စစ်အုပ်ချုပ်ရေးအောက်မှာ ကျီးလန့်စာစားနေရတဲ့ ပြည်သူတွေ

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့ ကြည့်မြင်တိုင်မှာ စစ်အာဏာရှင်အုပ်ချုပ်ရေး အလိုမရှိဘူးလို့ ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ လူငယ်တွေကို အနောက်ကနေ ကားနဲ့အပြင်းဝင်တိုက်တဲ့ လုပ်ရပ်ကိုကြည့်ရင် ပြည်သူ့အပေါ် စစ်အာဏာရှင်တွေက ဘယ်လိုမျိုးသဘောထားတယ် ဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့နိုင်မှာလည်း ဖြစ်ပါတယ်။

09 Dec 2021

DMG ၊ ဒီဇင်ဘာ ၉

(အယ်ဒီတာ့အာဘော်/Editorial)

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းကစပြီးတော့ မြန်မာပြည်အနှံ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ အရှိန်အဟုန်မြှင့်ပြီးတော့ ပေါ်ပေါက်လာပါတယ်။ အဲဒီနောက်ပိုင်းမှာ အရင်က နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ မတူတဲ့ လက်နက်ကိုင်တော်လှန်ရေးအထိ ဘက်ပေါင်းစုံက ပူးပေါင်းပါဝင်လာရတာကိုလည်း တွေ့မြင်လာရပါတော့တယ်။

ပြီးခဲ့တဲ့ အချိန်တွေအတွင်း ပြည်နယ်အချို့က လက်နက်ကိုင်တော်လှန်ရေးကို အမြင်စောင်းခဲ့ကြတဲ့ ပြည်မကလူငယ်အချို့ဟာ အခုအချိန်မှာ ကိုယ်တိုင်လက်နက်ကိုင်ပြီး တော်လှန်နေကြတဲ့ အခြေအနေတစ်ခုကို မြင်တွေ့လို့နေရပါပြီ။ လူငယ်တွေအနေနဲ့ မိသားစုတွေကို စွန့်ခွာကာ လက်နက်ကိုင်ပြီး ပါဝင်လာကြတာတွေကိုလည်း လက်ရှိအာဏာရှိသူတွေ တွေ့မြင်ရမှာဖြစ်ပါတယ်။  

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုင်းဒေသကြီးအများအပြားနဲ့ ပြည်နယ်တချို့မှာ စစ်အာဏာရှင်အလိုမရှိဘူးလို့ ဆန္ဒပြခဲ့ကြတဲ့ ပြည်သူတွေကို မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြတာကိုလည်း နိုင်ငံတကာကပါ မြင်တွေ့ရပြီးလည်း ဖြစ်ပါတယ်။

အဲဒီလို အာဏာသိမ်းထားတဲ့ ၁၀ လ ကျော်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁၃၀၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ သို့ပေမဲ့လည်း စစ်ကောင်စီကတော့ အဲဒီ AAPP အဖွဲ့ကို တရားမဝင်တဲ့အဖွဲ့အစည်းလို့ ကြေညာထားတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့ ကြည့်မြင်တိုင်မှာ စစ်အာဏာရှင်အုပ်ချုပ်ရေး အလိုမရှိဘူးလို့ ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ လူငယ်တွေကို အနောက်ကနေ ကားနဲ့အပြင်းဝင်တိုက်တဲ့ လုပ်ရပ်ကိုကြည့်ရင် ပြည်သူ့အပေါ် စစ်အာဏာရှင်တွေက ဘယ်လိုမျိုးသဘောထားတယ် ဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့နိုင်မှာလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ လက်ပြန်ကြိုးတုပ်ခံထားရတဲ့ လူတစ်စုကို အရှင်လတ်လတ် မီးရှို့ခံထားရတဲ့သတင်းတွေ လူမှုကွန်ရက်စာမျက်နှာတွေမှာ တွေ့မြင်လာရတော့ IS အကြမ်းဖက်သမားတွေများ မြန်မာပြည်ကိုရောက်နေသလားလို့တောင် ထင်မှတ်ရပါတယ်။

