မိုင်းထိမှုကြောင့် ကျောက်တော်ဒေသခံတစ်ဦးသေဆုံး၊ လေးရက်အတွင်း နှစ်ဦးသေပြီး ဒဏ်ရာရသူ တစ်ဦးရှိ

ယနေ့ (ဇူလိုင်လ ၄ ရက်)၊ နေ့လယ်ပိုင်းက မိုင်းထိမှန်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသော ကျောက်တော်မြို့နယ်၊ မျာလီကန်ကျေးရွာမှ အမျိုးသားတစ်ဦးမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားကြောင်း သိရသည်။

04 Jul 2022

မိုင်းထိမှုကြောင့် သေဆုံးသွားသော အသက် ၃၅ အရွယ် ဦးလှမောင်ဖြစ်သည်။ (ဓာတ်ပုံ-CJ)

DMG ၊ ဇူလိုင် ၄

ယနေ့ (ဇူလိုင်လ ၄ ရက်)၊ နေ့လယ်ပိုင်းက မိုင်းထိမှန်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသော ကျောက်တော်မြို့နယ်၊ မျာလီကန်ကျေးရွာမှ အမျိုးသားတစ်ဦးမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ အသက် ၃၅ နှစ်အရွယ် ဦးလှမောင်ဖြစ်သည်။ သူသည် အမှတ် (၃၇၇) အမြောက်တပ်ရင်းနှင့် တစ်မိုင်ခန့် ဝေးကွာသော မိမိ၏ လယ်ပိုင်နက်အတွင်းတွင် နွားကျောင်းနေစဉ် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်ထွက် သွားကာ အခြားတစ်ဖက်မှာလည်း ပြင်းထန်စွာဒဏ်ရာရရှိသွားသည်။

ယင်းနောက် အပေါက်ဝဆေးရုံသို့ ပို့ပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခြင်းဖြစ်သည်ဟု ညီဖြစ်သူ ကိုသန်းထွန်းလှိုင်က ပြောသည်။

“သူပိုင်တဲ့လယ်ကွင်းနားက တောင်ကုန်းလေးပေါ်မှာနွားကျောင်းနေတုန်းမှာပဲ တောင်ကုန်းပေါ်က ထပေါက်တာ။ ဖြစ်ဖြစ်ချင်းတော့ အပေါက်ဝဆေးရုံကိုတန်းပို့တာပါပဲ။ ဒါပေမဲ့အသက်ကိုမကယ်လိုက်နိုင်ဘူး။ ဆေးရုံရောက်လို့ ဆေးတလုံးသွင်းပြီး နောက်တလုံးသွင်းဖို့လုပ်နေဆဲမှာပဲသေသွားတယ်" ဟု  ၎င်းက ပြောသည်။

မိမိပိုင်ဆိုင်သည့်လုပ်ငန်းနေရာများ၌ပင် ယခုကဲ့သို့မိုင်းပေါက်ကွဲမှုများဖြစ်လာသည့်အတွက် အလုပ်လုပ် ရန်အလွန်စိုးရိမ်မိလာသည်ဟု ကိုသန်းထွန်းလှိုင်က ဆိုသည်။

"ကျတော်တို့ အလုပ်ဆက်လုပ်ဖို့ကိုတောင် တကယ်ကြောက်လန့်နေမိတယ်။ ကိုယ်ပိုင်တဲ့လယ်ကွင်းမှာ တောင် အခုလိုအဖြစ်မျိုးကြုံလာရတော့ အရမ်းစိုးရိမ်စရာကောင်းတယ်။ အစ်ကိုအတွက်လည်း အရမ်းဝမ်းနည်းမိတယ်" ဟု ၎င်းကပြောသည်။

ထိုသို့ မြေမြှပ်မိုင်းများနှင့် စစ်ကျန်လက်နက်များ၏ ခြိမ်းခြောက်မှုဒဏ်ခံနေရသာကြောင့် တောတောင်ကိုမှီခိုပြီး အလုပ်လုပ်ကိုင်နေရသည့် ရခိုင်ကျေးလက်နေပြည်သူများမှာ အသက်အန္တရာယ် ထိခိုက်မည်ကို အလွန်စိုးရိမ် လျက်ရှိကြပြီး သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အမြန်ဆုံးမိုင်းရှင်းလင်းရေးများပြုလုပ်ပေး ရန်လည်း ဒေသခံများ တောင်းဆိုနေကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ ဖုန်သာချောင်းအုပ်စု၊ အထက်ခချီးမြောင်ရွာမှ အမျိုးသားတစ်ဦး  မိုင်းနင်းမိ၍ ညာခြေထောက်တစ်ဖက်ပြတ်ထွက်သွားပြီး ဒဏ်ရာအများအပြားရရှိခဲ့သဖြင့် မင်းပြားဆေးရုံကြီးတွင် အရေးပေါ်ဆေးကုသမှုခံယူနေရသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၁ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ ဝက်မှိုင်းကျေးရွာမှ အသက် (၄၀) အရွယ်အမျိုးသားတစ်ဦးမှာ နွားရှာသွားစဉ်မိုင်းနင်းမိသဖြင့် ခြေထောက်တဖက်ပြတ်ကာဒဏ်ရာ ပြင်းထန်စွာရရှိသွားခဲ့ပြီး စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး၌ အရေးပေါ်ဆေးကုသမှုခံယူနေစဉ်အတွင်း သေဆုံးသွားခဲ့သည်။

ရခိုင်တွင် တိုက်ပွဲများရပ်တန့် နေသော်လည်း စစ်ကျန်လက်နက်ပေါက်ကွဲမှုများကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူ  ပိုမိုများလာနေသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ယခု ဇူလိုင်လ ၄ ရက်နေ့အထိ မိုင်းနှင့်စစ်ကျန်လက်နက်ပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၆ ဦးရှိကာ ဒဏ်ရာရရှိသူ ၁၈ ဦးရှိကြောင်း အချက်အလက်များပြုစုထားသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ထံက သိရသည်။

ဗီဒီယိုများ