အနာဂတ် အမျိုးသားနိုင်ငံတော်နှင့် AA

လက်နက်ကိုင်တော်လှန်ရေးသည် ဖိနှိပ်ခံဘဝကလွတ်မြောက်စေပြီး အချုပ်အခြာအာဏာတည်ဆောက်ရာတွင် အသုံးဝင်ကြောင်း ကမ္ဘာ့နိုင်ငံအများက လက်ခံခဲ့ကြသည်။ ယင်းကြောင့် မြန်မာပြည်သူတို့က လတ်တလော နိုင်ငံရေးအခြေအနေအရ တော်လှန်ရေးတရပ်သည် လူအဖွဲ့အစည်း သို့မဟုတ် ဖိနှိပ်ထားမှုကြောင့် ပြိုကွဲနေသည့် နိုင်ငံတခုကို အသစ်တည်ဆောက်မှုတွင် အဓိကကျကြောင်းလည်း လက်ခံလာကြသည်မှာ ယနေ့တွင် ပိုမိုခိုင်မာလာနေသည်။

By ဂေါင် 13 Mar 2022

DMG ၊ မတ် ၁၃

(ဆောင်းပါး)

လက်နက်ကိုင်တော်လှန်ရေးသည် ဖိနှိပ်ခံဘဝကလွတ်မြောက်စေပြီး အချုပ်အခြာအာဏာတည်ဆောက်ရာတွင် အသုံးဝင်ကြောင်း ကမ္ဘာ့နိုင်ငံအများက လက်ခံခဲ့ကြသည်။ ယင်းကြောင့် မြန်မာပြည်သူတို့က လတ်တလော နိုင်ငံရေးအခြေအနေအရ တော်လှန်ရေးတရပ်သည် လူအဖွဲ့အစည်း သို့မဟုတ် ဖိနှိပ်ထားမှုကြောင့် ပြိုကွဲနေသည့် နိုင်ငံတခုကို အသစ်တည်ဆောက်မှုတွင် အဓိကကျကြောင်းလည်း လက်ခံလာကြသည်မှာ ယနေ့တွင် ပိုမိုခိုင်မာလာနေသည်။

ပြည်ထောင်စုကို စစ်အာဏာရှင်တို့က နှစ်ပေါင်း ၇၀ ကျော်အကြာဖိနှိပ်မှုအပေါ် လတ်တလော မြန်မာလူထုသည်လည်း လွတ်လွပ်ခွင့်၊ တန်းတူညီမျှခွင့်အတွက် မတရားမှုများကို တော်လှန်သည်ဟူသော အယူအဆနှင့် ချီတက်နေကြသည်။ ယင်းအထဲတွင် လက်နက်ကိုင်နည်းလမ်းပါသလို လက်နက်မကိုင်ဘဲ အာဏာရှင်တော်လှန်ရေးနည်းလမ်းပေါင်းစုံဖြင့် လှုပ်ရှားနေကြသည်။

ထို့အတူ ပြည်ထောင်စုအနောက်ဘက်က လူထုတို့မှာလည်း လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်နှင့် သစ်လွင်ပြီး တိုးတက်ကောင်းမွန်သော ရခိုင့်လူ့ဘောင်သစ်တရပ်ကို တည်ဆောက်ရန် ရှုမြင်မှုနှင့်အတူ  စိတ်အားထက်သန် လှုပ်ရှားနေကြခြင်းလည်းဖြစ်သည်။

ယခုအခါ ရခိုင်ဒေသတွင် AA ၏ သြဇာလွှမ်းမိုးမှုနှင့်အတူ ULA ဟူအမည်ပေးထားသည့် တော်လှန်ရေး အစိုးရတစ်ရပ်မှာ စစ်ကောင်စီနှင့်အတူ စင်ပြိုင်အုပ်ချုပ်လာနေသည်။ လက်ရှိတွင် ၎င်းတို့လုပ်ဆောင်ချက်တို့မှာ ရုပ်လုံးရုပ်ကြွပေါ်လာနေပြီး အမျိုးသားနိုင်ငံတည်ဆောက်ရန်အထိ အိမ်မက်မက်ထားသလို တဆင့်ချင်းစီကို ခရီးရှည်မောင်းနှင်နေသည်ကို မြေမြင်အနေအထားနှင့်တကွ တွေ့နေရသည်။

