ရခိုင်ပြည်သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဘယ်သူတွေကာကွယ်ပေးနိုင်မှာလဲ

ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးတို့ဟာ နှစ်ပေါင်းထောင်ချီပြီး ကိုယ်ပိုင်အသိုက်အမြုံ၊ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ နေလာခဲ့ကြတဲ့ လူမျိုးဖြစ်ပါတယ်။ သက်ဦးဆံပိုင်ဘုရင်စနစ်အောက်မှာတောင် သာယာဝဖြိုးခဲ့တဲ့ ရခိုင်ပြည်ဟာ လက်ရှိမှာတော့ ကုန်းကောက်စရာမရှိတော့လောက်အောင် အဖက်ဖက်က ယိုယွင်းပျက်စီးလာနေတာကို မြင်တွေ့နေကြရမှာလည်း ဖြစ်ပါတယ်။

04 Apr 2022

DMG ၊ ဧပြီလ

(အယ်ဒီတာ့အာဘော်)

ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးတို့ဟာ နှစ်ပေါင်းထောင်ချီပြီး ကိုယ်ပိုင်အသိုက်အမြုံ၊ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ နေလာခဲ့ကြတဲ့ လူမျိုးဖြစ်ပါတယ်။ သက်ဦးဆံပိုင်ဘုရင်စနစ်အောက်မှာတောင် သာယာဝဖြိုးခဲ့တဲ့ ရခိုင်ပြည်ဟာ လက်ရှိမှာတော့ ကုန်းကောက်စရာမရှိတော့လောက်အောင် အဖက်ဖက်က ယိုယွင်းပျက်စီးလာနေတာကို မြင်တွေ့နေကြရမှာလည်း ဖြစ်ပါတယ်။

၁၇၈၄ မှာ ရခိုင်ထီးနန်းပျက်သုဉ်းပြီးကတည်းက လက်ရှိအချိန်ထိ တော်လှန်ရေးလုပ်ငန်းစဉ်တွေနဲ့ပဲ နပမ်းလုံးနေခဲ့ကြရပြီး လွတ်လပ်ရေးရဲ့အရသာကို မခံစားရဖူးသေးတဲ့ နေရာဒေသလည်းဖြစ်ပါတယ်။ ၁၉၄၈ မှာ မြန်မာနိုင်ငံဟာ အင်္ဂလိပ်လက်အောက်ကလွတ်မြောက်ခဲ့ပေမဲ့ ရခိုင်အပါအဝင် တခြားတိုင်းရင်းသားလူမျိုးတွေဟာ မဟာဗမာဝါဒီနိုင်ငံရေးခေါင်းဆောင်တွေနဲ့ စစ်ရေးခေါင်းဆောင်တွေရဲ့အောက်မှာ အဖုံးကွယ်ခံကိုလိုနီဘဝနဲ့ အသက်ဆက်နေရတာဟာ အခုဆိုရင် နှစ်ပေါင်း ၇၀ ကျော်လာပြီလည်း ဖြစ်ပါတယ်။

လွတ်လပ်ရေးခေတ်၊ ဖဆပလအစိုးရခေတ်၊ ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီခေတ်၊ ဦးနေဝင်းရဲ့ မဆလခေတ်၊ ဗိုလ်စောမောင်ရဲ့ နဝတခေတ်၊ ဗိုလ်သန်းရွှေရဲ့ နအဖခေတ်၊ဗိုလ်သိန်းစိန်ရဲ့ ဒီမိုကရေစီတစ်ပိုင်း အစိုးရခေတ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီဖက်ဒရယ်ခေတ်နဲ့ လက်ရှိ အာဏာသိမ်း စစ်ကောင်စီလက်ထက်အထိ မြန်မာ့ခေါင်းဆောင်တွေဟာ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးတွေအပေါ်မှာ စေတနာထားဖို့ ပျက်ကွက်ခဲ့ကြတယ်။ ထုတ်ယူလို့ရသမျှ သယံဇာတတွေကိုသာ ထုတ်ယူသုံးစွဲခဲ့ကြပြီး ပြည်ထောင်စုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အဖြည့်ခံသက်သက် ပေးဆပ်ခဲ့ကြရတာသာ များပါတယ်။ တိုင်းနဲ့ပြည်နယ် ဘတ်ဂျက်ခွဲဝေမှုကအစ မညီမျှမှုတွေကိုသာ ဆက်တိုက်ခံစားလာခဲ့ကြရတာပါ။

