စစ်ကောင်စီ သက်တမ်းတိုးခြင်းကြောင့် တိုင်းပြည်နစ်နာဟုဆို

စစ်ကောင်စီက နောက်ထပ် သက်တမ်းခြောက်လ တိုးလိုက်ခြင်းမှာ တိုင်းပြည်အတွက် နစ်နာသဖြင့် မဖြစ်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုကြသည်။

By Admin 02 Feb 2023

စစ်ကောင်စီ သက်တမ်းတိုးခြင်းကြောင့် တိုင်းပြည်နစ်နာဟုဆို

ဓာတ်ပုံ - CINCDS

DMG ၊ ဖေဖော်ဝါရီ ၂

စစ်ကောင်စီက နောက်ထပ် သက်တမ်းခြောက်လ တိုးလိုက်ခြင်းမှာ တိုင်းပြည်အတွက် နစ်နာသဖြင့် မဖြစ်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုကြသည်။

စစ်ကောင်စီက သက်တမ်းတိုးယူလိုက်ခြင်းသည် ပြည်သူနှင့် ဒီမိုကရေစီ ကင်းကွာသွားပြီး တစ်နိုင်ငံလုံးတွင် အကြမ်းဖက်မှုများ၊ မငြိမ်သက်မှုများ ပိုမိုကြီးထွားလာသဖြင့် တိုင်းပြည်မှာ တဖြည်းဖြည်း ဆုံးရှုံးလာသည်ဟု နိုင်ငံရေးအကဲခတ်တို့က ထောက်ပြကြသည်။

“စစ်တပ်က ဥပဒေနဲ့တစ်မျိုး၊ ဥပဒေမဲ့ အာဏသိမ်းတယ်ဆိုပြီးတော့တစ်မျိုး သူတို့ အကြိမ်ကြိမ် လုပ်ခဲ့တာတွေ ရှိတယ်။ ဒါကြောင့် တိုင်းပြည်လည်း တော်တော့ကို နစ်နာနေပြီ။ အခုလည်းပဲ ကျနော်တို့က ပြည်သူတွေရဲ့ ဒီမိုကရေစီအရေးတော်ပုံအတွက် စစ်တပ်က အကြိမ်ကြိမ်အာဏာသိမ်းတယ်။ ဒါကြောင့် ကျနော်တို့ပြည်သူတွေ အနေနဲ့ ဒီလိုကိစ္စမျိုးမှာ ဘယ်တော့မှမထောက်ခံဖို့ တိုက်ပွဲဝင်သင့်တယ်”ဟု နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဖေသန်းကပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့်အချိန်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အာဏာပြန်လည် လွှဲပြောင်းပေးရမည်ဖြစ်သည်။ သို့သော် တိုင်းပြည် သာမန်အခြေအနေ မဟုတ်ဟုအကြောင်းပြကာ စစ်ကောင်စီသက်တမ်းကို ယမန်နေ့(ဖေဖော်ဝါရီလ ၁ ရက်နေ့)မှ ခြောက်လတိုးခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပုဒ်မ ၄၂၅ တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုလွှတ်တော် သက်တမ်းကုန်ဆုံးသွားချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအား ပေးအပ်ထားသည့် တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်း မပြုနိုင်သေးသဖြင့် သတ်မှတ်ချိန်ကာလ တိုးမြှင့်ပေးရန် အကျိုးအကြောင်းတင်ပြပါလာပါက သာမာန်အားဖြင့် တစ်ကြိမ်လျှင် ၆ လအထိ ၂ ကြိမ် တိုးမြှင့်ပေးနိုင်သည်ဟု ပြဌာန်းထားသည်။

အဆိုပါဥပဒေတွင် သာမာန်အားဖြင့် တစ်ကြိမ်လျှင် ၆ လအထိ ၂ ကြိမ်တိုးမြှင့်နိုင်ကြောင်း ပြဌာန်းထားသော်လည်း သာမန်အခြေအနေမဟုတ်လျှင် တိုးနိုင်သည့် သက်တမ်းကာလကို ပြဌာန်းထားခြင်းမရှိပေ။

“အဲဒီပုဒ်မ ၄၂၅ မှာ သာမာန်အားဖြင့် ၆ လအထိ ၂ ကြိမ် ပေးနိုင်တယ်ဆိုပြီးတော့ သာမာန်မဟုတ်လို့ရှိရင် ၆ လ ဘယ်နှစ်ကြိမ်လည်းဆိုတာက သူတို့ မပြောပြထားဘူး။ မပြောပြထားတဲ့အတွက်ကြောင့် ၆ လ ၂ ကြိမ်မက ၃ ကြိမ်မက တိုးချင်လည်းတိုးမှာပေါ့။ အခြေအနေက သာမာန်အခြေအနေ မရောက်ချင်းပေါ့။ အဲဒါကို ဘယ်သူက လုပ်မလဲဆိုတော့ ခုံရုံးကို တင်လျှောက်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေက ခုံရုံးကိုမေးလိုက်တဲ့အခါ ခုံရုံးက ကိုက်ညီပါတယ်ဆိုရင် ပြီးပြီ။ ခုံရုံးကလည်း သူတို့လက်ခံထားတဲ့ ခုံရုံးဖြစ်တယ်”ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟုအကြောင်းပြကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။

စစ်ကောင်စီက “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ”ကို ပြင်ဆင်ပြဌာန်းခဲ့ပြီး အချိုးကျကိုယ်စားပြုစနစ် (Proportional Representation–PR)ဖြင့် ရွေးကောက်ပွဲကျင်းပပေးမည်ဟု အသံပြုခဲ့သော်လည်း အာဏာသိမ်းမှု ၂ နှစ်ပြည့်မြောက်သည့်နေ့တွင် သက်တမ်းခြောက်လ ထပ်တိုးလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စစ်အာဏာသိမ်းမှု ၂ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံတွင် နေရာအနှံ သေနတ်သံများ ထွက်ပေါ်လျက်ရှိကာ နိုင်ငံရေး၊ စီးပွားရေး စသည့်ကဏ္ဍအသီးသီးမှာလည်း အဘက်ဘက်ကယိုယွင်းနေသဖြင့် ပြည်သူများမှာ အကျပ်အတည်းများနှင့် ပိုမိုရင်ဆိုင်နေကြရသည်။

လက်ရှိတွင် စစ်ကောင်စီက အာဏာထပ်တိုးရယူခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ရာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားကာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည်။

အလားတူ စစ်ကောင်စီ၏ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များကိုလည်း ပြောင်းလဲခန့်အပ်ခဲ့ကာ ရခိုင်ပြည်တွင် စစ်ကောင်စီကခန့်အပ်ခဲ့သည့် ဒေါက်တာ အောင်ကျော်မင်း နေရာတွင် ဗိုလ်မှူးကြီး(ငြိမ်း) ထိန်လင်းကို အစားထိုး ခန့်အပ်ခဲ့သည်။

ဗိုလ်မှူးကြီး(ငြိမ်း) ထိန်လင်းသည် ၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ဘက်မူလတာဝန်များကို ထမ်းဆောင်ခဲ့ပြီးနောက် တပ်မတော်က အနားယူခဲ့သည်။ ၎င်းကို နိုင်ငံတော်သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်း ၂၀၂၀ မေလ ၂၀ ရက်နေ့တွင် ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။

#R007

ဗီဒီယိုများ