ပဲခူးတွင် ရေဘေးဒုက္ခသည် နှစ်သောင်းနီးပါးရှိလာ

အောက်တိုဘာ ၈ ရက်နေ့ကစပြီ ယနေ့အချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းမှု၊ ပဲခူးမြစ်ရေ မြင့်တက်နေမှုကြောင့် ပဲခူးမြို့တွင် ရေဘေးဒုက္ခသည် နှစ်သောင်းနီးပါးရှိလာနေကြောင်း သိရသည်။

By Admin 10 Oct 2023

ယနေ့ အောက်တိုဘာလ ၁၀ ရက်နံနက်ပိုင်း ပဲခူးမြို့တွင်းရေနစ်မြုပ်နေမှု ကိုတွေ့ရစဥ်။ ဓာတ်ပုံ - ဆရာထင်ကျော်။
ယနေ့ အောက်တိုဘာလ ၁၀ ရက်နံနက်ပိုင်း ပဲခူးမြို့တွင်းရေနစ်မြုပ်နေမှု ကိုတွေ့ရစဥ်။ ဓာတ်ပုံ - ဆရာထင်ကျော်။

DMG ၊ အောက်တိုဘာ ၁၀

အောက်တိုဘာ ၈ ရက်နေ့ကစပြီ ယနေ့အချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းမှု၊ ပဲခူးမြစ်ရေ မြင့်တက်နေမှုကြောင့် ပဲခူးမြို့တွင် ရေဘေးဒုက္ခသည် နှစ်သောင်းနီးပါးရှိလာနေကြောင်း သိရသည်။

လက်ရှိ မြို့ပေါ်ရပ်ကွက် ၁၅ ခုတွင် ရေလွှမ်းမိုးနေပြီး ပိတ်မိနေသော ရေဘေးဒုက္ခသည်များကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြောင်း ပဲခူးမြို့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းရွှေက ပြောသည်။

“လူထိခိုက်မှုနဲ့ အသေအပျောက်တော့ မရှိပါဘူး။ ပိတ်မိသူတွေရှိနိုင်တာမို့ ကျနော်တို့ ကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။ ရေက မနေ့ညက တက်လာတာပါ။ မိုးမရွာရင်တော့ ပြန်ကျနိုင်တယ်။ အခုထက်ထိတော့ မကျသေးဘူး။ ပဲခူးမြစ်ရေမြင့်တက်လာတာ အထက်က ဇောင်းတူဆည်က ရေကျတာတွေပေါင်းပြီး ရေက မတရားတက်လာတာ” ဟု ဦးသောင်းရွှေက ပြောသည်။

အဆိုပါ ရေလွှမ်းမိုးမှုကြောင့် ဒေသခံလူဦးရေ ၁၈,၈၈၆ ဦးကို ပဲခူးမြို့ပေါ် ဒုက္ခသည်စခန်း ၄၁ ခုတွင် နေရာချထားပြီး ရေဘေးဒုက္ခသည်များအတွက် စစ်ကောင်စီက ငွေကျပ်သိန်း ၅၀၀ ထောက်ပံ့ ပေးသွားမည်ဟုလည်း သိရသည်။

လတ်တလောတွင် ကလျာဏီ၊ ရွာသစ်၊ ကျောက်ကြည်စု၊ မာဇင်း၊ ပုဏားစု၊ မော်ကန်၊ ဆိုရှယ်လစ် ရပ်ကွက်များသည် အဆိုးဆုံးဖြစ်ပြီး အချို့အိမ်များ ရေနစ်မြုပ်နေကာ ပိတ်မိနေသည့်ပြည်သူများ ရှိနေသဖြင့် စက်တပ်လှေများဖြင့် ကယ်ဆယ်ရေးများ လုပ်ဆောင်နေသည်။

ပဲခူးမေတ္တာရွှေစင် ပရဟိတအသင်းတာဝန်ခံ ကိုလေးဖြူက “ပိတ်မိနေတဲ့သူတွေကို ကျနော်တို့အဖွဲ့ကတော့ ပိုက်စိပ်တိုက် လိုက်ရှာနေပါတယ်။ အဓိက ကယ်ဆယ်ရေးစခန်းတွေမှာ လိုအပ်နေတာက အစားအသောက်ပါ။ ကျနော်တို့ ကယ်ဆယ်ရေးသမားတွေ အတွက်ကတော့ စက်တပ်လှေတွေလိုတယ်။ ရိုးရိုးလှေ မရပါဘူး။ စပိဘုတ်လိုမျိုး စက်တပ်ရေယာဉ်ပါ” ဟု ပြောသည်။

