ကိုဗစ် တတိယလှိုင်းရှင်းတမ်း

ဒုတိယလှိုင်းစစ်ပွဲဂိမ်းမှာလည်း  ဗိုင်းရပ်စ်တွေဟာ ခေတဲ့ကောင်တွေမဟုတ်ကြောင်း တနည်းတစ်ဖုံ ပညာပြသွားပြန်ပါတယ်။ ဒီတစ်ခါ အလူးအလိမ့်ခံရတာက အထက်ပါ နိုင်ငံကြီးတွေနဲ့အတူ တောင်အမေရိကတိုက်က ဘရာဇီလ်းနိုင်ငံလည်းပါပါတယ်။ နာမည်ကျော်ဘောလုံးသမားကြီးတွေနဲ့ ကော်ဖီ တင်ပို့မှုအများဆုံးနိုင်ငံဖြစ်တဲ့ ဘရာဇီလ်းနိုင်ငံကလူတွေရဲ့အသက်ကို တရစပ်ဝင်ရောက်မွှေနှောက်သွားခြင်း ဆိုရင်လည်းမမှားပါဘူး။

By အောင်လင်းဟိန်း (SKY) 27 Aug 2021

အောင်လင်းဟိန်း SKY ရေးသားသည်။

တရုတ်နိုင်ငံ ဝူဟမ်မြို့က စတင်ပေါ်ထွက်လာခဲ့သည့် ကိုဗစ်-၁၉ ရောဂါပိုးဟာ ကမ္ဘာတစ်ဝှမ်းလုံးကလူတွေကို တောက်လျှောက်ခြိမ်းခြောက်နေခဲ့တာဟာ ၂၀၁၉ ဒီဇင်ဘာလလောက်ကတည်းကပါ။ အသက်ရှူလမ်းကြောင်းကို ချောင်းမြောင်းဝင်ရောက်ယင်း လူ့ခန္ဓာကိုယ်တွင်း အင်္ဂါတွေကို ကိုက်စားဖြတ်ကာ လူ့ဘဝအသက်တွေကို အနိုင်ယူ မင်းမူသွားတဲ့ ဒီရောဂါပိုးကို ကာကွယ်တိုက်ထုတ်ဖို့ အပြည့်အဝမစွမ်းဆောင်နိုင်ကြသေးပါဘူး။ နိုင်ငံကြီးတချို့ကတော့ ကိုဗစ်ပိုးကိုကာကွယ်တိုက်ထုတ်နိုင်သည့် ဆေးဝါးတချို့ထုတ်လုပ်ပေးပေမယ့် အပြည့်အဝ မဟုတ်သေးဘဲ ရောဂါပိုးက အငိုက်မိနေတဲ့ဂိုးသမားကို ဂိုးသွင်းနိုင်ဖို့ အလိုက်ချောင်းနေသည့် တိုက်စစ်မှူးသမား တစ်ယောက်လိုပါပဲ။

ကိုဗစ်-၁၉ ရောဂါဟာ ကမ္ဘာ့လူသားတွေကို စစ်ပွဲသုံးကြိမ် သို့မဟုတ် ဂိမ်းသုံးပွဲကစားပြီး အမှတ်ပြတ်နဲ့ ဦးဆောင်နေပါတယ်။ ပွဲကတော့မပြီးသေးပါဘူး။ ကမ္ဘာ့နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်၊ ယူကေ၊ အီတလီနဲ့ ဥရောပနိုင်ငံကြီးတွေဟာ ပထမလှိုင်း ခြေစစ်ပွဲကတည်းက မရှုမလှကျဆုံးခဲ့ရပါတယ်။ ခေတ်မီပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေရဲ့ အံ့မခန်းကျန်းမာရေးစနစ်တွေ၊ အုပ်ချုပ်ရေးယန္တရားတွေနဲ့ နည်းပညာရပ်တွေဟာ ဒီဗိုင်းရပ်စ်ကောင်တွေကို မတောင့်ခံနိုင်ကြပဲ ဒူးထောက်အရှုံးပေးခဲ့ရပါတယ်။ ကျန်းမာရေးလုပ်သားတွေ၊ ဆေးပညာရှင်တွေ လေ့လာနေကြတဲ့ကြားထဲ ရောဂါပိုးဟာ လူ့အသက်တွေကို နုတ်ယူသွားတာမနည်းလှပါဘူး။ ပထမလှိုင်းရဲ့ရိုက်ချက်က ပြင်းထန်ခဲ့ပြီး ဥရောပသားတွေအဖို့ စီးပွားရေးလည်ပတ်မှုတွေဆိုင်းငံ့သွားအောင်နဲ့ ဘောလုံးပြိုင်ပွဲတွေကို ရပ်တန့်နိုင်လောက်အောင်ထိ ဗိုင်းရပ်စ်ကမင်းမူနိုင်ခဲ့ပါတယ်။