AA က တာစူနေတဲ့ အမျိုးသားနိုင်ငံ

“ကျွန်နော်တို့လိုချင်တဲ့ နိုင်ငံရေးအဆင့်အတန်းကို ဒီပြည်ထောင်စုထဲမှာ နေရာမရှိဘူးဆိုရင်တော့ ကျွန်တော်တို့ကိုယ်တိုင် ဖန်တီးပြီး ကျွန်တော်ရဲ့အစိုးရနဲ့ ကျွန်တော်တို့ရဲ့ အနာဂတ်အမျိုးသားနိုင်ငံတော်ကို ကိုယ်တိုင်ဆက်ပြီးတော့ နိုင်ငံတကာနဲ့အတူလက်တွဲပြီး တည်ဆောက်သွားရမှာဖြစ်တယ်”ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မတ်လ ၅ ရက်နေ့ Online သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

သို့သော်လည်း AA လိုလားသည့် နိုင်ငံရေးရည်မှန်းချက်ကို မြန်မာနိုင်ငံအဝိုင်းအဝန်းတွင် ဖန်တီး၍ ရရှိနိုင်မည်ဆိုပါက မြန်မာပြည်ထောင်စုထဲတွင် တိုင်းရင်းသားများနှင့်အတူ ဆက်လက်ရှိနေမည်ဟုလည်း ပြောဆိုထားသည်။

ထိုအချက်မှာ လတ်တလောအသံကျယ်နေသည့် ဖက်ဒရယ်ပြည်ထောင်စုကနေ AA ကတော့ အနိမ့်ဆုံး သီးခြားလွတ်လပ်သည့် ကွန်ဖက်ဒရိတ်နိုင်ငံရေးအဆင့်ကိုချိတ်ထားကာ နိုင်ငံတကာအသိုင်းအဝိုင်းတို့နှင့် ချိတ်ဆက်နိုင်ရေး လုပ်ဆောင်နေသည်ကိုလည်းတွေ့ရသည်။ ယင်းအပြင် ရခိုင့်အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် သံတမန်၊ စစ်ရေး၊ စီပွားရေး ဆက်ဆံရေးတို့တိုးမြှင့်လိုကြောင်းလည်း AA ဘက်က တရားဝင်ပြောဆို နေသည်ကို တွေ့ရသည်။

ယင်းကြောင့် ULA/AA ၏ နိုင်ငံရေးရည်းမှန်းချက်မှာ သီးခြားဆန်သည့် အမျိုးသားနိုင်ငံတော်သို့ အိမ်မက်ရှိသလို လက်ရှိတွင် အစီစဉ်အရတဆင့်ချင်းသွားရန် မည်သည့်အချက်များကို အခြေခံထားသည်မှာ စိတ်ဝင်စားစရာ ရှိလာသည်။

AA ဖမ်းဆုပ်ကိုင်လိုက်တဲ့ နိုင်ငံရေးအခွင့်ကောင်း

AA သည် စစ်ကာင်စီနှင့် ပြီးခဲ့သည့် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှစတင်ကာ ၂၀၂၀ အောက်တိုဘာလကုန်နီးအထိ ၂ နှစ်ကျော်ကြာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲနှင့်အတူ သေနတ်သံများ ရပ်စဲသွားခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း NLD အစိုးရက လုံခြုံရေးကိုအကြောင်းပြကာ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့သည့်ဒေသအများအပြားကို ရွေးကောက်ပွဲကျင်းပရန် AA ကတောင်းဆိုခဲ့မှုကို မြန်မာစစ်တပ်ဘက်က လက်ခံခဲ့ပြီးနောက် နှစ်ဘက်အပြန်အလှန်နားလည်မှုရကာ အလွတ်သဘော အပစ်ရပ်ထားနိုင်ခဲ့သည်။

