စာနာမှုစင်္ကြံအရေး မည်သူနှင့်မှ မဆွေးနွေး၊ ဆွေးနွေးရန် အစီအစဉ်လည်း မရှိဟု ဘင်္ဂလားဒေ့ရှ်ပြော

ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် မြန်မာအတွက် စာနာမှုစင်္ကြံတစ်ရပ် ထားရှိရေး အစီအစဉ်ကို မည်သည့်အဖွဲ့အစည်းနှင့်မှ ဆွေးနွေးခြင်း မရှိသလို ဆွေးနွေးရန် ရည်ရွယ်ချက်လည်း မရှိဟု အမျိုးသားလုံခြုံရေးအကြံပေးက ပြောကြားလိုက်သည်။

By Admin 22 May 2025

၂၀၂၅ ခုနှစ် မေလ ၂၁ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရသော ဒေါက်တာ ခါလီလာရာမန် (အလယ်)။ ဓာတ်ပုံ - Chief Adviser Press Wing
၂၀၂၅ ခုနှစ် မေလ ၂၁ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရသော ဒေါက်တာ ခါလီလာရာမန် (အလယ်)။ ဓာတ်ပုံ - Chief Adviser Press Wing

ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် မြန်မာအတွက် စာနာမှုစင်္ကြံတစ်ရပ် ထားရှိရေး အစီအစဉ်ကို မည်သည့်အဖွဲ့အစည်းနှင့်မှ ဆွေးနွေးခြင်း မရှိသလို ဆွေးနွေးရန် ရည်ရွယ်ချက်လည်း မရှိဟု အမျိုးသားလုံခြုံရေးအကြံပေးက ပြောကြားလိုက်သည်။

မေလ ၂၁ ရက်နေ့က ဒါကာရှိ နိုင်ငံခြားရေး သင်တန်းရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒေါက်တာ ခါလီလာရာမန်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

"မြန်မာအတွက် ဘင်္ဂလားဒေ့ရှ်ကတစ်ဆင့် စင်္ကြံတစ်ရပ် ထားရှိရေးနဲ့ ပတ်သက်ပြီး ဘယ်သူနဲ့မှ ဆွေးနွေးမှု မရှိပါဘူး။ ဆွေးနွေးမှုလည်း လုပ်မှာမဟုတ်ပါဘူး" ဟု သူက ပြောသည်။

ကုလသမဂ္ဂနှင့် လက်ရှိဆွေးနွေးမှုများမှာလည်း စာနာမှုအကျပ်အတည်းကြီး ကြုံနေရသည့် ရခိုင်ပြည်နယ်အတွက် အစားအစာနှင့် ဆေးဝါးများကို ထောက်ပံ့ရေးလမ်းကြောင်း အချို့မှတစ်ဆင့် ပေးအပ်ရာ၌ ကူညီပံ့ပိုးရန်သာ ဖြစ်သည်ဟု သူက ပြောသည်။

ဤကိစ္စရပ်နှင့် ပတ်သက်ပြီး အနာဂတ်တွင် ချမှတ်မည့် မည်သည့်ဆုံးဖြတ်ချက်မျိုးမဆို သက်ဆိုင်ရာ အင်အားစုများ အားလုံးနှင့် ဆွေးနွေးဆောင်ရွက်မည်ဟု ခါလီလာရာမန်က ပြောသည်။

ရခိုင်ဒေသတွင် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်မှု ရှိနေသည့်အတွက် မိမိတို့နိုင်ငံတွင်းသို့ ဝင်ရောက်လာမည်ကို အထူးစိုးရိမ်စရာ ရှိနေသည်ဟု သူက ပြောသည်။

"ရခိုင်အသိုင်းအဝိုင်းက နယ်စပ်ကို ရောက်လာပြီး အစားအစာနဲ့ ဆေးဝါး တောင်းခံတာ အကြိမ်ကြိမ်ပါပဲ။ သူတို့ ရောက်လာမယ်ဆိုရင် ကျွန်တော်တို့ အကျပ်အတည်းအသစ် ကြုံရမှာပါ။ ဒါကို ကျွန်တော်တို့ ရှောင်ရှားလိုပါတယ်" ဟု သတင်းစာရှင်းလင်းပွဲ၌ သူကပြောသည်။

ထို့အပြင် ယခုကူညီမှု အစီအစဉ်များသည်လည်း လူမျိုးတုံးသတ်ဖြတ်မှုကို မလိုလားသည့်သဘောထား အာရက္ခတပ်တော်ဘက်က ပြသမှသာ ဘင်္ဂလားဒေ့ရှ်ဘက်က စဉ်းစားပေးမည်ဖြစ်သည်ဟု သူဆိုသည်။

"ဘယ်လို လူမျိုးတုံးသတ်ဖြတ်မှု ပုံစံမျိုးကိုမဆို သည်းခံမှာမဟုတ်ဘူးလို့ အာရက္ခတပ်တော်ကို ကျွန်တော်တို့ တိုက်ရိုက် ပြောထားပြီးသားပါ။ ရခိုင်ကတစ်ဆင့်သာ သူတို့ လှုပ်ရှားလည်ပတ်လိုတယ် ဆိုရင် ကျွန်တော်တို့ လက်ခံဖို့ အဆင်မပြေနိုင်ပါဘူး။ သူတို့ဘက်က ကောင်းမွန်တဲ့ တုံ့ပြန်မှု ပေးဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒီပြဿနာကို ကျွန်တော်တို့ အေးအေးချမ်းချမ်းပဲ ဖြေရှင်းလိုပါတယ်" ဟု ဒေါက်တာ ခါလီလာရာမန်က သတင်းထောက်များကို ပြောကြားသည်။

ဒေါက်တာ ခါလီလာရာမန်သည် ယခုလ ၆ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌လည်း ရခိုင်ပြည်တွင် အာရက္ခတပ်တော်က ဖွဲ့စည်းသည့် အစိုးရသစ်၏ အဆင့်တိုင်း၌ မွတ်ဆလင်များပါဝင်သည်ကို မြင်လိုကြောင်း ပြောကြားခဲ့သည်။ ထိုအတိုင်း ဖြစ်မလာလျှင် AA နှင့် ရှေ့ဆက် ဆွေးနွေးရန် ခက်ခဲမည်ဟုလည်း အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ သူက ပြောကြားခဲ့သည်။