ဒုတိယလှိုင်းစစ်ပွဲဂိမ်းမှာလည်း  ဗိုင်းရပ်စ်တွေဟာ ခေတဲ့ကောင်တွေမဟုတ်ကြောင်း တနည်းတစ်ဖုံ ပညာပြသွားပြန်ပါတယ်။ ဒီတစ်ခါ အလူးအလိမ့်ခံရတာက အထက်ပါ နိုင်ငံကြီးတွေနဲ့အတူ တောင်အမေရိကတိုက်က ဘရာဇီလ်းနိုင်ငံလည်းပါပါတယ်။ နာမည်ကျော်ဘောလုံးသမားကြီးတွေနဲ့ ကော်ဖီ တင်ပို့မှုအများဆုံးနိုင်ငံဖြစ်တဲ့ ဘရာဇီလ်းနိုင်ငံကလူတွေရဲ့အသက်ကို တရစပ်ဝင်ရောက်မွှေနှောက်သွားခြင်း ဆိုရင်လည်းမမှားပါဘူး။ လူဦးရေထူထပ်များပြားပြီး ဆင်းရဲသည့်လူတန်းစားများပြားလှတဲ့ အိန္ဒိယနိုင်ငံကလည်း ဒုတိယလှိုင်းမှာ တော်တော်ခံလိုက်ရပြီး မြန်မာနိုင်ငံကလည်း အတိုင်းအတာတစ်ခုလောက် ရိုက်ခတ်ခံလိုက်ရ ပါတယ်။

စိတ်မကောင်းစွာနဲ့ပဲ ကျွန်တော်တို့ ရခိုင်ဒေသဟာ စစ်ပွဲတွေဖြစ်နေရတဲ့ကြားထဲ ဒုတိယလှိုင်းကိုပါ နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရပါတယ်။ ထူးထူးခြားခြား ရခိုင်-ရန်ကုန် လေကြောင်းခရီးစီးမိသူများစာရင်းကို သတင်းစာကဖော်ပြရတဲ့အထိ ရောဂါကူးစက်သူ ဟုတ်မဟုတ် မသေချာဘဲ ကော်ရတိန်းသီးသန့်နေထိုင်အောင်ထိ ပြဿနာဖန်တီးပြန်တယ်။ ဗိုင်းရပ်စ်ကြောင့် ရခိုင်လူမျိုးတော်တော်လောက် ဒုက္ခရောက်ခဲ့ကြပြီး ရန်ကုန်မှာ နေထိုင်ကြတဲ့ ရခိုင်လူမျိုးတွေဆိုရင် ရောဂါကူးစက်မှုနှင့် သီးသန့်နေထိုင်ပေးရတဲ့ဖြစ်စဉ်တွေကြောင့် တော်တော် ခက်ခဲမှုကြုံကြိုက်ခဲ့ရပါတယ်။ တစ်နိုင်ငံလုံးရောဂါကူးစက်မှုကြောင့် သေဆုံးသူကသုံးထောင်ကျော်ခန့်ရှိခဲ့ရပြီး နေအိမ်ပြင်ပမထွက်ဖို့နဲ့ ကလေးတွေကိုစာမသင်နိုင်အောင် ဗိုင်းရပ်စ်တွေက ပညာပြသွားပါတယ်။ ဒုတိယလှိုင်းရဲ့ ရိုက်ခတ်မှုကြောင့် လူမှုစီးပွားရေးထိခိုက်မှုတွေလည်း များပြားလွန်းပါတယ်။ ထူးခြားတာက ဒုတိယလှိုင်းရောဂါပိုး ဘယ်လိုရှောင်ထွက်သွားမှန်းမသိလိုက်ဘူး။ နိုင်ငံရွေးကောက်ပွဲနဲ့ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုတွေကြားမှာ ပျောက်ကွယ်ခဲ့ရတာကလည်း ထူးဆန်းလွန်းပါတယ်။