ယင်းအချိန်မှစတင်ကာ ယနေ့အချိန်ထိ AA သည် ULA ကို ရခိုင်ပြည်နယ်အတွင်း တော်လှန်ရေးအစိုးရဟု သတ်မှတ်ကာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ကိုင်တွယ်ဖြေရှင်းလာသည်မှာ ၂ နှစ်နှစ်ခန့် ရှိလာနေသည်ကို မြင်နေရသည်။

ထို့အတူ စစ်တပ်က အာဏာသိမ်းယူလိုက်သည့်အချိန်တွင် မြန်မာ့နိုင်ငံရေးမှာ အမှောင်ခေတ်သို့ ထိုးကျသွားသည်။ စစ်အာဏာသိမ်းမှုကို မကျေနပ်မှုကြောင့် အေးချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သည့် ပြည်သူလူထုကို စစ်ကောင်စီဘက်က အင်အားသုံးအကြမ်းဖက်နှိမ်နှင်းမှုကနေ GZ ဟုခေါ်သည့် လူငယ်မျိုးဆက်တို့မှာ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို ချီတက်ခဲ့သည်။

ထိုအတူ အခြားသော EAOs တို့နှင့်လည်း စစ်ကောင်စီတို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေချိန်တွင် AA အနေဖြင့် စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ စစ်ပွဲမရှိအောင်ထိန်းသိမ်းထားခြင်းကြောင့် အာဏာသိမ်း ဆန့်ကျင်မှုတွင် ရေငုံနှုတ်ပိတ်နေသည်ဟုဆိုကာ ပြည်မနိုင်ငံရေးအင်အားစုတို့က ဝေဖန်မှုများရှိခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး AA ဘက်ကတော့ ထိုအချက်မှာ ရခိုင်တို့၏ တော်လှန်ရေးသမိုင်းနှင့် လက်ရှိ အခြေအနေကိုနားမလည်လို့ ပြောဆိုနေကြခြင်းသာဖြစ်ပြီး ၎င်းတို့မှာ စစ်အာဏာသိမ်းမှုတော်လှန်တာကို စိတ်မဝင်စားလို့ သီးခြားရပ်တည်နေတာမျိုးမဟုတ်ဘဲ တော်လှန်ရေးရပ်တည်ချက် မတူညီသည့်အခြေအနေများ ရှိနေသည့်အတွက်ဟု တုန့်ပြန်သည်။

AA မှာ အာဏာရှင် စစ်ကောင်စီတော်လှန်ရေး(နွေဦးတော်လှန်ရေး)တွင် ထဲထဲဝင်ပါဝင်ခြင်းမရှိသော်လည်း မဟာမိတ်နယ်မြေတို့တွင် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေမှုတို့နှင့်အတူ တခြားသောနည်းလမ်းဖြင့် ကူညီပေးမှုတို့ရှိနေကိုလည်း မြင်ရသည်။

ယင်းကြောင့် ယခုကာလတွင် AA ဘာလုပ်နေလဲလှမ်းကြည့်လျှင် သီးခြားဆန်သည့် ပြည်နယ်တစ်ခု ဖြစ်တည်ရေးကို အရှိန်ပြင်းပြင်းနှင့်ခုတ်မောင်းနေသည်ဟု ပြောဆိုရမည်ဖြစ်သည်။ ယင်းသို့ဖြစ်ရခြင်းမှာလည်း AA သည် ရခိုင်ပြည်သူ့အကျိုးစီးပွားကို ဗဟိုပြုပြီး မိမိတို့ရပိုင်ခွင့်အတွက် ရပ်တည်နေခြင်းသာဖြစ်သည်။

