နိုင်ငံသားစိစစ်ရေးကတ်ကို Smart Card ပြောင်းလဲခြင်းမှာ အချက်အလက်များကို ထိန်းချုပ်ရန်ဟု ရှုမြင်ကြ

စစ်ကောင်စီက နိုင်ငံသားစိစစ်ရေးကတ်များကို Smart Card ပြုလုပ်ရန် လုပ်ဆောင်နေပြီး ရခိုင်ပြည်တွင်လည်း ထိုသို့ပြုလုပ်ရန်အတွက် စာရင်းကောက်ယူခြင်း၊ အသိပညာပေးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

By Admin 26 Oct 2023

ဓာတ်ပုံ - သိကြားစေချင်ငွေသဇင် Facebook Page။
ဓာတ်ပုံ - သိကြားစေချင်ငွေသဇင် Facebook Page။

DMG ၊ အောက်တိုဘာ ၂၆

စစ်ကောင်စီက နိုင်ငံသားစိစစ်ရေးကတ်များကို Smart Card ပြုလုပ်ရန် လုပ်ဆောင်နေပြီး ရခိုင်ပြည်တွင်လည်း ထိုသို့ပြုလုပ်ရန်အတွက် စာရင်းကောက်ယူခြင်း၊ အသိပညာပေးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

စစ်တွေ၊ တောင်ကုတ်၊ သံတွဲနှင့် ရသေ့တောင်မြို့နယ်တို့တွင် Smart Card ပြုလုပ်ရန်အတွက် ကွန်ပျူတာစနစ်ကို အခြေခံပြီး နိုင်ငံသားတစ်ဦးချင်းစီ၏ အချက်အလက်များကို ယခုအောက်တိုလာမှစ၍ ကောက်ယူနေသည်။

စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အဘက်ဘက်၌ မတည်မငြိမ်ဖြစ်နေချိန်တွင် စစ်ကောင်စီက Smart Card ပြောင်းလဲရန် လုပ်ဆောင်နေခြင်းမှာ လူပုဂ္ဂိုလ်တစ်ဦးချင်း၏ အချက်အလက်များကို ထိန်းချုပ်လိုသည့် အတွက်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ရှုမြင်ကြသည်။

“ဒီကာလမှာ အသည်းအသန်လုပ်တယ်ဆိုတာက အချိန်မဟုတ်အခါမဟုတ် လုပ်ဆောင်နေတယ်။ ဒီလို မတည်ငြိမ်တဲ့ကာလမှာ ဆန္ဒပြင်းပြနေတာကို နိုင်ငံရေးအရလည်း ကြည့်သင့်တယ်။ တကယ်လို့ ပြည်သူတွေ လုံခြုံရေးအတွက် လုပ်ဆောင်တယ်ဆိုရင်တော့ ဒေသတည်ငြိမ်နေတဲ့အချိန်မှာ လုပ်ဆောင်သင့်ပါတယ်။” ဟု ရခိုင်က နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဖေသန်းက ပြောသည်။

စစ်တွေမြို့တွင် ပြည်နယ်စစ်ကောင်စီရုံးဝန်ထမ်းများ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား အောက်တိုဘာလ ၂၃ ရက်နေ့မှစ၍ စတင်စာရင်းကောက်ယူနေကြောင်း သိရသည်။

Smart Card ထုတ်ပေးနိုင်ရေးအတွက် Face ID ဟုခေါ်သည့် မျက်နှာပုံရိပ်ဖမ်းခြင်း၊ လက်ဗွေရာယူခြင်း၊ လူတစ်ဦးချင်းစီ၏ အချက်အလက်ကို မှန်ကန်စွာစစ်ဆေးနိုင်မည့် Biometric (ခေါ်) ဇီဝမှတ်တမ်းများကို ကောက်ယူခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

“စာရင်းကောက်ထားတာက ကွန်ပြူတာစနစ် အခြေခံထားတော့ ဘယ်အရပ်ရောက်ရောက် Face ID ကြည့်လိုက်တာနဲ့ ဒီလူက အမှန်တကယ် နိုင်ငံသားဟုတ်၊ မဟုတ် ခွဲခြားနိုင်ပါတယ်။” ဟု ဦးလှသိန်းက ရေးသားထားသည်။

