တရုတ်-မြန်မာဖက်စပ် ကုမ္ပဏီနှစ်ခုကို ကချင်တွင် စိုက်ပျိုးရေးလုပ်ငန်းသုံးခု ရင်းနှီးမြှုပ်နှံခွင့်ပြုထား

ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းသုံးခုအတွက် တရုတ် - မြန်မာဖက်စပ် ကုမ္ပဏီနှစ်ခုကို စစ်ကောင်စီက ရင်းနှီးမြှုပ်နှံခွင့်ပြုထားကြောင်း ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။ 

By Admin 10 Aug 2023

ဓာတ်ပုံ - Shwe Htoo
ဓာတ်ပုံ - Shwe Htoo

DMG ၊ သြဂုတ် ၁၀ 

ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းသုံးခုအတွက် တရုတ် - မြန်မာဖက်စပ် ကုမ္ပဏီနှစ်ခုကို စစ်ကောင်စီက ရင်းနှီးမြှုပ်နှံခွင့်ပြုထားကြောင်း ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။ 

မက္ကဒေးမီးယား၊ ပင်မှည့်၊ ရော်ဘာ စိုက်ပျိုးရေးလုပ်ငန်းများအတွက် Sanyaung Myanmar Investment ကုမ္ပဏီနှင့် Sin Xin Myanmar Myitkyina ကုမ္ပဏီတို့ကို ယခုလဆန်းပိုင်းမှစ၍ ရင်းနှီးမြှုပ်နှံခွင့်ပေးခဲ့ထားပြီး စီမံကိန်းအား မည်သည့်အချိန်တွင် အကောင်အထည်ဖော်မည်ကို မသိရသေးဟု ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီလုပ်ငန်းတွေကနေ ပြည်တွင်းမှာ အလုပ်သမား တစ်ထောင့်ငါးရာကျော်လောက်ကို အလုပ်ကိုင်အခွင့်လမ်းပေးနိုင်လိမ့်မယ်” ဟု ၎င်းကပြောသည်။

မက္ကဒေးမီးယား၊ ပင်မှည့် စိုက်ပျိုးရေးလုပ်ငန်းအတွက် အမေရိကုန်ဒေါ်လာ ၀ ဒသမ ၈၇၈ သန်းနှင့် ရော်ဘာစိုက်ပျိုးရေးလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၀ ဒသမ ၁ သန်း - စုစုပေါင်း အမေရိကန်ဒေါ်လာ ၀ ဒသမ ၈၇၉ သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။ 

မြန်မာစိုက်ပျိုးရေးထွက် မက္ကဒေးမီးယား၊ ပင်မှည့်သီးများကို တရုတ်နှင့် ထိုင်းနိုင်ငံက အဓိကဝယ်ယူလျက်ရှိပြီး တစ်ကီလိုလျှင် ငွေကျပ် ၂၈,၀၀၀ ရရှိကြောင်း ကုန်သည်များထံမှ သိရသည်။ 

မြန်မာနိုင်ငံတွင် ရော်ဘာ အစေးခြစ်ဧက ရှစ်သိန်းခွဲကျော်ရှိပြီး တစ်နှစ်လျှင် တန်ချိန်သုံးသိန်းကျော်ထွက်ရှိသည်။ ပြည်တွင်းထွက်ရှိသော ရော်ဘာတန်ချိန်စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ဝယ်ယူလျက်ရှိသည်။ လက်ရှိ ပြည်တွင်းပေါက်ဈေးမှာ တစ်ပေါင်လျှင် ငွေကျပ် ၁,၃၀၀မှ ၁,၇၀၀ အကြားရှိသည်။ 

“တရုတ်နဲ့ပတ်သက်ရင် အကျိုးဖြစ်ထွန်းမယ်လို့ သိပ်အယုံကြည်မရှိဘူး။ ပူတာအို နယ်စပ်ဘက်မှာ တရုတ်ကဝယ်တဲ့ ရှောက်ကော(ဟင်းခတ်အမွှေးကြိုင်တစ်မျိုး)တွေ ဝယ်မယ်ဆိုပြီး အများကြီး စိုက်ခိုင်းတယ်။ ပြီးရင် တရုတ်က ဈေးနှိမ်ဝယ်တယ်။ ကချင်တွေ အများကြီးခံရတယ်” ဟု ကချင်ပြည်နယ်၊ ပူတာအိုမြို့ခံ ကိုဘရန်ရှောင်က ပြောသည်။

ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များအခြေခံသည့် ကုမ္ပဏီများက စိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုများစွာရှိပြီး တစ်သျှူးငှက်ပျောစိုက်ခင်း လုပ်ငန်းများကို အကြီးအကျယ် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိသည်။  

#I004

ဗီဒီယိုများ