ထို့အတူ စစ်အာဏာရှင်ပြုတ်ချရေး နွေဦးတော်လှန်ရေးတွင် ရခိုင်၌ လိုအပ်ချက်အရ စစ်ပွဲမဖော်သော်လည်း မဟာမိတ်များနှင့်အတူရပ်တည်နေပြီး ပြည်သူ့ကာကွယ်ရေးတပ် PDF တို့၏ တိုက်ခိုက်စွမ်းရည်ကို ချီကျူးသလို အာဏာရှင်ဆန့်ကျင်သူတို့အား အသိအမှတ်ပြုကြောင်းလည်း ဆိုသည်။

စစ်ကောင်စီနှင့် AA ဆက်ဆံရေး

သဘောထားအလားတူ မတ်လ ၅ ရက်နေ့ Online သတင်းစာရှင်းလင်းပွဲတွင် DMG က မေးမြန်းခဲ့သည့် စစ်ကောင်စီနှင့် AA တို့၏ ငြိမ်းချမ်းလမ်းစဉ်နှင့် နိုင်ငံရေးလမ်းစဉ်အကြောင်းနှင့်ပတ်သက်ပြီး ဦးခိုင်သုခက လက်ရှိအာဏာသိမ်းစစ်ကောင်စီမှာ ပြည်သူကရွေးချယ်သည့်အစိုးရမဟုတ်သည့်အတွက် AA အနေဖြင့် စစ်ကောင်စီနှင့် နိုင်ငံရေးအပေးအယူကိစ္စဆွေးနွေးရန် အဆင်မပြေကြောင်းဖြေဆိုခဲ့သည်။

ထို့အတူ စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးလမ်းကြောင်းဖြစ်သော အပစ်ခတ်ရပ်စဲရေးတို့ကို ဆွေးနွေး၍ရသော်လည်း နိုင်ငံရေးအပေးအယူဆွေးနွေးခြင်းတို့ကို မရနိုင်ကြောင်း AA ကပြောသည်။

“နိုင်ငံရေးဆွေးနွေးတာကတော့ နိုင်ငံရေးအပေးအယူကို ဆွေးနွေးတာဖြစ်တယ်။ ဆိုတော့ နိုင်ငံရေး အပေးအယူကိုဆွေးနွေးမယ်ဆိုရင် တရားဝင်အစိုးရနဲ့ ဆွေးနွေးမှအဆင်ပြေမယ်။ ဆိုတော့ တရားဝင် အစိုးရဆိုတာက ပြည်သူကရွေးချယ်ထားတဲ့ အခြေခံဥပဒေနဲ့အညီအုပ်ချုပ်နေတဲ့ အစိုးရကိုမှ တရားဝင် အစိုးရလို့ ကျနော်တို့သတ်မှတ်လို့ရမယ်။ ဆိုတော့ လောလောဆယ် အာဏာသိမ်းထားတဲ့အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးဖို့ကတော့မရနိုင်ပါ”ဟု DMG ၏မေးခွန်းကို သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ဖြေကြားခဲ့သည်။

လက်ရှိတွင် AA နှင့် စစ်ကောင်စီတို့မှာ ရခိုင်ပြည်နယ်တွင် နားလည်မှုဖြင့်အပစ်အခတ်ရပ်စဲထားသော်လည်း ငြိမ်းချမ်းရေးကိစ္စတွင် စိတ်ချရသည့်အခြေအနေ စာချုပ်သဘောတူညီချက်တို့ တစုံတရာမရှိသေးသည့်အတွက် စိတ်ချရသည့်အခြေအနေ မဟုတ်သေးပေ။

ထို့အတူ လက်ရှိရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် AA တို့မှာ ခိုင်မာသည့် တရားဝင်စာချုပ်များ လက်မှတ်ရေးထိုးထားခြင်းမရှိသည့်အတွက် စစ်ရေးအခြေအနေမှာလည်း အချိန်မရွေးပြောင်းလဲသွားနိုင်သည့် အခြေအနေဖြစ်နေပြီး နှစ်ဘက်စလုံးကလည်း စစ်ရေးအဆင်သင့်ပြင်ဆင်ထားမှုတို့ရှိနေသည်။

