ဆေးဝါးမလုံလောက်မှုကြောင့် ဖရူဆိုစစ်ဘေးရှောင်စခန်းမှ သက်ကြီးရွယ်အိုများ တစ်လလျှင် ၃ ဦးနှုန်း သေဆုံးနေ

ပြီးခဲသည့် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ ၁၃ လတာအတွင်း ဆေးဝါးမလုံလောက်မှုကြောင့် သက်ကြီးရွယ်အိုများမှာ လစဉ် ၃ ဦးနှုန်းပျမ်းမျှ အသက်ဆုံးရှုံးနေရပြီး သေဆုံးသူဦးရေ (၃၉) ဦးအထိရှိကြောင်း ဆေးကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

By Admin 01 Feb 2023

ဆေးဝါးမလုံလောက်မှုကြောင့် ဖရူဆိုစစ်ဘေးရှောင်စခန်းမှ သက်ကြီးရွယ်အိုများ တစ်လလျှင် ၃ ဦးနှုန်း သေဆုံးနေ

ထီးပရူးနူး စစ်ရှောင်စခန်းက စစ်ဘေးရှောင် သက်ကြီးရွယ်အိုတစ်ဦးကို တွေ့ရစဉ်။/ ဓာတ်ပုံ - Karenni's Voice

DMG ၊ ဖေဖော်ဝါရီ ၁

ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် နေမကောင်းဖြစ်သည့်အခါ၌ ဆေးဝါး မလုံလောက်မှုကြောင့် သက်ကြီးရွယ်အိုများမှာ ပျမ်းမျှအားဖြင့် တစ်လလျှင် ၃ ဦးနှုန်း သေဆုံးနေရကြောင်း  စစ်ဘေးရှောင်ကူညီရေး ဆောင်ရွက်နေသူများထံက သိရသည်။

စစ်ဘေးရှောင်ဦးရေ ၂,၀၀၀ ကျော်ရှိသော ဖရူဆိုမြို့နယ် ထီးပရူးနူးနှင့် ပဆိုစစ်ရှောင်စခန်းတွင် ပြီးခဲသည့် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ ၁၃ လတာအတွင်း ဆေးဝါးမလုံလောက်မှုကြောင့် သက်ကြီးရွယ်အို သေဆုံးသူဦးရေ (၃၉)ဦးအထိရှိကြောင်း စစ်ဘေးရှောင်များကို ဆေးကုသပေးနေသူတစ်ဦးက ပြောသည်။

“သက်ကြီးရွယ်အိုတွေ အများဆုံးပဲ။ အသက် ၇၀ ကျော်ကနေ ၉၀ အရွယ်အထိ ဖြစ်နေတာ။ လိုအပ်တဲ့ ဆေးဝါးတွေ မရတာတွေကြောင့် အသက်ဆုံးရှုံးတာများတယ်။ အစားအသောက် ချို့တဲ့မှုကြောင့်လည်းပါတယ်။ တစ်လကို ပျမ်းမျှ သုံးဦးနှုန်းလောက်ကို အသက်ဆုံးရှုံးတယ်”ဟု ၎င်းကပြောသည်။

၄င်းစစ်ဘေးရှောင်စခန်းများအတွင်း ဒီးမောဆို မိုဆိုမီးရွာနှင့် စံပြ(၆)မိုင်မှ စစ်ဘေးရှောင် ၂,၀၀၀ ကျော် နေထိုင်လျက်ရှိကာ သက်ကြီးရွယ်အို ၂၀၀ ကျော်အထိရှိကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။

စစ်ဘေးရှောင်ကူညီရေးဆောင်ရွက်နေသည့် ဒေသခံတစ်ဦးက “ဆေးဝါးတွေလည်း အလုံအလောက်မရှိသလို ဆေးခန်းလည်းမရှိ။ နောက် ကုသပေးဖို့ ကျန်းမာရေးဝန်ထမ်းတွေလည်း အရမ်းအားနည်းတဲ့နေရာဖြစ်တော့ အဘိုးအဘွားအရွယ်တွေအနေနဲ့ အသက်ဆုံးရှုံးရတာ ပိုများတယ်”ဟု ပြောသည်။

ဖရူဆိုမြို့နယ်အတွင်းတွင် စစ်ဘေးရှောင်စခန်း (၃)ခုရှိပြီး စစ်ဘေးရှောင်များ၏ ကျန်းမာရေးအတွက် ဆေးဝါး၊ ဆေးပေးခန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးမည့်သူများ အားနည်းလျက်ရှိကြောင်း စစ်ဘေးရှောင်များက ပြောသည်။

စစ်ဘေးရှောင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို အလေးထား ဆောင်ရွက်ပေးစေလိုကြောင်းလည်း စစ်ဘေးရှောင်များက ပြောဆိုကြသည်။ 

“ကျန်းမာရေးအဖွဲ့တွေ လာပြီးတော့ ကုသပေးစေလိုတယ်။ မကြာမကြာပေါ့နော်။ အခုက ရောဂါဖြစ်ရင်တောင် ကုသပေးတဲ့သူဆီကိုပို့ရင်းနဲ့ အသက်မမီတာများတယ်။ ပြီးတော့ အဘိုးအဘွားအရွယ်တွေ ဖြစ်နေတဲ့အတွက် အသက်ဆုံးဖို့က အရမ်းများတယ်။ အခု အေးတဲ့အချိန်ဆို ပိုဆိုးတယ်။ အရင်ထက်ပိုပြီး ဆေးဝါးကုသတာ လုပ်ပေးစေချင်တယ်”ဟု ပဆိုစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ဖရူဆိုမြို့နယ်တွင် တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ယခု ၂၀၂၃ ဇန်နဝါရီလကုန်အထိ စစ်ဘေးရှောင်ဦးရေ ၄,၄၀၃ ဦးရှိပြီး သက်ကြီးရွယ်အို ၅၀၀ ဦးအထိရှိနေကြောင်း ကရင်နီလူမှုအသင်းများ ကွန်ရက်၏ စာရင်းအရ သိရသည်။

#F004 

ဗီဒီယိုများ