အပြင်းထန်ဆုံးကတော့ တတိယလှိုင်းပါပဲ။ ဒီလှိုင်းထဲမှာ မြန်မာနိုင်ငံ၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက အဆိုးဆုံး ကြုံတွေ့နေရပါတယ်။ ဗိုင်းရပ်စ်က ဒီတစ်ခါနှိပ်စက်တာထဲမှာ အောက်ဆီဂျင်ပြဿနာထပ်တိုးခဲ့ပြီး သူရှာတွေ့တဲ့ လူတွေကို အသက်ရှူကျပ်အောင်နဲ့ အောက်ဆီဂျင်ကျသွားအောင် ကစားပြတဲ့အကွက် ထပ်တိုးလာခဲ့ပါတယ်။ နိုင်ငံရေးအကျပ်အတည်းတွေ၊ ဘဏ်ငွေပြသနာတွေကြောင့် ငွေထုတ်ဖို့ခက်ခဲနေကြတဲ့ပြည်သူတွေကို မညှာမတာ ကြောက်ခမန်းလိလိ ရက်စက်လွန်းအောင်ထိ ရောဂါပိုးကပြင်းထန်ခဲ့ပါတယ်။ နိုင်ငံတစ်ဝှမ်း စစ်ပွဲတွေဖြစ်နေခိုက် အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ အသက်ဆုံးရှုံးရှာတဲ့သူတွေ မနည်းလှပါဘူး။ တစ်သက်မှာတစ်ခါမှ မကြုံကြိုက်ဖူးတဲ့ လူသေအလောင်းတွေ ပုံထပ်နေတဲ့ သုသာန်တွေမြင်ကွင်းက ခါးသီးလှပါတယ်။ မိသားစုဝင်တွေ၊ ဆွေမျိုးရင်းရှာတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ၊ အသိတွေရော မသိသူတွေရော၊ ထင်ရှားကျော်ကြားသူရော၊ ရိုးရိုးသာမန်လူတွေရော၊ ရဟန်းသင်္ဃာတော်တွေကိုပါမကျန် ဗိုင်းရပ်စ်ကမြင်သွားပြီး တစ်နေ့တစ်နေ့ မနည်းလှပါဘူး။

ဒီကာလာတွေမှာ ကိုယ်နဲ့သိတဲ့အသိအကျွမ်းတွေ တော်တော်လောက်ကို ဗိုင်းရပ်စ်ကတွေ့သွားပြီး မရာဏမင်းကြီးထံ ဆက်သလိုက်တာတွေမနည်းပါဘူး။ လူမှုမီဒီယာဖွင့်လိုက်တာနဲ့ အာရ်အိုင်ပီ၊ ကောင်းရာဘုံရောက်ပါစေ၊ နေကောင်းသွားမှာပါ စတဲ့စာကြောင်းတွေရေးရတာ ထပ်လွန်းပါတယ်။ ဒုက္ခရောက်နေတဲ့လူတွေရဲ့ ပုံတွေမမြင်ချင်မှအဆုံး။ နေ့မြင်ညပျောက် တရားကျစရာကောင်းလှအောင်ထိ ဗိုင်းရပ်စ်ပိုးတွေမင်းမူနေခဲ့ပါတယ်။ ထင်ရှားကျော်ကြားသူတွေရော၊ မထင်မရှားသူတွေရော ကပ်ဘေးဆိုက်ပြီး အသက်ပေးလိုက်ရတာကတော့ နှာမြောဖို့ကောင်းလှသည်။ လူတွေရဲ့ နေထိုင်မှုပုံစံကို အငိုက်ဖမ်းချင်နေတဲ့ ဗိုင်းရပ်စ်တွေကို နေ့တိုင်းမတွေ့အောင်ရှောင်နိုင်မှ ဘဝခရီးဆက်နိုင်မှာပါ။ တစ်ကြိမ်မှာ ဗိုင်းရပ်စ်က ကိုယ့်ကို တွေ့ကောင်းတွေ့လိမ့်မယ်။ ကိုယ့်ရဲ့ ခုခံနိုင်စွမ်းအား ဗားရှန်းဘယ်လောက်ကောင်းသလဲဆိုတာမူတည်ပြီး တန်ပြန်ခုခံနိုင်စွမ်းတော့ ရှိရင်ရှိသလောက် ရှင်သန်နိုင်ပါတယ်။ ဗိုင်းရပ်စ်က အဝလွန်တဲ့သူတွေ၊ သွေးထဲအချိုများတဲ့သူတွေ၊ ရောဂါအခံရှိတဲ့သူတွေ၊ ကိုယ်ခံအားမကောင်းတဲ့သူတွေနှင့် မဆင်မခြင်နေထိုင်တဲ့ သူတွေကို ဒုက္ခပေးဖို့အတွက် အမြဲတမ်းချောင်းမြောင်းနေတယ်လို့ ဆေးပညာရှင်တွေကဆိုသည် ။