အခြားတဘက်တွင်လည်း လက်ရှိစစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးရန် AA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တို့ကို NCA လမ်းစဉ်အတိုင်းဆွေးနွေးဖို့ ဖိတ်ခေါ်မှုတို့ရှိနေသော်လည်း တိုင်းရင်းသားတို့ဘက်က အယုံအကြည်မရှိကြပေ။

AA သည် စစ်ကောင်စီမှပေးသည့် ကိုဗစ်ကာကွယ်ဆေးများကိုလက်ခံကာ ၎င်းတို့၏တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ထိန်းချုပ်ရာဒေသမှ ရခိုင်ပြည်သူတို့ကိုထိုးနှံ့ပေးသလို ပြီးခဲ့သည့်ပြည်ထောင်စုနေ့ကိုလည်း ULA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစောနှင့်အဖွဲ့တို့ တက်ရောက်ခဲ့သည်။

သို့သော်လည်း ထူးခြားသည့်ဆွေးနွေးချက် တစုံတရာတော့မရှိခဲ့ပေ။ ထိုပွဲတက်ရောက်ခြင်းမှာလည်း AA နှင့် ဆက်စပ်သံသယဖြင့် တရားရင်ဆိုင်နေရသူတို့ လွတ်မြောက်ရေးအတွက် အပေးအယူတစ်ခုအနေဖြင့် သွားရောက်ခဲ့ခြင်းသာဖြစ်ကြောင်း တွေ့ရသည်။

ထိုအချက်တို့မှာ စစ်ကောင်စီနှင့် AA တို့ အလွမ်းသင့်အဆင်ပြေနေကြောင်း တချို့ကမြင်နိုင်သည်။ သို့သော်လည်း AA ၏မဟာဗျူဟာမှာ အမျိုးသားနိုင်ငံတည်ထောင်ရေး (သို့မဟုတ်) သီးခြားပိုင်ဆိုင်သည့် အချုပ်အခြာအာဏာကို လှမ်းကိုင်ထားသည့်အတွက် စစ်ကောင်စီနှင့်ဆက်ဆံရေးမှာ နည်းဗျူဟာအရ ဆက်နွယ်ခြင်းတစ်ခုသာဖြစ်ကြောင်း ရခိုင်တို့ နားလည်ထားကြသည်။

NUG နှင့် AA ဆက်ဆံရေး

၂၀၂၀ ရွေးကောက်ပွဲကို မဲမသာမှုရှိသည်ဟုဆိုကာ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူလိုက်ပြီး နောက်ပိုင်းမှစတင်ကာ မြန်မာနိုင်ငံသည် လက်ရှိအချိန်ထိ အမှောင်ခေတ်သို့ ရောက်ရှိနေတော့သည်။

ယင်းကိုမကျေနပ်သည့် ပြည်သူတို့နှင့်အတူ NLD ထိပ်ပိုင်းခေါင်းဆောင်များ ဦးဆောင်ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဆက်နွယ်နေသည့် တော်လှန်ရေးအဖွဲ့တို့မှာ အနာဂတ် မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်တပ်မတော်ပုံစံသစ်ဖြင့် သွားမည်ဟု ပြည်သူတို့ကို အသိပေးထားသည်။

ယင်းကြောင့် NUG ဘက်ကလည်း ရခိုင်အင်အားကြီးတော်လှန်ရေးအဖွဲ့ဖြစ်သော AA ကိုလည်း ဖိတ်ခေါ်ကာ နိုင်ငံရေးအရဆွေးနွေးမှုတို့ရှိနေခဲ့ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောဆိုခဲ့သည်။