ပဲခူးတွင် ရေဘေးဒုက္ခသည် နှစ်သောင်းနီးပါးရှိကြောင်း လူ/ကယ်/ပြန်ဘက်က ပြောဆိုသော်လည်း မြေပြင်အနေအထားအရ ရေဘေးဒုက္ခသည် သုံးသောင်းဝန်းကျင်ခန့်ရှိပြီး အချို့သောသူများက နီးစပ်ရာဆွေမျိုး နေအိမ်များတွင် သွားရောက်နေထိုင်ကြကြောင်း ကယ်ဆယ်ရေးသမားများက ပြောသည်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းသောကြောင့် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ပဲခူးမြို့နှင့် မွန်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်နေသည့်အထဲ ပဲခူးမြို့သည် အဆိုးရွားဆုံးနှင့် အနစ်နာဆုံးဖြစ်သဖြင့် ရန်ကုန်မြို့မှ လူမှုကူညီရေးအသင်းအဖွဲ့များကလည်း သွားရောက်ကူညီကြသည်။

“ကျနော်တို့ကတော့ နောက်တန်းမှာ ကျန်ခဲ့တယ်။ မနက်ကတော့ သုံးသင်းလောက် ပဲခူးကို ထွက်သွားပါပြီ။ ပဲခူးက အခြေအနေဆိုးတယ်လို့ သိရပါတယ်” ဟု ရန်ကုန်အခြေစိုက် ပုလဲလူမှုကယ်ဆယ်ရေးအသင်းမှ ကိုစိုးသန်းက ပြောသည်။

အောက်တိုဘာလ ၈ ရက်နေ့က ငမိုးရိပ်ဆည်တာကျိုးမှု၊ ရိုးချောင်းရေလျှံကျမှု၊ ရေပိုရေလွှဲမှ ရေများ ဖောက်ထုတ်မှုကြောင့် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ရပ်ကွက်အချို့တွင် ရေများ ရုတ်တရက်တက်သဖြင့် ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း ပဲခူးမြို့မှ ကယ်ဆယ်ရေးလုပ်နေသူများထံမှ သိရသည်။

အလားတူ ရန်ကုန်-ပဲခူး ကားလမ်းပေါ်တွင် ရေကျော်မှုများဖြစ်နေသဖြင့် အိမ်စီးကားများ သွားလာရခက်ခဲနေပြီး ရန်ကုန်-ပဲခူး-မော်လမြိုင် ရထားခရီးစဉ်ကို အောက်တိုဘာ ၉ ရက်မှစ၍ နှစ်ပတ်ကြာ ယာယီရပ်နားထားရသည်။

ပဲခူး မီးရထားဝန်ထမ်းတစ်ဦးက “ပဲခူးမြို့ထဲမှာ ရထားလမ်းပိုင်းက ရေကျော်သွားတယ်။ ပဲခူး- မော်လမြိုင်နဲ့ ရန် ကုန်-မန္တလေး ရထားလမ်းပိုင်းကို ရထားပြေးဆွဲတာကို နှစ်ပတ် ယာယီရပ်လိုက်ရတယ်။ အပြန် ပြေးဆွဲဖို့ သင့်၊မသင့်က အခြေအနေကြည့်ရမယ်” ဟု ၄င်းကပြောသည်။

ပဲခူးမြို့ ရေကြီးနေမှုကြောင့် မြို့တွင်းလမ်းပိုင်းများကို ယာယီပိတ်ထားရပြီး ပဲခူးဆေးရုံကြီးတွင်လည်း ရေများဝင်ရောက်နေသဖြင့် လူနာများကို ပြောင်းရွှေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

ပဲခူးမြို့၌ မကြာခဏ ရေကြီးရေလျှံမှုကြုံရသော်လည်း ယခုနှစ်ရေကြီးမှုမှာ နှစ်ပေါင်း ၆၀ အတွင်း အဆိုးဝါးဆုံးဖြစ်ကြောင်း ဒေသခံများကပြောဆိုကြသည်။

#I004 #F004

ဗီဒီယိုများ