ဗိုင်းရပ်စ်ကူးစက်ခံရသူတွေအဖို့ တစ်ပတ်၊ ဆယ်ရက် သို့မဟုတ် လနဲ့ချီပြီး နောက်ဆက်တွဲတွေကိုပါ စစ်ခင်းရသည်။ အသက်ရှူဖို့ခက်ခဲအောင်ထိ ဗိုင်းရပ်စ်ကပညာပြပြီး သူမနိုင်တဲ့သူတွေဆိုရင် နှခေါင်းအနံ့ခံအာရုံကို သုံးလေးရက်လောက် ဖျစ်ကာညစ်ကာ၊ အိမ်သာနဲ့ ဒုနဲ့ဒေးပြေးနေရအောင်ထိ အလုပ်ရှုပ်ပေးသူကိုပေး၊ ခေါင်းကိုက်အောင်ခါခါပြပြီး၊ အပြင်းဖျားအောင်ပညာပြလိုပြနဲ့လုပ်ပြပြီး အိမ်ပြန်သွားတတ်သည်။ လျော့တွက်မိလို့ကတော့ခံရမှာမို့ တူတူပုန်းတန်းကစားသလို သူမမြင်မိအောင် ရှောင်ပြေးရပါလိမ့်မေ။

လူကလူကို တဆင့်ကူးစက်တဲ့ရောဂါဖြစ်နေလို့ ဘယ်သူ့ကိုမှ အားနာဖို့မလိုတဲ့ အပြုအမူတွေနဲ့ ခေတ္တနေထိုင်တတ်ဖို့လိုပါတယ်။ ရှောင်ကြည်နေတဲ့ကြားထဲက ဗိုင်းရပ်စ်လိုလို မဟုတ်လိုလို ဟုတ်လိုလိုနဲ့ မိမိကို ခနဲ့သွားခဲ့တဲ့ အဖျားအပူချိန် နှစ်ရက်လောက် ဒုက္ခလှလှပေးသွားခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ ပြန်လည်နလန်ထူပြီး တိုက်ထုတ်နိုင်ခဲ့ပါတယ်။ ဒါတောင် အိမ်ထဲမှာနေရင်း ခွန်အားချို့တဲ့ကျန်နေခဲ့သလို ဝမ်းပျော့သွားကျန်တာကလည်း ဆက်တိုက်ဆိုသလိုပဲ။ လူတွေကလဲပထမလှိုင်းနှင့် ဒုတိယလှိုင်းတုန်းက ပေါ့ဆခဲ့သမျှ တတိယလှိုင်းမှာတော့ မလူးလွန့်သာဘူး။ အရင်က ကာကွယ်ဆေးဆိုရင် နိုးဆိုခဲ့သမျှ အခုတော့ ကာကွယ်ဆေးရမယ်ဆိုရင် ကူးစက်ခံရရင်တောင်ဘာပဲဖြစ်ဖြစ်ဆိုကာ လူအုပ်ထဲဝင်တိုးထိုးကြသည့် မြင်ကွင်းများလည်း တွေ့ရပြန်သည်။