ယင်းမှတခါ NUG နှင့် AA တို့၏ ထိပ်ပိုင်းခေါင်းဆောင်တို့သည် Online ကနေ နှစ်ကြိမ်ထက်မနည်းတွေ့ဆုံကာ နွေဦးတော်လှန်ရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် နိုင်ငံရေးအကြောင်းအရာတို့ကို ဆွေးနွေးမှုတို့ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။ သို့သော် ယင်းဆွေးနွေးပွဲအကြောင်းအရာနှင့် အချက်အလက်တို့ကို ပြည်သူတို့အား အသိပေးခြင်းမရှိဘဲ နှစ်ဘက်စလုံးက လျှို့ဝှက်ထားကြသည်။

ယင်းကြောင့် AA အနေဖြင့် NUG နှင့် တရားဝင်အဆက်အသွယ်မရှိကြောင်းနှင့် ယင်းအပြင် AA သည် NUG၊ NUCC အဖွဲ့ဝင်များမဟုတ်သလို မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အင်အားစုများဖြင့် ဖွဲ့စည်းထားသည့် FPNCC (ပြည်ထေင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ)အဖွဲ့ဝင်သာဖြစ်ပြီး နွေဦးတော်လှန်ရေးတွင် ၎င်းတို့နှင့်ရပ်တည်ချက် မတူညီကြောင်းနှင့် မိမိတို့ရပ်တည်ချက်ဖြင့်သာ ရပ်တည်နေသည်ဟုလည်း AA က ဆိုသည်။

သို့သော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် AA နှင့် NUG တို့မှာ လမ်းချင်းတူ၍ လူချင်းတွေ့သည့် သဘောကိုမြင်နေရပြီး တစုံတရာတော့ ဆက်နွယ်မှုတို့ရှိနိုင်သလို မိမိရပ်တည်ချက်နှင့် သွားနေကြသည် ကိုလည်းမြင်နေရသည်။ မည်သို့ပင်ဆိုစေကာမှု AA ဘက်ကတော့ ရခိုင်အမျိုးသားအကျိုးစီးပွားအတွက် ဆိုလျှင် နိုင်ငံရေးအရ ကာလဒေသကိုမူတည်၍ ပူးလိုက်ခွာလိုက်ဆက်ဆံမည့် သဘောကိုတွေ့ရပေမည်။

AA ထိန်းချုပ်ထားမှုနှင့် ရခိုင်ပြည်

လက်ရှိ ရခိုင်ပြည်နယ်တွင် AA အနေဖြင့် နယ်မြေထိန်းချုပ်ထားမှုရရှိနေသလို လွတ်မြောက်နယ်မြေအဖြစ် ၆၀ ရာခိုင်နှုန်းအထိရှိနေပြီးဖြစ်ကြောင်းနှင့် ၎င်းတို့၏ဒေသန္တရာအုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကိုလည်း အားပြင်းပြင်းနှင့်မောင်းနှင်ကာ အခွန်အခတို့မှဝင်ငွေတို့ကို တော်လှန်ရေးအတွက် အသုံးပြုနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်အတွင်း ULA ၏ တရားစီရင်ရေးဌာနသို့ တိုင်တန်းလာသည့်အမှုပေါင်း (၃၈၃၇)မှုရှိခဲ့သည်။ ယင်းအထဲတွင် ရာဇဝတ်မှုပေါင်းကျော် (၁၈၄၆)မှုရှိပြီး တရားမမှု(၁၉၉၁) မှု ရောက်ရှိခဲ့သည်။ ရာဇဝတ်မှု (၁၀၂၅)မှုနှင့် တရားမမှု (၈၇၅)မှုတို့ကို ဖြေရှင်းပေးနိုင်ခဲ့ပြီး ရာဇဝတ်မှု (၈၂၁)မှုနှင့် တရားမမှု (၁၁၁၇)မှုတို့အား ဖြေရှင်နေဆဲဖြစ်ကြောင်းသိရသည်။ ယင်းကြောင့် အမှုအားလုံး၏ ၅၀ ရာခိုင်နှုန်းကို ဖြေရှင်းနိုင်ခဲ့ပြီဟုလည်း AA ဘက်ကပြောဆိုထားသည်။
အလားတူ တရားစီရင်ရေး၊ အုပ်ချုပ်ရေးပိုင်းတို့မှ တချို့ပုဂ္ဂိုလ်တို့မှာလည်း စနစ်တကျလေ့ကျင့်ထားသည့် ဝန်ထမ်းများမဟုတ်ခြင်းကြောင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားလုပ်နေမှုများရှိနေခြင်းဟု AA က ဝန်ခံထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခဲ့သူတို့အား ထိုက်တန်သည့် အပြစ်ပေးခြင်းများပြုလုပ်နေပြီး နောက်ပိုင်းတွင် ပြည်သူတို့ကိုအသိပေးရန်ရှိကြောင်းလည်း ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ရှင်းပြခဲ့သည်။