ရခိုင်လူမျိုးတို့ရဲ့ တော်လှန်ရေးဟာ ရခိုင့်ထီးနန်းပျက်သုဉ်းကတည်းကစတင်ခဲ့ကြတာ ယခုအချိန်ထိလည်း တော်လှန်ရေးကာလမှာပဲ ရှိလို့နေပါသေးတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းကစလို့ ရခိုင်ပြည်မှာအခြေချပြီး လှုပ်ရှားခဲ့ကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အများကြီးပေါ်ထွက်ခဲ့ကြပါတယ်။

ရခိုင်ပြည်အမျိုးသားလွတ်မြောက်ရေးပါတီ (ANLP)၊ ဗမာပြည်ကွန်မြူနစ်ပါတီ(ရခိုင်)၊ ရခိုင်ပြည်ကွန်မြူနစ်ပါတီ(ACP)၊ ရခိုင်ပြည်လွတ်လပ်ရေးအဖွဲ့(AIO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF(ရခိုင်)၊ ရခိုင်အမျိုးသားညီညွတ်ရေးပါတီ(NUPA)၊ ရခိုင်ပြည်ဒီမိုကရက်တစ်ပါတီ(DPA)၊ ရခိုင်အမျိုးသားကောင်စီ(ANC)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) တို့ဟာ ခေတ်သစ်ရခိုင်သမိုင်းမှာ မိမိတို့လူမျိုးတွေရဲ့ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေကို ပြန်လည်ရရှိနိုင်ဖို့ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းတွေပဲ ဖြစ်ကြပါတယ်။

လက်ရှိအချိန်မှာတော့ ALP ၊ ANC နဲ့ ULA တို့လောက်သာ ကျန်ရှိနေတော့ပြီး ULA/AA ကတော့ ရခိုင်ပြည်ကို အခြေကုပ်ရယူနိုင်ထားတဲ့ အင်အားအကောင်းဆုံး အဖွဲ့အစည်းပဲဖြစ်ပါတယ်။ ရခိုင်ပြည်သူတွေဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအောက်မှာ လူးလှိမ့်ခံခဲ့ကြရပြီး အဆိုးဆုံးကတော့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွန့်တို့ တန်ခိုးထွားခဲ့ကြတဲ့ (နအဖ)စစ်အစိုးရလက်ထက်မှာ ခံစားခဲ့ကြရတာလည်းဖြစ်ပါတယ်။

အဲဒီလို ဒုက္ခမျိုးစုံကိုခံစားခဲ့ကြရလို့လည်း ရခိုင်ပြည်သူတွေဟာ ပေါ်ပေါက်လာတဲ့ ရခိုင့်တော်လှန်ရေးအဖွဲ့အစည်းတွေကို တခဲနက်ထောက်ခံပေးခဲ့ကြတာကို မြင်တွေ့ဖူးသားလည်းဖြစ်ကြမှာပါ။

လက်ရှိမှာ နိုင်ငံတာဝန်အရပ်ရပ်ကို တာဝန်ယူထားတဲ့ စစ်ကောင်စီအစိုးရလက်အောက်ခံ ဌာနဆိုင်ရာအများစုမှာလည်း အကျင့်ပျက်ခြစားမှုတွေကြောင့် ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှု ရရှိဖို့ ခက်ခဲနေတာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ထွေ/အုပ်၊ ရဲနှင့် တရားရေးဌာနတွေဟာ မှုခင်းဖော်ထုတ်ဖမ်းဆီးအရေးယူမှုတွေမှာ မလိုအပ်ဘဲ အချိန်တွေနှောင့်နှေးကြန့်ကြာနေတာကြောင့် ရခိုင်ပြည်တွင်းက ပြည်သူအများစုဟာ ရဲစခန်းတွေမှာ အမှုဖွင့်တာမျိုး ရှားပါးလာနေပါပြီ။

