- ICC ရှေ့နေ ကယ်ရင်ခန် လိင်မတော်မတရားမှုဖြင့် စစ်ဆေးခံနေရ
- စစ်ကောင်စီ၏ အငြိုးအတေး ပစ်မှတ်အောက်က မြို့ကျောက်တော်
- ဧရာဝတီ၊ ကွင်းကောက်မြို့အနီးက ကပျိုစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်
- ကြောက်မက်ဖွယ် လူသတ်ပွဲကြီး ဆင်နွှဲနေသည့် စစ်ကောင်စီ (Vox Pop)
- ပေါက်တောက ကျေးရွာအချို့တွင် သောက်သုံးရေ ပြတ်လပ်နေ
ရခိုင်တွင် မျိုးစပါးစမ်းသပ်ထုတ်လုပ်မှု ရလဒ်ကောင်းနေ
ရခိုင်ပြည်တွင် လယ်ယာလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအတွက် မျိုးစပါး စမ်းသပ်ထုတ်လုပ်နေမှုမှာ အောင်မြင်ဖြစ်ထွန်းကြောင်း “ဓညဝတီမျိုးစေ့ထုတ်အသင်း” တာဝန်ရှိသူများထံမှ သိရသည်။
28 Jun 2023

DMG ၊ ဇွန် ၂၈
ရခိုင်ပြည်တွင် လယ်ယာလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအတွက် မျိုးစပါး စမ်းသပ်ထုတ်လုပ်နေမှုမှာ အောင်မြင်ဖြစ်ထွန်းကြောင်း “ဓညဝတီမျိုးစေ့ထုတ်အသင်း” တာဝန်ရှိသူများထံမှ သိရသည်။
ရခိုင်လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးနိုင်ရေးအတွက် ဓညဝတီမျိုးစေ့ထုတ်အသင်းက မြောက်ဦးမြို့နယ်တွင် ၂၀၁၉ ခုနှစ်ကစပြီး ပေါ်ဆန်းရင်၊ အိန္ဒိယချေ၊ ထိုင်းနှံကောက်၊ GW 11 (ဒေသအခေါ်ကောက်ချေ) စသည့် ရခိုင်ဒေသနှင့် ကိုက်ညီမည့် မျိုးစပါးများကို စမ်းသပ်စိုက်ပျိုးနေခြင်း ဖြစ်သည်။
“ရခိုင်က လယ်သမားတွေက မျိုးစေ့ဟောင်းတွေကိုပဲ အသုံးပြုစိုက်ပျိုးနေကြတော့ အကျိုးအမြတ်က မထွက်ဘူး။ ကျနော်တို့စမ်းသပ်ထားတဲ့ မျိုးကောင်းမျိုးသန့်မျိုးစေ့တွေကို အသုံးပြုစိုက်ပျိုးစေချင်တယ်။ အဲဒါမှ သူတို့လည်း အဆင်ပြေမှာ” ဟု ဓညဝတီမျိုးစေ့ထုတ်အသင်းအတွင်းရေးမှူး ဦးမောင်သိန်းလွင်က ပြောသည်။
အဆိုပါမျိုးများမှာ ဒေသမျိုးစပါးထက် အရည်အသွေးကောင်းပြီး ဓာတ်မြေဩဇာ အများကြီးသုံးစွဲရန်အလိုဘဲ အထွက်နှုန်းလည်းကောင်းသည်ဟု အသုံးပြုစိုက်ပျိုးပြီး တောင်သူများထံမှ သိရသည်။
မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ကျေးရွာမှ ဦးလှမောင်သိန်းက “ကျနော်မှာက ဧက ၂,၄၀၀ ကျော်ရှိတယ်။ အကုန်လုံး အဲဒီမျိုးတွေနဲ့ပဲစိုက်တာ သုံးနှစ်လောက်ရှိပြီ။ မျိုးက ဒေသနဲ့လည်းကိုက်ညီတော့ စိုက်ရတာ အရမ်းအဆင်ပြေတယ်” ဟု ပြောသည်။
ဓညဝတီမျိုးစေ့ထုတ်အသင်းမှ ထုတ်လုပ်သည့် မျိုးစပါးများကို ရခိုင်ပြည်အတွင်း မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ မြေပုံ မြို့နယ်မှ လယ်သမား ၁၀၀ ကျော်ခန့် စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဒေသမျိုးရင်းစပါး ၁ ဧကလျှင် စပါင်းတင်း ၅၀ နှင့် ၆၀ ကြား ထွက်ရှိပြီး စမ်းသပ်စိုက်ပျိုးသည့် မျိုးစပါးမှာ ၁ ဧကလျှင် တင်း ၁၀၀ ကျော်အထိ ထွက်ရှိကြောင်း လယ်သမားများက ပြောကြသည်။
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာမှ ဦးဇော်မျိုးချစ်က “အားနည်းချက်ကတော့ ဒီလိုထုတ်နေတာ မြောက်ဦးမြို့နယ် တစ်ခုတည်းပဲ၊ လိုသလောက်ဝယ်လို့ မရဘူး။ သူတို့မှာလည်း အများကြီးမထွက်တော့ အဲလိုမျိုးစေ့တွေကို မြို့နယ်တိုင်းမှာ ထုတ်နိုင်ဖို့ မျှော်လင့်တယ်” ဟု ပြောသည်။
ရခိုင်ဒေသနှင့် ကိုက်ညီဖြစ်ထွန်းနေသော မျိုးစပါးများကို ငွေကြေးအခက်အခဲကြောင့် ရခိုင်ပြည်အတွင်းရှိ တောင်သူအားလုံး စိုက်ပျိုးနိုင်ရေးအတွက် တိုးချဲ့မထုတ်လုပ်နိုင်သေးကြောင်း ဓညဝတီမျိုးစေ့ထုတ်အသင်းမှ သိရသည်။
သို့သော်လည်း တောင်သူများကိုယ်တိုင် ထုတ်လုပ်စိုက်ပျိုးနိုင်ရန်အတွက် မျိုးကောင်းမျိုးသန့်များနှင့်ပတ်သက်၍ အသိပညာပေးမှု၊ နည်းပညာပေးမှု စသည့်အကူအညီပေးမှုများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း တာဝန်ရှိသူက ပြောသည်။
ရခိုင်ပြည်တွင် လယ်ဧက ၁၂ သိန်းခွဲကျော်ရှိပြီး တောင်သူများမှာ နည်းပညာအခက်အခဲ၊ ကုန်ကျစရိတ်ကြီးမြင့်မှုတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းမှာ တဖြည်းဖြည်းကျဆင်းနေသည်။
#I010