လုံခြုံရေးတင်းကြပ်မှုရဲ့ နောက်ဆက်တွဲက ဘာတွေဖြစ်လာနိုင်သလဲ

လက်ရှိကာလမှာ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်အတွင်းက မြို့နယ်အချို့မှာ လုံခြုံရေးတင်းကြပ်မှုတွေနဲ့  တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်စစ်ဆေးမှုတွေအထိ ပြန်လည်လုပ်ဆောင်လာနေပါတယ်။ လမ်းသွားလမ်းလာတွေကိုလည်း ပိုမိုပြီး တင်းတင်းကြပ်ကြပ်စစ်ဆေးမှုတွေရှိလာတာကြောင့် ရခိုင်မှာ တကျော့ပြန်စစ်ပွဲတွေဖြစ်လာမလားလို့ စိုးရိမ်နေကြရတဲ့အခြေအနေပါ။

12 May 2022

DMG ၊ မေလ

(အယ်ဒီတာ့အာဘော်)

လက်ရှိကာလမှာ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်အတွင်းက မြို့နယ်အချို့မှာ လုံခြုံရေးတင်းကြပ်မှုတွေနဲ့  တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်စစ်ဆေးမှုတွေအထိ ပြန်လည်လုပ်ဆောင်လာနေပါတယ်။ လမ်းသွားလမ်းလာတွေကိုလည်း ပိုမိုပြီး တင်းတင်းကြပ်ကြပ်စစ်ဆေးမှုတွေရှိလာတာကြောင့် ရခိုင်မှာ တကျော့ပြန်စစ်ပွဲတွေဖြစ်လာမလားလို့ စိုးရိမ်နေကြရတဲ့အခြေအနေပါ။

ဧရာဝတီတိုင်းက ရခိုင်လူမျိုး ၄၀ ဦးထက်မနည်းကို ဖမ်းဆီးတာတွေ၊ မင်းပြားလေးမြို့ချောင်းမှာ ခရီးသွားစက်လှေတွေကို စစ်ဆေးရေးတင်းကြပ်တာတွေ၊ အမ်းမြို့နယ် ဒလက်ချောင်းဒေသကို ဆန်ရိက္ခာ သယ်ယူခွင့်ကန့်သတ်လိုက်တာအပါအဝင် ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးရဲ့ ကုန်စည်စီးဆင်းမှုကို ကန့်သတ်စစ်ဆေးမှုတွေ အများအပြားပြုလုပ်တာတွေရှိနေပါတယ်။

ဒါ့အပြင် ရခိုင်နဲ့ မွတ်ဆလင်တို့ သဟဇာတဖြစ်ရေး ရက္ခိုင့်တပ်တော်(AA)က ကြိုးပမ်းနေချိန်မှာ မွတ်ဆလင်အုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးထိန်သိမ်းတာတွေဟာ တည်ငြိမ်နေတဲ့ဒေသတစ်ခုကို လှုပ်ခတ်စေမှာတော့ အမှန်ပါပဲ။

ရခိုင်ပြည်မှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ အပစ်အခတ်ရပ်စဲထားတာဟာ နားလည်မှုနဲ့ပဲ ရပ်စဲထားတာဖြစ်ပါတယ်။ စာချုပ်စာတမ်းအထောက်အထားတွေနဲ့ ရပ်တန့်ထားတာမျိုး မဟုတ်ပါဘူး။ ဆိုလိုတာက နားလည်မှုဆိုတာ အချိန်မရွေးပျက်ပြယ်သွားနိုင်တဲ့ အနေအထားပါ။

ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကလည်း ပြီးခဲ့တဲ့ဧပြီလ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေကို ဝေဖန်ခဲ့ပြီး အချိန်မရွေးတိုက်ပွဲပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးကို ပြောသွားခဲ့ပါတယ်။

တစ်ဖက်မှာလည်း ULA/AA က အုပ်ချုပ်မှုယန္တရား အကောင်အထည်ဖော်တည်ဆောက်လာမှုကလည်း စစ်ကောင်စီအတွက် စိုးရိမ်စရာတစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သို့သော်လည်း မြန်မာစစ်တပ်ဟာ လူထုရဲ့ မနှစ်မြို့တဲ့အဆင့်ကိုရောက်နေတဲ့အတွက် ရခိုင်ဒေသမှာတော့ ပြည်သူတွေဆီက ပူးပေါင်းပါဝင်မှုကိုရနိုင်ဖို့ ခက်ခဲနေဆဲပဲဖြစ်ပါတယ်။

ရခိုင်ပြည်အတွင်းမှာ စစ်ဆေးရေးဂိတ်တွေဟာဆိုရင်လည်း လိုအပ်တာထက်ပိုမိုများပြားနေပြီး ခရီးသွားပြည်သူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေရုံသာမက ကုန်စည်စီးဆင်းမှုတွေကိုပါ နှောင့်နှေးစေပါတယ်။

အဲဒါကြောင့်လည်း AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လူမှုကွန်ရက် Twitter ကတစ်ဆင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကို သတိပေးစာရေးသားတဲ့အထိ ဖြစ်လာတာပါ။