၂၀၁၅ ခုနှစ်ကနေ ရခိုင်ပြည်တွင်းကို စိမ့်ဝင်လာကာ ၂၀၁၈-၂၀၂၀ မှာ မြန်မာစစ်တပ်နဲ့ အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့တဲ့ ရက္ခိုင့်တပ်တော် ULA/AA ဟာ လက်ရှိမှာ ရခိုင်ပြည်နေရာအနှံ့ သက်ဝင်လှုပ်ရှားနေပြီး တရားစီရင်ရေးကိစ္စတွေကိုပါ ဆောင်ရွက်လာနေတဲ့အတွက် ပြည်သူတွေက ပိုမိုအားကိုးလာကြရင်း အမှုအခင်းကိစ္စတွေနဲ့ ပတ်သက်လာရင် ULA ရဲ့ ပြည်သူ့ အာဏာပိုင်အဖွဲ့ကိုပဲ တိုင်ကြားလာကြပါတော့တယ်။

ဒါပေမဲ့လည်း အောက်ခြေမှာလှုပ်ရှားနေသူတွေရဲ့ ပုဂ္ဂိုလ်ရေးအငြိုးထားမှု၊ ဘက်လိုက်မှုတချို့ကြောင့် ရခိုင်ပြည်သူတွေအတွက် အသက်၊သွေး၊ချွေးတွေနဲ့ပေးဆပ်ခဲ့ထားရတဲ့ ရခိုင်ပြည်သူတို့ရဲ့ အိမ်မက်ပိုင်ရှင်ဟာ အကျည်းတန်ဖို့ဖြစ်လာနေပါပြီ။ ဒါတွေကို အချိန်မီမတားဆီးနိုင်ရင် သက်ဆိုးရှည်တော်လှန်ရေးသမိုင်းထဲမှာပဲ တဝဲလည်လည်ဖြစ်သွားနိုင်ပါတယ်။

မှုခင်းတစ်ခုကို ကိုင်တွယ်ဖြေရှင်းမှုမှားသွားခဲ့ရင် ကိုယ်တွယ်ဖြေရှင်းသူကို အရေးယူရပါမယ်။ တာဝန်ယူဖြေရှင်းသူတွေမှာလည်း တာဝန်ခံမှုအပြည့်အဝ ရှိရပါလိမ့်မယ်။ ပြည်သူက ယုံကြည်ကိုးစားလို့ မိမိတို့အပေါ်အပ်နှံလာတဲ့အမှုတွေကို ဘက်လိုက်မှု ကင်းရှင်းစွာနဲ့ စီစဉ်ဆောင်ရွက်ပေးဖို့တော့ လိုပါလိမ့်မယ်။ ရခိုင်ပြည်သူအများစုဟာ ခေတ်အဆက်ဆက်အုပ်စိုးခဲ့တဲ့ ဘယ်အစိုးရကိုမှ အပြည့်အဝမယုံကြည်ခဲ့ကြပါဘူး။ ဒီနေ့ ရခိုင်တို့ရဲ့ အိမ်မက်ပိုင်ရှင်ကို ယုံကြည်အပ်နှံနေကြပါပြီ။ တည်ဆောက်ဆဲကာလမို့ အမှားအယွင်းတွေရှိနိုင်တာ မှန်သော်လည်း အမှားနည်းအောင်အတွက် အတတ်နိုင်ဆုံး ထိန်းကွပ်ပေးဖို့တော့ လိုအပ်လာနေပါပြီ။

