ကျောက်တော် တင်းမဗျူဟာကုန်းကို AA ထိုးစစ်ဆင်နေ

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မြောက်ပိုင်း ကုလားတန်မြစ်အရှေ့ဘက်ရှိ တင်းမဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် ခုခံကာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။ 

By Admin 26 Dec 2023

ကျောက်တော် တင်းမဗျူဟာကုန်းကို AA ထိုးစစ်ဆင်နေ

တင်းမရွာအရှေ့ဘက် တောင်ရှည်တောင်တွင် အထိုင်ချထားသော စစ်ကောင်စီ၏ တင်းမဗျူဟာကုန်းကို ဒီဇင်ဘာ ၂၅ ရက် နံနက် ၉ နာရီမှစ၍  AA က ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ညနေ ၅ နာရီကျော် အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။ 

“တိုက်ပွဲဖြစ်တာကတော့ မနေ့က မနက်ပိုင်းကနေ ညနေ ၅ နာရီကျော်တယ်။ နေ့လယ်ပိုင်းမှာ ခဏနားခဲ့တာ ရှိတယ်။ ခပေါ်စခန်းကနေပြီး လက်နက်ကြီးပစ်ကူ ပေးခဲ့တာလည်းရှိတယ်။ ကျေးရွာအနီးအနားတွေမှာလည်း လက်နက်ကြီးတွေ ကျရောက်ခဲ့ပါတယ်။ ညနေ ၁၀ နာရီလောက်မှာလည်း ဂျတ်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတာရှိခဲ့ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။   

အဆိုပါတိုက်ပွဲကြောင့် အနီးအနားကျေးရွာများဖြစ်သော ဝက်မကျ၊ သံပုရာထောင့်၊ ခပေါ် စသည့် ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြသည်။

တင်းမတိုက်ပွဲသည် ယမန်နေ့ညနေပိုင်းမှစ၍ ရပ်တန့်နေခဲ့ရာမှ ယနေ့ နေ့လယ်ပိုင်းတွင် လက်နက်ကြီး/ငယ် ပစ်ခတ်သံမျာနှင့်အတူ ပြန်လည်ပြင်းထန်လာကြောင်း ဒေသခံများက ပြောသည်။ 

“မနက်ကတော့ ပစ်သံမကြားဘူး။ ငြိမ်နေတာ မွန်းတည့် ၁၂ နာရီလောက်မှာ စပြီးတော့ ပစ်သံကြားရပါတယ်။ အပြန်အလှန်ပစ်ခတ်သံတွေ မနေ့ကလောက်တော့ မကြားရဘူး။ ဒါပေမဲ့ ကုလားတန်မြစ် အနောက်ဘက်ခြမ်းက ရွာသားတွေကတော့ တိမ်းရှောင်နေရပါတယ်။ လူသေဆုံးမှု ရှိ၊ မရှိကိုတော့ လောလောဆယ် မသိရသေးပါဘူး” ဟု တိမ်းရှောင်နေသည့်  ဒေသခံတစ်ဦးက ပြောသည်။  

တင်းမဗျူဟာကုန်းသည် ကျောက်တော်နှင့် ပလက်ဝမြို့နယ် နယ်စပ်အနီးတွင် ကုလားတန်မြစ်ကြောင်းကို အဓိက စိုးမိုးသည့် စခန်းကုန်းဖြစ်ပြီး တပ်သားအင်အား ရာချီဖြည့်တင်းထားကာ ၂၀၁၉ ခုနှစ်မှစတင်ပြီး တပ်စွဲထားခြင်း ဖြစ်သည်။ ယင်းစခန်းနှင့်အတူ ခပေါ်ကျေးရွာအနီး တောင်ရှည်တောင်တန်းတွင်လည်း  စစ်ကောင်စီတပ်စခန်း တစ်ခုရှိကြောင်း သိရသည်။  

တတိယအကြိမ် တစ်ကျော့ပြန်တိုက်ပွဲအတွင်း AA သည် ကုလားတန်မြစ်ကြောင်းတစ်လျှောက်၊ ပလက်ဝ မြို့နယ်နှင့် နယ်စပ်ဒေသတစ်လျှောက်ရှိ တပ်စခန်းများ၊ ဗျူဟာကုန်းများကို ဆက်တိုက် တိုက်ခိုက်နေသည်။ 

“AA ဘက်ကတော့ သူတို့လိုအပ်တဲ့ နေရာတွေကို ဆက်တိုက် တိုက်ခိုက်နေမှာပဲ။ အခုတိုက်ပွဲမှာ AA က အသာရနေတာဖြစ်လို့ အကုန်လုံးကို ထိုးစစ်ဆင်ပြီး တိုက်ခိုက်နေမယ်လို့ မြင်ရတယ်” ဟု ရခိုင်နိုင်ငံရေးသမား ဦးအောင်သောင်းရွှေက ပြောသည်။ 

AA သည် ပလက်ဝမြို့နယ်က တပ်စခန်းကြီးဖြစ်သည့် တရွန်အိုင်ဗျူဟာကုန်း၊ နှုံးဘူးဗျူဟာကုန်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ မောင်တော- 
အငူမော်ကားလမ်းပေါ်ရှိ ရသေ့တောင် ချိန်ခါလိန်၊ ဒုံးပိုက်၊ မောင်တောမြောက်ပိုင်း ဒုံးညိုစခန်းနှင့် ဘူးသီးတောင် ခထီးလှစခန်း တို့ကို ထိုးစစ်ဆင်သိမ်းပိုက်ထားပြီး ရခိုင်ပြည်အနှံ့က စစ်ကောင်စီတပ်သားများ စွန့်လွှတ်ထားခဲ့သော စခန်း ၁၄၀ ကျော်ကို သိမ်းပိုက်ရရှိထားသည်။

ယမန်နေ့ ဒီဇင်ဘာ ၂၅ ရက်တွင် ပုဏ္ဏားကျွန်း- ရသေ့တောင်ကားလမ်းရှိ လက်ဝဲစာတိုက်ကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းများကိုလည်း AA မှ ထိုးစစ်ဆင်တိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်။ 

ရခိုင်မှာ တတိယအကြိမ် တကျော့ပြန်တိုက်ပွဲသည် ရခိုင်ပြည်တောင်ပိုင်းမြို့နယ်များအထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာနေပြီး မြို့နယ် ၁၄ ခုအထိ ဖြစ်ပွားနေကာ မြို့တွင်းတိုက်ပွဲများလည်း ဖြစ်နေသည်။ 

ဗီဒီယိုများ