ယင်းကြောင့် ရခိုင်ပြည်နယ်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်များတွင် လူအရင်းအမြစ် မပြည့်စုံမှုများကြောင့် လိုအပ်ချက်များရှိမှုကို ပညာတက်လူငယ်များအနေဖြင့် မိမိတတ်နိုင်သည့်နေရာမှ မဏ္ဍိုင်တိုင်းတွင်ပါဝင်ကူညီရန် ULA/AA ဖိတ်ခေါ်ထားသည်။
ထို့အတူ မူလက AA တိုက်ပွဲခေါ်ခဲ့သည့် “Arakan Dream ရက္ခိတလမ်းစဉ်”မှာ ရခိုင်ပြည်သူများ လွတ်မြောက်ရေးအတွက် အလုံးစုံမရနိုင်သေးသည့်အတွက် ဆက်လက်ချီတက်ရန် များစွာသောအင်အားတို့ လိုအပ်နေသေးသည်။

အထက်ပါအခြင်းအရာတို့ကို ထောက်ရှုကြည့်လျှင် မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ လာမည့်ကာလတစ်ခုတွင် စစ်အာဏာရှင်ပြုတ်ကျခြင်း (သို့မဟုတ်) အခြားသော နိုင်ငံရေးဆွေးနွေးပွဲအခင်းအကျင်းမှ ဖက်ဒရယ်လမ်းစဉ်ဖြစ်စေ၊ အခြားသော အရပ်သားအစိုးရပေါ်ပေါက်လာချိန်တွင် AA မှာ သီးခြားရပ်တည်နိုင်သည့် အခင်းအကျင်းကို ပိုင်ဆိုင်ထားရန်လိုအပ်ကြောင်းကို ကြိုမြင်ထားဟန်ရှိသည်။

ထိုအခြေအနေတို့ကိုစောင့်ဆိုင်းကာ AA က မိမိတို့လိုလားသည့် နိုင်ငံရေးလုပ်စဉ်ကို ကျစ်လစ်ခိုင်မာစွာ တည်ဆောက်နေခြင်းကိုတွေ့ရသလို မိမိတို့အင်အားကိုပြသရင်း အကျိုးရှိမည့် နိုင်ငံရေးကိစ္စတို့ကို ဆွေးနွေးနိုင်မည်ဟုလည်း အတွေးအမြင်တို့ကရှိနေသည်။

ယင်းကြောင့် AA နှင့် ရခိုင်ပြည်သူတို့လိုလားသည့် အနာဂတ်အမျိုးသားနိုင်ငံတော်အတွက် သူနှင့်သက်ဆိုင်သည့် ဇာတ်ကောင်တို့ကို တစ်ဆင့်ချင်း၊ တစ်ကွက်ချင်းရွှေ့ပြီးကစားနေသလို မကြာမီတွင် အာရက္ခပြည်ကို အတိုင်းအတာတစ်ခုထိ ထုဆစ်ဖန်တီးပြီးသားဖြစ်နေမှာ သေချာမည်ဖြစ်ကြောင်း သုံးသပ်ရေးသားလိုက်ရပါသည်။

ဂေါင် - ရေးသားသည်။

ဗီဒီယိုများ