DMG | ဇူလိုင် ၂၁

စစ်တွေဆေးရုံမှ သူနာပြုများအတွက် လုံခြုံရေးအဖြစ် ရဲဝန်ထမ်း ၁၀ ဦးကို ထားရှိပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးလှသိန်းက ယနေ့ ဇူလိုင် ၂၁ ရက်တွင် DMG သို့ ပြောသည်။

အဆိုပါ သူနာပြုများလုံခြုံရေးအတွက် ထားရှိမည့်ရဲဝန်ထမ်း ၁၀ ဦးသည် ရခိုင်တိုင်းရင်းသားများဖြစ်ပြီး ယင်းအထဲတွင် ရဲအရှိနှစ်ဦးပါဝင်မည်ဖြစ်ကြောင်းနှင့် သောက်စားတတ်သည့် ရဲဝန်ထမ်းများ မပါဝင်စေရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“သူတို့ကို ဒီနေ့ ၂ နာရီကတည်းက စစ်တွေဆေးရုံကို လွှတ်လိုက်ပြီ။ သူတို့ကို စစ်တွေဆေးရုံအုပ်ကြီးဆီ အပ်ထားတယ်။ သူတို့ကို ကိုဗစ်မကူးစက်ဖို့အတွက်ကိုလည်း ဆေးရုံကပဲ တာဝန်ယူ ပေးဖို့ပြောထားတယ်။ နောက်ပြီး သူနာပြုဆရာ၊ဆရာမတွေ သွားလာရင် တာဝန်ကျရဲသားတွေကိုပါ ထည့်ပေးမလား၊ မထည့်ပေးဘူးလားဆိုတာကိုတော့ ဆေးရုံအုပ်ကြီးက စီစဉ်ပါလိမ့်မယ်”ဟု ဦးလှသိန်းက ရှင်းပြသည်။

ယခုကဲ့သို့ လုံခြုံရေးချပေးရခြင်းမှာ တာဝန်ကျသူနာပြုဆရာမအချိုကို လူနာစောင့်အချို့က ခြိမ်းခြောက်မှုများရှိသဖြင့် ယခုကဲ့သို့ စီစဉ်ပေးရခြင်းဖြစ်ကြောင်း ဦးလှသိန်းကဆိုသည်။

ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက စစ်တွေဆေးရုံသို့ တာဝန်ကျသူနာပြုဆရာမအချို့ ဆေးရုံသို့လာရောက်ခြင်း မရှိခဲ့သည့်အတွက် ပြည်နယ်စစ်ကောင်စီအနေဖြင့် သွားရောက်ညှိနှိုင်းခဲ့ပြီးနောက် ယခုကဲ့သို့ စီစဉ်လိုက်ရခြင်းဖြစ်ကြောင်းကိုလည်း ဦးလှသိန်းက ဆက်ပြောသည်။

“သူတို့နဲ့ ဆွေးနွေးတဲ့အခါ သူတို့ကိုလူနာစောင့်တစ်ချို့က သတ်ပစ်မယ်တို့၊ နောက်ပြီး မကြားဝံ့မနာသာ စကားလုံးတွေနဲ့ပြောဆိုတာတွေရှိခဲ့တဲ့အတွက် သူတို့ရဲ့လုံခြုံရေးအတွက် အခုလိုဆောင်ရွက်ပေးရတာဖြစ်တယ်။ အခုတော့ သူတို့တွေအကုန်ပြန်ပြီး အလုပ်ဆင်းနေကြပါပြီ” ဟု ဦးလှသိန်းက ဆိုသည်။

ယင်းကဲ့သို့ပြောဆိုခံခဲ့ရသည့် သူနာပြုဆရာမများမှာ ယခင်ရက်က အောက်ဆီဂျင်လိုအပ်မှုကြောင့် လူနာစောင့်များနှင် အချင်းများခဲ့သည့် သူနာပြုများမဟုတ်ပဲ အလုပ်သင်စဆင်းသည့် (Train Nurse)များဖြစ်ကြောင်းလည်း ပြည်နယ်ကောင်စီကဆိုသည်။

သူနာပြုများကို လူမှုကွန်ယက်စာမျက်နှာများမှ ခြိမ်းခြောက်မှုများရှိသည်ဟု တင်ပြလာသည့်အတွက် ထိုသူများကို ရှာဖွေဖော်ထုတ်ကာ တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဟု ပြောကြားခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့က လူနာရှင်များမှ တာဝန်ကျသူနာပြုများကို ဆဲဆိုနေသည့် ဗွီဒီယိုဖိုင်တစ်ခုလည်း လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့မှုများရှိခဲ့သည်။

ထို့နောက် ယနေ့ စစ်တွေဆေးရုံကြီးတွင် သူနာပြု ဆယ်ဦးခန့် အလုပ်မဆင်းသည့် အခြေအနေဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး လူနာရှင်များမှ ပြန်လည်တောင်းပန်မှသာ အလုပ်ပြန်ဆင်းမည်ဖြစ်ကြောင်း သူနာပြုတစ်ဦးက DMG သို့ ပြောဆိုထားသည်။

Author: DMG