လက်ရှိအချိန်မှာ ပြည်မမှာ ကြုံတွေ့နေရတဲ့ မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့ လုပ်ရပ်မျိုးတွေကို ရခိုင်ဒေသမှာလည်း ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလတွေအတွင်းက ခံစားခဲ့ရဖူးပါတယ်။
ရခိုင်ပြည်အတွင်း စစ်ပွဲဖြစ်ပွားခဲ့တဲ့ကာလအတွင်းမှာ အသက် ၄၀ အရွယ် အိမ်ထောင်သည်အမျိုးသမီးကို အိမ်ပေါ်ကဆွဲချပြီးတော့ အဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်စဉ်၊ ပြည်သူတွေနေတဲ့ အိမ်တွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်၊ သာသနိက အဆောက်အအုံတွေကို ဖြတ်ကျော်ပြီးတော့ လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်တွေ၊ AA နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ သံသယနဲ့ဖမ်းဆီးခံရချိန်အတွင်း သေဆုံးခဲ့ရသူတွေလည်း အများကြီးရှိခဲ့ပါတယ်။

လက်ရှိမှာ ရခိုင်ဒေသဟာ တစ်နှစ်နီးပါးလောက် တည်ငြိမ်အေးချမ်းနေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော် AA နဲ့ မြန်မာစစ်တပ်တို့ ထိပ်တိုက်တွေ့ဆုံမှု မရှိတဲ့အတွက် တည်ငြိမ်နေတာလည်း ဖြစ်ပါတယ်။ အခုလို တည်ငြိမ်နေတဲ့ ဒေသမှာ မြန်မာစစ်တပ်က မြို့နယ်တိုင်းလိုလိုမှာ စစ်ကားတွေနဲ့ လက်နက်အပြည့်အစုံ တပ်ဆင်ထား စစ်သားတွေကို တင်ဆောင်ပြီး သွားလာမှုတွေရှိနေပါတယ်။
ကိုဗစ်ကို အကြောင်းပြပြီး ခရီးသွားပြည်သူတွေကို စစ်ဆေးမေးမြန်းတာ၊ ဆိုင်ကယ်တူးဘောက်(စ်) တွေကို စစ်ဆေးတာ၊ ဧည့်စာရင်းစစ်တာမျိုးတွေ ပြုလုပ်လာနေတဲ့အတွက် အရပ်သားပြည်သူတွေအနေနဲ့ အထိတ်တလန့် ဖြစ်နေကြရပါတယ်။

မြန်မာပြည်တွင်းမှာ နေထိုင်ကြသူ အများစုဟာ စစ်ယူနီဖောင်း၊ ရဲယူနီဖောင်း ဝတ်ဆင်ထားတဲ့လူတွေကို ကြောက်လန့်နေကြရပါတယ်။ ကြောက်လန့်မယ်ဆိုလည်း ကြောက်လန့်စရာပါပဲ။ ဒီနေ့ အကောင်းပကတိ လူတစ်ယောက်ကို ဖမ်းဆီးသွားပြီး မနက်မှာ အလောင်းသာ ရောက်လာတဲ့ ကိစ္စမျိုးတွေဟာလည်း မကြားချင်မှ အဆုံးပါပဲ။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာတောင် ထင်တိုင်းကြဲနေကြတာကို ကြည့်ရင် စစ်ပွဲတွေ ပြင်းထန်ခဲ့တဲ့ တိုင်းရင်းသားဒေသတွေမှာ ဘယ်လောက်ထိ လုပ်ဆောင်ခဲ့ကြလေမလဲ မှန်းဆလို့ ရနိုင်ကြပါလိမ့်မယ်။

အခုအခါမှာလည်း ရခိုင်ဒေသက ပြည်သူတွေအတွက် ထိတ်လန့်စရာတစ်ခု တစ်ကျော့ပြန်ပေါ်လာတယ်လို့ ဆိုရမှာပါ။ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ထဲက မြေငူကျွန်းခေါ် အနောက်ဖရုံကာ ကျွန်းပေါ်မှာ တည်ရှိနေတဲ့ ဆံတော်ရှင်စေတီပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ ရှိကြပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာတော့ တိုက်ပွဲတွေနဲ့ ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် ဘုရားပွဲတော်ကို ကျင်းပခွင့် မရခဲ့ကြပါဘူး။

