကို ရခိုင်ပြည်အတွင်းရှိ မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းနှင့် စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းတို့မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ကုန်သွယ်မှု လုပ်ဆောင်နေခြင်းဖြစ်သည်။

ဗီဒီယိုများ