နိုင်ငံသားစိစစ်ရေးကတ်မှာ လူနှင့် ကိုင်ဆောင်ထားသူ တစ်ထပ်တည်းမကျခြင်းများရှိပြီး နိုင်ငံသားမဟုတ်ဘဲ နိုင်ငံသားစိစစ်ရေးကတ်ကို မသာမာသည့်နည်းဖြင့် ကိုင်ဆောင်မှုရှိသဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းက ပိုမိုကောင်းမွန်ကြောင်း စစ်ကောင်စီကဆိုသည်။

Smart Card လုပ်ဆောင်ရေးနှင့်ပတ်သက်၍ သံတွဲမြို့နယ်တွင်လည်း ယခုအောက်တိုဘာလမှစ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အသိပညာပေးသင်တန်းများ ပို့ချပေးနေကြောင်း သိရသည်။

စစ်ကောင်စီက Smart Card လုပ်ဆောင်ခြင်းအပေါ် စောင့်ကြည့်ရမည်ဟု သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

“ဒီကာလဟာ စစ်ကောင်စီရဲ့ အမြတ်ထုတ်လို့ကောင်းတဲ့ အချိန်လည်းဖြစ်တယ်။ Smart Card လုပ်လိုက်လို့ ကျနော်တို့ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ရသွားပြီဆိုပါစို့။ ဒါဆိုရင် သူတို့ မသင်္ခါတဲ့အချိန် လုပ်ချင်သလိုလည်း လုပ်နိုင်တယ်လေ။” ဟု ၎င်းကပြောသည်။

လက်ရှိ ရခိုင်ပြည်တွင် ခိုးဆိုးလုယက်မှု၊ လူသတ်မှု၊ ဓားပြတိုက်မှု စသည့် မှုခင်းဖြစ်စဉ်များ ထူပြောနေပြီး တရားခံဖော်ထုတ် အရေးယူပိုင်းမှာလည်း အားနည်းနေသည်။

ယင်းကြောင့် နိုင်ငံသားစိစစ်ရေးကတ်များကို နည်းပညာမြှင့်တင်လုပ်ဆောင်ခြင်းမှာ ပြည်သူများ၏ လုံခြုံရေးအတွက် ရည်ရွယ်ခြင်းသာဖြစ်စေချင်ကြောင်း ဒေသခံများကပြောဆိုကြသည်။

“အဲဒီလိုလုပ်တာက လူသတ်မှုတို့လို အမှုတစ်ခုဖြစ်ရင်လည်း တရားခံတွေကို ဖမ်းမိဖို့ လွယ်သွားမယ်။ အဲဒီလိုမဟုတ်ဘဲ နိုင်ငံရေးအရဆိုရင်တော့ ဒါကပိုပြီးတော့ ပြည်သူတွေရဲ့လုံခြုံရေး ပိုတင်းကျပ်သွားမယ်။ ဘာပဲဖြစ်ဖြစ် အခုတော့ စောင့်ကြည့်ရဦးမယ်။” ဟု ပေါက်တောမြို့မှ မဇင်ဇင်က ပြောသည်။

Smart Card စနစ် ပြုလုပ်ခြင်းသည် လိုအပ်သည့်အချက်အလက်များကို တစ်နေရာတည်းတွင် သိမ်းဆည်းထားခြင်း၊ နိုင်ငံတော်လုံခြုံမှုကို အထောက်အကူပြုခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ပိုမိုလွယ်ကူနိုင်သော နည်းစနစ်ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံသားစိစစ်ရေးကတ်များကို Smart Card ပြောင်းလဲရန်အတွက် ပြီးခဲ့သည့် NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်တွင် စတင်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ သန်းခေါင်းစာရင်းအရ လူဦးရေ ၅၁ သန်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူ ၃၈ သန်းရှိကြောင်း သိရသည်။

ဗီဒီယိုများ