တကယ်တော့ ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကြီးက တတိယလှိုင်းလုံးအနေဖြင့် ရိုက်ခတ်နေခဲ့တာကို အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ အန္ဒိယနိုင်ငံ၊ ဘဂ်လားဒေရှ့်နိုင်ငံတွေနဲ့ ထိုင်းနိုင်ငံတွေမှာ နဖူးတွေ့ဒူးတွေ့ကြုံကြိုက်နေခဲ့တာ လအနည်းငယ်ကြာချီခဲ့ပါပြီ။ ကျွန်တော်တို့ဆီမှာကတော့ နိုင်ငံရေး၊ စစ်ရေးတွေနဲ့ ရောယှက်နေတဲ့ကာလထဲကမို့ ကိုဗစ်တတိယလှိုင်းကို အားစိုက်ပြင်ဆင်ဖို့ မရလိုက်ကြထင်မိသည်။ ဒီကြားထဲ ကိုဗစ်ဒုတိယလှိုင်းက ဘယ်တုန်းကပျောက်လို့ ဘယ်လိုပျောက်သွားမှန်းမသိ ရွေးကောက်ပွဲ၊ နိုင်ငံရေးအာဏာအလှည့်အပြောင်းနဲ့ ပြီးခဲ့သည့်ခြောက်လခန့်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုများကြားထဲက ဗိုင်းရပ်စ်က ပျောက်လိုက်ပေါ်လိုက်နဲ့ တွေးစရာတွေတစ်ပုံကြီး။

အခုတော့ တတိယလှိုင်းစီးလာသော ကိုဗစ်-၁၉ ကပ်ရောဂါပိုးများသည် ကျွန်တော်တို့ကို ထပ်မံတိုက်ခိုက် လာပြန်ပြီ။ နိုင်ငံရေးအကျပ်အတည်း၊ စီးပွါးရေးရိုက်ခတ်မှုများကြုံတွေ့နေရရှာသည့် ပြည်သူများအတွက် နောက်ထပ်ကပ်ဆိုးတစ်ခု သည်လောက်မြန်မြန်ဆန်ဆန်လာလိမ့်မည်ဟု မထင်မှတ်ခဲ့ကြ။ တတိယလှိုင်း ကိုဗစ် ကပ်ရောဂါက တကယ်ဆိုလျှင်လွန်စွာပြင်းထန်သည့် မျိုးကွဲပြောင်း ကိုဗစ်ပိုးသုံးမျိုးလောက် ကူးစက်ပျံ့နှံ့နေခြင်း ဖြစ်သည်ဟုဖတ်ရှုရသည်။ ပြီးခဲ့သည့်လပိုင်းကဆိုလျှင် အိန္ဒိယနိုင်ငံထဲမှာလည်း ကိုဗစ်-၁၉ ရောဂါကြောင့် အောက်ဆီဂျင်ပြတ်လပ်သည့်ပြသနာများ၊ လူအစုလိုက်အပြုံလိုက် မြေမြုပ်ရသည့်ပြဿနာများနှင့်အတူ၊ ဘဂ်လားဒေရှ့်နိုင်ငံမှာလည်း တစ်နေ့တည်းစံချိန်တင်လူသေဆုံးသူ ရာချီသည့်သတင်းများကို ပြီးခဲ့သည့် လပိုင်းအတွင်း ဆက်တိုက်ဆိုသလိုဖတ်ခဲ့ရသည်။ ကျွန်တော်တို့အားလုံး ပြည်တွင်းနိုင်ငံရေးပြဿနာ သတင်းများနှင့်အတူ အာရုံစိုက်နေသည့်အနေအထားမှာ ကိုဗစ်-၁၉ ကို သတိမထားမိကြ။

