မုန်တိုင်းကြောင့် နစ်နာခဲ့ရသည့် ရခိုင်က ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများအတွက် ချေးငွေပေးမည်ဟု စစ်ကောင်စီ ကတိပေး

ရခိုင်တွင် မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည့် ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို ပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီက ကူညီပေးမည်ဖြစ်ဟု ပြောဆိုခဲ့ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

By Admin 22 Jun 2023

မုန်တိုင်းကြောင့် ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာမှ ပျက်စီးသွားသည့် စက်လှေများအား မေလ ၂၃ ရက်နေ့က တွေ့ရစဉ်။
မုန်တိုင်းကြောင့် ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာမှ ပျက်စီးသွားသည့် စက်လှေများအား မေလ ၂၃ ရက်နေ့က တွေ့ရစဉ်။

DMG ၊ ဇွန် ၂၂

ရခိုင်တွင် မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည့် ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို ပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီက ကူညီပေးမည်ဖြစ်ဟု ပြောဆိုခဲ့ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

စစ်ကောင်စီ၏ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ရခိုင်က ရေလုပ်ငန်းနှင့် မွေးမြူရေး လုပ်ငန်းရှင်တို့သည် ဇွန်လ ၂၀ ရက်နေ့က စစ်တွေမြို့တွင် တွေ့ဆုံခဲ့ကြသည်။

စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက “ငါးဖမ်းလုပ်ငန်းများတွင် ပျက်စီးဆုံးရှုံးသွားသည့် လှေ၊ ငါးဖမ်းပစ္စည်းများအား ပြန်လည်ပြုပြင်နိုင်သည်များကို အမြန်ဆုံးပြုပြင်ပြီး လုပ်ငန်းခွင် အမြန်ဆုံးပြန်လည်ဝင်ရောက်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် အလုံးစုံ ပျက်စီးသွားသည့် လုပ်ငန်းသုံးပစ္စည်းများကို စိစစ်ပြီး ထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်ပေးသွားမည်”ဟု တွေ့ဆုံပွဲတွင်ပြောဆိုခဲ့ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

အဆိုပါတွေ့ဆုံပွဲတွင် ရခိုင်ပြည်အတွင်းက ပုစွန်၊ ကဏန်းပျော့၊ ငါးနှင့် ပုစွန်သားပေါက်မွေးမြူရေး စသည့်လုပ်ငန်းရှင်များအပြင် နွား၊ အသားစားကြက်၊ ဥစားကြက်၊ ဆိတ် စသည့်မွေးမြူရေးလုပ်ငန်းရှင်များမှ ၎င်းတို့လုပ်ငန်းများ ပျက်စီးဆုံးရှုံးမှုများကို တင်ပြခဲ့ကြကြောင်း သိရသည်။

“လုပ်ငန်းရှင်တွေက အတိုးမဲ့၊ ဒါမှမဟုတ် အတိုးနည်း ချေးငွေတွေ ထုတ်ချေးပေးဖို့ တောင်းဆိုခဲ့ကြတယ်။ သူတို့ (စစ်ကောင်စီ)ဘက်က အတိုးမဲ့တော့ မပေးဘူး၊ အတိုးနည်းနဲ့ လုပ်ပေးဖို့ဆိုပြီး ပြောသွားတယ်။ အတိုးမဲ့ ချေးပေးရင် ချေးမယ့်သူတွေပိုများမယ်၊ အတိုးနည်းနဲ့ဆိုရင်‌တော့ သူတို့ဘတ်ဂျတ်အရလည်း အဆင်ပြေတယ်လို့ ပြောတယ်”ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီမှထုတ်ချေးပေးမည့် အတိုးနည်းချေးငွေများကို အမြန်ဆုံးရရှိရန် ရခိုင်က လုပ်ငန်းရှင်များ လိုလားနေကြသည်။ သို့သော် ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများအတွက် စစ်ကောင်စီက ဘတ်ဂျတ်ငွေ မည်မျှပေးမည်ကို အတိအကျ မသိခဲ့ရကြောင်း လုပ်ငန်းရှင်များဆိုသည်။

“အခုထိ လုပ်ငန်းတွေ မလည်ပတ်နိုင်ကြသေးဘူး။ ပျက်စီးသွားတာကို မပြန်နိုင်ကြဘူး၊ စက်လှေတွေ၊ ပိုက်တွေကို အစားပြန်မဝယ်နိုင်ကြသေးဘူး။ အခုရွာမှာ လူတွေက အလုပ်အကိုင်မရှိကြတော့ဘူး။ အခုလို ထုတ်ချေး ပေးမယ်ဆိုတော့ အရမ်းဝမ်းသာတယ်။ အမြန်ချေးပေးရင်တော့ ပိုကောင်းပါတယ်” ဟု ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာမှ ရေလုပ်ငန်းလုပ်ကိုင်သည့် ဒေါ်ခင်ခင်သိန်းကပြောသည်။

မုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်းက မြေပုံမြို့နယ်နှင့် ပေါက်တောမြို့နယ်တို့မှ ရေလုပ်ငန်းများမှာ ထိခိုက်မှုပိုများခဲ့ရပြီး စက်လှေနှင့် ငါးဖမ်းပိုက်များ ပျက်စီးဆုံးရှုံးခဲ့ကြရသည်။

“ရွာမှာ စက်လှေတချို့ ပျက်စီးသွားကြတယ်။ ပျက်စီးသွားတဲ့ စက်လှေပိုင်ရှင်တွေက ပြန်မလုပ်နိုင်လို့ သူများဆီမှာ အငှားလိုက်လုပ်နေရတယ်။ အငှားလုပ်ပြီးမှ သူတို့သားသမီးတွေကို ရှာကျွေးနေကြရတယ်။ ဆုံးရှုံးသူတွေအတွက် အခုလို သူတို့(စစ်ကောင်စီ)ဘက်က ချေးငွေတွေ ထုတ်ချေးပေးရင်တော့ ပိုကောင်းတာပေါ့”ဟု မြေပုံမြို့နယ်၊ ရှင်တော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံသိန်းကပြောသည်။

ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတမ်း ဒေသတစ်ခုဖြစ်သည့်အလျှောက် ဒေသခံအများအပြားမှာလည်း ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကာ အသက်မွေးကြသည်။

မုန်တိုင်းတိုက်ခတ်ပြီးနောက် ရေလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံများမှာ လုပ်ငန်းပြန်လည်ပတ်နိုင်ရန် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

#R005

ဗီဒီယိုများ