ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် အဝေးသင်ကျောင်းသား/သူများ ကျောင်းတက်ရန် အခက်တွေ့နေ 

ယခုနှစ် အဝေးသင်တက္ကသိုလ် တက်ရောက်မည့် ရခိုင်က ကျောင်းသား/သူများမှာ နေစရိတ်၊ စားစရိတ်အပြင် ကျူရှင်စရိတ် မြင့်တက်မှုတို့ကြောင့် ပညာသင်ကြားရန် အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။ 

By Admin 23 Aug 2023

ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် အဝေးသင်ကျောင်းသား/သူများ ကျောင်းတက်ရန် အခက်တွေ့နေ 

DMG ၊ ဩဂုတ် ၂၃

ယခုနှစ် အဝေးသင်တက္ကသိုလ် တက်ရောက်မည့် ရခိုင်က ကျောင်းသား/သူများမှာ နေစရိတ်၊ စားစရိတ်အပြင် ကျူရှင်စရိတ် မြင့်တက်မှုတို့ကြောင့် ပညာသင်ကြားရန် အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။ 

“အဆောင်စရိတ်၊ ကျောင်းစရိတ်တွေက အရင်နှစ်ကထက် နှစ်ဆနီးပါးတက်နေပြီ။ ထမင်းစားစရိတ်ကလည်း ထိုးတက်နေတယ်။ ပညာသင်ဖို့ထောက်ပံ့တဲ့ မိဘတွေရဲ့စီးပွားရေးကလည်း အဆင်မပြေဘူး” ဟု စစ်တွေတက္ကသိုလ်တွင် တက်ရောက်မည့် ပေါက်တောမြို့နယ်၊ တောင်ပုတ်ကေကျေးရွာမှ သမိုင်းအထူးပြု ဒုတိယနှစ် ကျောင်းသူ မခင်မျိုးစိုးက ပြောသည်။  

ပြီးခဲ့သည့်နှစ်က အဝေးသင်ကျောင်းသားတစ်ဦးလျှင် အဆောင်နေစရိတ် ငွေကျပ် ငါးသောင်း၊ ထမင်းစားစရိတ် ခုနစ်သောင်းကျပ်နှင့် ကျူရှင်လခ တစ်သိန်းနှစ်သောင်းကျပ် ရှိခဲ့သည်။ ယခုနှစ်တွင် အဆောင်နေစရိတ် ရှစ်သောင်းကျပ်၊ ထမင်းစားစရိတ် တစ်သိန်းနှစ်သောင်းနှင့် ကျူရှင်လခမှာ နှစ်သိန်းကျပ်အထိ ဈေးမြင့်တက်နေကြောင်း အဝေးသင်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများထံမှ သိရသည်။  

ပညာသင်စရိတ်အပြင် ကျောင်းသွား/ကျောင်းပြန်အပါအဝင် အထွေထွေ လူသုံးကုန်ပစ္စည်းများလည်း ဈေးဆနှစ်အထိ မြင့်တက်နေသဖြင့် နယ်ဝေးမှ ကျောင်းလာတက်မည့် ကျောင်းသား၊ ကျောင်းသူများမှာ ပို၍ အခက်ကြုံကြရသည်။  

“ကုန်ဈေးနှုန်းတွေအပြင် ကျူရှင်စရိတ်ကပါ နှစ်ဆနီးပါးတက်နေတော့ အရင်နှစ်က ၆ သိန်းလောက် ကုန်တာ ဒီနှစ်တော့ သိန်းဆယ်ကျော်ကုန်မှာပဲ” ဟု ကျောက်တော်မြို့နယ်၊ ဝပြန်ကျေးရွာမှ ပထဝီအထူးပြု တတိယနှစ်ကျောင်းသားတစ်ဦးက ပြောသည်။  

လက်ရှိတွင် အဝေးသင် ပထမအသုတ်ကျောင်းသားများ ကျောင်းတက်ရောက်နေဆဲဖြစ်ပြီး ကျောင်းသားဦးရေ အများဆုံးဖြစ်သော ဒုတိယအသုတ်နှင့် တတိယအသုတ်များမှာ လာမည့်လများအတွင်း ကျောင်းတက်ရတော့ မည်ဖြစ်သည်။ 

ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ပညာသင်စရိတ်မှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာခြင်းကြောင့် ရခိုင်က တက္ကသိုလ်ကျောင်းသား/သူတချို့မှာ ကျောင်းဆက်မတက်တော့ဘဲ ပြည်ပနိုင်ငံများသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်နေမှုများလည်း ရှိနေသည်။ 

မြောက်ဦးမြို့နယ်မှ အဝေးသင်ကျောင်းသား ကိုနိုင်လင်းက “တစ်နှစ်မှာ တစ်လကျော်လောက် တက်ရမှာကို ကုန်ကျစရိတ်က မလွယ်ဘူး။ ကျောင်းတက်ဖို့ ရှာရတဲ့ငွေကလည်း မလွယ်ဘူးလေ။ ဒါကြောင့် အဝေးသင်မတက်ဘဲ ထိုင်းမှာပဲ အလုပ်လုပ်နေတာ” ဟု ပြောသည်။  

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုနှင့်အတူ ကုန်ဈေးနှုန်းများမှာ နေ့စဉ်နှင့်အမျှ မြင့်တက်နေ၍ ပြည်သူလူထုမှာ စားဝတ်နေရေးအကြပ်အတည်းနှင့် ရင်ဆိုင်နေကြရသည်။ 

#I010

ဗီဒီယိုများ