တော်လှန်ရေးတစ်ခုမှာ အစကတည်းကပါဝင်လာသူတွေကသာ အနစ်နာခံကြတဲ့သူတွေဖြစ်ပေမဲ့လည်း အောင်မြင်မှုလမ်းစကို ရောက်လာတဲ့အချိန်မှာတော့ အခွင့်အရေးသမားတချို့လည်း ပါကောင်းပါလာနိုင်ပါတယ်။ လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အစုအဖွဲ့တစ်ခုကြောင့် မိမိတို့ အသက်၊သွေး၊ချွေးတွေနဲ့ရင်းပြီး တည်ဆောက်ထားတဲ့ အိမ်မက်တစ်ခုကို အဖျက်ဆီးမခံနိုင်ဖို့ဆိုရင် ကျောသားရင်သားမခွဲခြားဘဲ အပြစ်ပေးအရေးယူတာမျိုးလုပ်ရသလို ဆုပေးဒဏ်ပေးစနစ်တွေကိုလည်း အသက်သွင်းပေးဖို့ လိုအပ်ပါလိမ့်မယ်။

လက်ရှိမှာ ဖြစ်ပျက်နေတဲ့အနေအထားက စီမံအုပ်ချုပ်မှုအပိုင်းနဲ့ အောက်ခြေမှာလှုပ်ရှားနေသူတွေ ချိတ်ဆက်မှုအားနည်းတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြဿနာဖြစ်ရပ်တိုင်းမှာ ULA/AA နဲ့ သက်ဆိုင်နေတာမျိုးမဟုတ်ပေမဲ့လည်း မသူတော်တွေက နာမည်အလွဲသုံးစားလုပ်တာမျိုးတွေကိုတော့ ဖော်ထုတ်ပြီး အရေးယူပေးဖို့လိုအပ်လာနေပြီလို့ ထောက်ပြပါရစေ။

အဆောက်အအုံတစ်ခုခိုင်မြဲဖို့အတွက် အောက်ခြေကခိုင်မြဲဖို့လိုသလို အဖွဲ့အစည်းတစ်ခုခိုင်မြဲဖို့ဆိုတာလည်း အောက်ခြေကလူတွေရဲ့ သမာသမတ်ကျမှုတွေနဲ့ ပိုပြီးသက်ဆိုင်ပါတယ်။ ရခိုင်ပြည်တွင်းက တချို့နေရာတွေမှာ ပြည်သူ့အာဏာပိုင်အဖွဲ့ကဆိုပြီး ဥပဒေကိုကျော်လွန်ပြီး တရားလက်လွတ် လုပ်ဆောင်မှုတွေဟာ ခပ်စိပ်စိပ်ကြားလာနေရတဲ့အတွက် အချိန်မီတားဆီးထိန်းသိမ်းဖို့ လိုအပ်နေပြီလည်းဖြစ်ပါတယ်။

မျက်မှောက်အချိန်မှာတော့ ရခိုင်ပြည်သူတွေအနေနဲ့ တိုင်းပြည်အာဏာကိုသိမ်းယူထားတဲ့ စစ်ကောင်စီကိုလည်း အားကိုးမရ၊ ရခိုင်ပြည်သူတွေရဲ့ တခဲနက်ထောက်ခံအားပေးမှုကို ရရှိထားတဲ့ ULA/AA ကိုလည်း အားကိုးလို့မရဘူးဆိုရင် ဘယ်သူတွေကို အားကိုးရပါ့မလဲ။ ရခိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုကာကွယ်ပေးဖို့ ဘယ်သူတွေမှာ တာဝန်ပိုရှိပါသလဲ။

ရခိုင်ပြည်သူတွေကို တန်ဖိုးထားလေးစားကြတယ်ဆိုရင်တော့ တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုရရှိရေးနဲ့ လူတစ်ယောက်ချင်းစီရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို ဒီထက်မက ပိုမိုကာကွယ်ပေးကြပါလို့ DMG က အလေးအနက်ထားတိုက်တွန်းရေးသားလိုက်ရပါတယ်။

ဗီဒီယိုများ