မြန်မာစစ်တပ်အနေနဲ့ လက်ရှိအခြေအနေအတိုင်းသာ ဆက်ပြီးတင်းကြပ်နေမယ်ဆိုရင်တော့ များမကြာမီ အချိန်အတွင်းမှာ တိုက်ပွဲတွေဆီကိုဦးတည်သွားနိုင်ခြေ ရှိနေပါတယ်။ စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးတဲ့နောက် တိုင်းနဲ့ပြည်နယ် ၁၄ ခုထဲမှာ တိုက်ပွဲပြင်းပြင်းထန်ထန် မဖြစ်တာဆိုလို့ ရခိုင်ဒေသတစ်ခုသာရှိတာပါ။ရခိုင်ဒေသမှာသာ တိုက်ပွဲတွေတကျော့ပြန်ဖြစ်လာရင် မြန်မာစစ်တပ်အနေနဲ့လည်း စစ်မျက်နှာအားလုံးကိုဖွင့်ပြီး တိုက်ရမယ့်အခြေအနေကို ရောက်သွားနိုင်ပါတယ်။

အကယ်၍သာ တိုက်ပွဲတွေပြန်ဖြစ်လာရင် စစ်ဘေးရှောင်တွေဟာ ပိုမိုများပြားလာနိုင်ပြီး လယ်ယာလုပ်ငန်းခွင်တွေဟာလည်း ရပ်တန့်သွားနိုင်ပါတယ်။ ထို့ကြောင့် ဆန်စပါးစိုက်ပျိုးမှုမရှိရင် ပြည်သူတွေဟာ အငတ်ဘေးကိုအထိ ဦးတည်သွားနိုင်ပါတယ်။ အဲဒီအချက်တွေကြောင့်များ ရခိုင်ဒေသမှာ စစ်ဖြစ်စေချင်တာလားဆိုတာကတော့ မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းကသာ အသိဆုံးဖြစ်မှာပါ။

နှစ်နှစ်ကျော်ကြာဖြစ်ပွါးခဲ့တဲ့ နှစ်ဖက်စစ်ပွဲတွေကြောင့် အကျိုးသက်ရောက်ခဲ့တဲ့ စစ်ဘေးရှောင်တွေကိုတောင် လက်ရှိမှာ စစ်ကောင်စီဘက်ကထောက်ပံ့မှုတွေ မပေးနိုင်တော့ပါဘူး။ ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်အများစုဟာ နိုင်ငံတကာကပေးတဲ့အကူအညီ၊ ရခိုင်ပြည်သူတွေက လှူဒါန်းတဲ့အကူအညီတွေနဲ့ ရပ်တည်နေကြရတာပါ။ ခေတ်ကာလ ကုန်ဈေးနှုန်းတွေနဲ့ဆိုရင် ပြည်သူတွေမှာလည်း အခက်အခဲရှိနိုင်တာကြောင့် စစ်ဘေးရှောင်တွေကို ထောက်ပံ့ပေးဖို့ဆိုတာ မလွယ်ကူနိုင်ပါ။

စစ်ဘေးရဲ့ဒဏ်ဟာ တိုင်းပြည်တစ်ခုရဲ့စီးပွားရေးကို ဘယ်လောက်ထိခိုက်တယ်ဆိုတာ လက်နက်ကိုင်တပ်ဖွဲ့တွေ မဆိုထားနဲ့ အောက်ခြေလူတန်းစားတွေအစ သိကြပါတယ်။

တည်ငြိမ်နေတဲ့ ပြည်နယ်တစ်ခုရဲ့အနေအထားမှာ မြန်မာစစ်တပ်က အိမ်ထောင်စုစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ် စစ်ဆေးမှုတွေကိုအကြောင်းပြပြီး ကျေးရွာတွေကို တစ်ရွာဝင်တစ်ရွာထွက် သွားလာနေကြတာဟာ ပြည်သူတွေရဲ့စိုးရိမ်စိတ်ကို ထပ်ပြီးခြောက်လှန့်နေသလို ဖြစ်လို့နေပါတယ်။

ရခိုင်မှာ ULA/AA ကို ရခိုင်ပြည်သူလူထု ရာခိုင်နှုန်းအများအပြား ထောက်ခံမှုနဲ့အတူ အမှုအခင်းတွေနဲ့ ပတ်သက်လာရင်တောင် မြန်မာစစ်တပ်ရဲ့အုပ်ချုပ်မှုလက်အောက်ခံ ရဲစခန်းတွေကို တိုင်တန်းမှုမရှိသလောက် ဖြစ်သွားရတဲ့အနေအထားကို ရောက်ရှိနေတာကိုလည်း မြန်မာစစ်တပ်အနေနဲ့ သတိပြုဖို့လိုအပ်မှာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ရက္ခိုင့်တပ်တော်(AA)နဲ့ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မတွေနဲ့ တရားရင်ဆိုင် နေရသူတွေဟာ မြန်မာစစ်တပ်က အေအေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်က ပယ်ဖျက်ပြီးသည့်တိုင် မလွတ်မြောက်ကြဘဲ ရှိနေပါသေးတယ်။ တကယ်လို့သာ တိုက်ပွဲတွေဖြစ်လာခဲ့ရင် အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာမျိုးတွေဟာလည်း ယခင်တိုက်ပွဲကာလမှာထက် ပိုမိုများပြားလာနိုင်ပါတယ်။

ဒါကြောင့် နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းတာတွေထက် တည်ငြိမ်စပြုနေတဲ့ ရခိုင်ဒေသမှာ စစ်မီးတစ်ဖန်မတောက်လောင်စေဘဲ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သွားကြပြီး ငြိမ်းချမ်းရေးကိုသာရှေးရှုကြပါလို့ DMG ကနေ တိုက်တွန်းရေးသားလိုက်ရပါတယ်။

ဗီဒီယိုများ