ဆံတော်ရှင်ဘုရားပွဲ ကျင်းပခဲ့စဉ်ကလည်း စစ်တပ်က လုံခြုံရေးယူပေးခဲ့တယ်ဆိုတဲ့ အစဉ်အလာလည်း မရှိခဲ့ဖူးပါဘူး။ ဒီနှစ်မှာတော့ ကိုဗစ်ကူးစက်မှုတွေလည်း လျော့ကျလာတဲ့အတွက် ဘုရားပွဲတော်ကို  ကျင်ပဖို့ ပြင်ဆင်ထားကြပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်တပ်က စစ်သားတွေ ရောက်လာချိန်မှာတော့ ဘုရားပွဲတော်အတွင်း ဈေးရောင်းချကြမယ့် ဈေးသည်အချို့တောင် ပြန်လည်ထွက်ခွါသွားခဲ့ကြပါတယ်။

မြန်မာစစ်တပ်ရောက်လာပြီဆိုတာနဲ့ ဒေသခံပြည်သူတွေဟာ အကြောက်တရား ကြီးစိုးသွားကြပါတော့တယ်။ ပြည်နယ် စစ်ကောင်စီဖက်ကတော့ အဲဒီစစ်သားတွေဟာ ပျက်စီးနေတဲ့ လမ်းတွေကို ပြုပြင်ဖို့ရောက်နေကြတာလို့ အကြောင်းပြချက်ပေးပေမဲ့လည်း ဒေသခံပြည်သူတွေကတော့ သူတို့ရဲ့ သွားလာမှုတွေကို မြန်မာစစ်တပ်က မေးမြန်းစုံစမ်းတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
လမ်းပြင်မယ်ဆိုတဲ့ အကြောင်းပြချက်ဟာ မှန်ကောင်း မှန်နိုင်ပေမဲ့လည်း ပြီးခဲ့တဲ့နှစ် မတိုင်မီအထိ အဲဒီလမ်းဟာ တောလမ်းအတိုင်းပဲ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

အခု ကျင်းပမယ့်ပွဲတော်ဆိုတာလည်း နိုင်ငံရေးပွဲတော်မဟုတ်ဘဲ ဘာသာရေးပွဲတော်တစ်ခုသာ ဖြစ်တဲ့အတွက် ပုံမှန်အတိုင်းကျင်းပနိုင်ဖို့ကို ပြည်သူတွေက မျှော်လင့်နေကြတာာပါ။ ဒီလိုအချိန်မှာ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ ယူနီဖောင်းဝတ် စစ်သား ရဲသားတွေက ဆံတော်ရှင်ဘုရားလမ်းတစ်လျှောက် နေရာယူထားတာဟာ ပြည်သူကို လုံခြုံမှုပေးရာမရောက် အကြောက်တရားကိုသာ တိုးပွားစေမှာလည်း ဖြစ်ပါတယ်။

မသင်္ကာလို့ဆိုပြီး ဖမ်းဆီးခံရရုံနဲ့တောင် အလောင်းပဲပြန်ရတဲ့ စစ်အုပ်ချုုပ်ရေးအောက်မှာတော့ ပြည်သူတွေအနေနဲ့ကတော့ ကျီးလန့်စာစားဘဝနဲ့ ရှင်သန်နေကြရမှာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် စစ်ကောင်စီအနေနဲ့ ပြည်သူတွေကို ငဲ့ညှာတယ်ဆိုလို့ရှိရင် နေရာတကာမှာ လက်နက်တွေတကားကားနဲ့ စစ်ဆေးမေးမြန်းတာမျိုးတွေကို ဆင်ခြင်ပေးကြပါလို့ DMG က တိုက်တွန်းရေးသားလိုက်ရပါတယ်။

#Editorial@9dec2021

ဗီဒီယိုများ