ရခိုင်ဒေသတွင်းမှာ ULA/AA က နေအိမ်ပြင်မထွက်ကြဖို့ ကြေငြာချက်တွေကိုထုတ်ပြန်လိုက်ပြီး ဒေသတွင်း ဗိုင်းရပ်စ်ကာကွယ် အရေးပေါ်တုံ့ပြန်ဖို့တိုက်တွန်းထားပြီး နေအိမ်တွင်းမှမထွက်ရကြေငြာချက်ကို ၇၅ ရာခိုင်နှုန်းလောက်လိုက်နာကြတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒေသတွင်းကူးစက်သေဆုံးမှုတွေကတော့ ကြေငြာချက်အပြီးသုံးပတ်တာအတွင်း သိသိသာသာကျဆင်းသွားတာတွေ့ရပါတယ်။ တတိယလှိုင်းတစ်ခုလုံး ရိုက်ခတ်ခဲ့သည့် ရခိုင်မှာတော့ သြဂုတ်လ(၂၄)ရက်နေ့အထိ လူပေါင်း(၃၆၂)ဦး အသက်ဆုံးရှုံးသွားပါပြီ။ အခုတော့ အသေအပျောက်ကျဆုံးသွားသော်လည်း ပေါ့ဆလို့မရသည့်အခြေအနေပင်ဖြစ်သည်။

ကိုဗစ်တတိယလှိုင်းကာလ ငွေကြေးလုံလောက်တဲ့သူတွေအဖို့ အိမ်ထဲနေတာကမဆန်းပေမယ့် ဆင်းရဲကျပ်တည်း လှသူတွေအတွက် ဗိုင်းရပ်စ်ပိုးဟာ မမြင်ယောင်ရှောင်လို့မရတဲ့ မိစ္ဆာကောင်တွေလိုပါပဲ။ ဒီတော့ လူသားတွေရဲ့ လူသားချင်းစာနာထောက်ထားရေးအပေါ်မူတည်ပြီး ဗိုင်းရပ်စ်က ခေါင်းထောင်မထောင်ဆိုတာကို အဆုံးအဖြတ် ပေးသွားပါလိမ့်မယ်။ လက်တွေ့မှာ ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးရမည့်ကိစ္စရပ်တွေ၊ မက်စ်တပ်၊ လက်ဆေး လူစုလူဝေးတွေ ရှောင်ရှားရမည့်အရာတွေ၊ ကျန်းမာရေးအသိသတိရှိရမယ့် အမူအကျင့်ပြောင်းလဲခြင်းဆိုင်ရာ ဆင်ခြင်ရမယ့်အရာတွေက အခုတစ်လနဲ့လည်းပြတ်မည်မဟုတ်သလို နောက်လာမည့် နှစ်ထိတောင် လုပ်ဆောင်သွားရမယ့် အမူအကျင့်လိုဖြစ်နေပါပြီ၊၊

လူတွေရဲ့ စားဝတ်နေရေးနဲ့ စီးပွါးရေးအလုပ်အကိုင်အခွင့်အလမ်း၊ လူမှုရေးနယ်ပယ်တွေ၊ ကလေးတွေရဲ့ ပညာရေး၊ အုပ်ချုပ်ရေးယန္တရားတွေ စသဖြင့်စိန်ခေါ်မှုတွေကြားမှာ ဗိုင်းရပ်စ်အသက်လုတိုက်ပွဲကတော့ နဖူးတွေ့ဒူးတွေ့ ကြုံတွေ့လာကြပါပြီ၊၊ သို့ပေမယ့် ဒုတိယလှိုင်းတုန်းက အလူးအလိမ့်ခံခဲ့ရတဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံကြီးတွေရဲ့ ပြန်လည်နလန်ထူနေကြတာတွေကတော့ အားရဖို့ကောင်းပါတယ်၊၊ ဘောလုံးကွင်းကြီးထဲ လူတွေသောင်းချီပြီး ပြန်လည်ဝင်ရောက်လာခဲ့သည်အထိ ဗိုင်းရပ်စ်တွေကို အန်တုပြနိုင်တာက အကောင်းဆုံးသာဓကတွေမို့ ကျွန်တော်တို့လဲ ပြန်လည်တုံ့ပြန်နိုင်ဖို့လိုနေပါပြီ။

အောင်လင်းဟိန်း SKY ရေးသားသည်။

ဗီဒီယိုများ