ရခိုင်တွင် လက်နက်ကြီးကျ၍ သုံးရက်အတွင်း အရပ်သား ၄ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၈ ဦးအထိရှိ

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲများဖြစ်ပွားလာနေပြီး ယခုသြဂုတ်လ ၂၇ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အရပ်သား ၄ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၈ ဦးအထိ ရှိလာသည်။

29 Aug 2022

မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာမှ လက်နက်ကြီးထိမှန်ခဲ့သူများကိုတွေ့ရစဉ်။

DMG ၊ သြဂုတ် ၂၉

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲများဖြစ်ပွားလာနေပြီး ယခုသြဂုတ်လ ၂၇ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အရပ်သား ၄ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၈ ဦးအထိ ရှိလာသည်။

သြဂုတ်လ ၂၇ ရက်နေ့က မြန်မာစစ်တပ်မှပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မောင်တောမြို့နယ်၊ မင်းကြီးကျေးရွာမှ အသက်(၆၀)ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများကပြောသည်။

ယမန်နေ့(သြဂုတ်လ ၂၈ ရက်)ကလည်း မြန်မာစစ်တပ်၏ မြောက်ဦးအခြေစိုက် ခမရ ၃၇၇ တပ်ရင်းမှပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာမှ ကလေးတစ်ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့သည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ယမန်နေ့က လက္ကာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း တိုက်ပွဲမရှိသည့် ကင်းဆိပ်ကျေးရွာဘက်ကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းမှာ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်းဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကင်းဆိပ်ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

"တိုက်ပွဲဖြစ်နေတာက ၃၇၇ တပ်ရင်းရဲ့မြောက်ဘက် လက္ကာဘက်မှာ ဖြစ်နေတာဖြစ်တယ်။ ကင်းဆိပ်ရွာဆိုတာက အဲဒီတပ်ရင်းရဲ့ အနောက်ဘက်မှာရှိတဲ့ရွာဖြစ်တယ်။ ဆိုတော့ ဘယ်လိုမှဆက်စပ်မှုမရှိဘူး။ သူတို့(စစ်ကောင်စီ)က တိုက်ပွဲဖြစ်တဲ့ဘက်ကို မပစ်ခတ်ဘဲ ပြောင်းဝကိုအနောက်ဖက်ကိုလှည့်ပြီး ကျနော်တို့ရွာဘက်ကို တမင်ပစ်ခတ်ခဲ့တာဖြစ်တယ်"ဟု ၎င်းကဆိုသည်။

မြန်မာစစ်တပ်မှပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မောင်တောနှင့် မြောက်ဦးမြို့နယ်တို့မှ အရပ်သားများ သေဆုံးခဲ့ရသဖြင့် စစ်တပ်၏လုပ်ရပ်အပေါ် ရခိုင်အသိုင်းအဝန်းမှ ရှုံ့ချနေကြသည်။

ရခိုင်တွင် တိုက်ပွဲထပ်ဖြစ်လာပါက စစ်တပ်ကို အဆိုးမဆိုနှင့်ဟု စစ်ကောင်စီမှ ပြောဆိုထားသည်မှာလည်း ပြည်သူများကို ဒုက္ခပေးမည်ဆိုသည့် စကားဖြစ်သည်ဟု ရခိုင်ဝါရင့် နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဖေသန်းကပြောသည်။

“အဓိက ပစ်မှတ်လွဲသွားတာပေါ့နော်။ ပစ်မှတ်က တိုက်ပွဲနေရာကိုမရောက်ဘဲ ဘာမှမဆိုင်တဲ့နေရာ ရောက်သွားတယ်။ စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ကလည်း ULA/AA စခန်းကိုတိုက်ဖို့ထက် ပြည်သူတွေကိုဒုက္ခပေးချင်တာ။ အခုချိန်မှာ တိုက်ပွဲဖြစ်တဲ့နေရာရော၊ တိုက်ပွဲမဖြစ်တဲ့နေရာတွေရော အကုန်သတိထားရမဲ့အနေအထားဖြစ်တယ်”ဟု ၎င်းကဆိုသည်။

မြန်မာစစ်တပ်က ရပ်ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်သဖြင့် ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးမှုများဖြစ်ပွားနေခြင်းမှာ လူမဆန်သောလုပ်ရပ်ဖြစ်၍ ပြင်းထန်စွရှုံ့ချကြောင်း သြဂုတ်လ ၂၈ ရက်နေ့တွင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ထုတ်ပြန်ကြေညာထားသည်။

“အပြစ်မဲ့ပြည်သူတွေရဲ့ ရပ်ရွာတွေအထိ ရမ်းသမ်းပစ်ခတ်မှုတွေကို စစ်ကောင်စီကလုပ်နေတယ်။ အဲဒီလို ရမ်းသမ်းပစ်ခတ်နေတာဟာ ဖက်ဆစ်ထုံးစံအတိုင်း ရမ်းသမ်းပစ်ခတ်နေတာလို့ မှတ်ယူတဲ့အတွက် စစ်ကောင်စီရဲ့ လူမဆန်တဲ့လုပ်ရပ်ကို ပြင်းထန်စွာရှုံ့ချတယ်”ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဗဟိုကော်မတီဝင် ကိုထွန်းနိုင်လင်းကပြောသည်။

ပလက်ဝအပါအဝင် မောင်တော၊ ရသေ့တောင်၊ မြောက်ဦးမြို့နယ်များရှိ ပြည်သူများကို စစ်ကောင်စီမှ စားနပ်ရိက္ခာဖြတ်တောက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သည့်လုပ်ရပ်များကို မသိကျိုးကျွံပြုကာနှုတ်ဆိတ်နေသော ရက္ခိုင်ပြည်ဖွား စစ်ကောင်စီအဖွဲ့ဝင်များနှင့် စစ်ကောင်စီဝန်ကြီးများကိုလည်း ရက္ခိုင်ပြည်၏သမိုင်းတရားခံများအဖြစ် မှတ်ယူကာ ပြင်းထန်စွာရှုံ့ချသည်ဟု ကျောင်းသားသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံရောက် ရက္ခိုင်အစည်းအရုံး(ဂျပန်)ကလည်း စစ်ကောင်စီသည် ယခုသြဂုတ်လအတွင်း လူနေရပ်ရွာများကို လက်နက်ကြီးဖြင့်ပစ်ခြင်း၊ အရပ်သားများကိုဖမ်းဆီးခြင်း၊ ကုန်စည်စီးဆင်းမှုများကို နည်းမျိုးစုံဖြင့်ဟန့်တားခြင်း စသည့်စစ်ရာဇဝတ်မှုများကို အတင်းရဲစွာ ပြောင်ကျကျကျူးလွန်လျက်ရှိနေသည်ဟု သြဂုတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီအနေဖြင့် အပြစ်မဲ့ရခိုင်ပြည်သူများအပေါ် လက်နက်အားကိုးဖြင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေမည်ဆိုပါက ရခိုင်ပြည်မှ ချက်ချင်းထွက်ခွာသွားရန် ရက္ခိုင်အစည်းအရုံး(ဂျပန်)၏ ထုတ်ပြန်ချက်ကဆိုသည်။

ထိုသို့ ပြောဆိုချက်များနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို DMG မှ ဆက်သွယ်ခဲ့သော်လည်း လတ်တလောတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှစတင်ကာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခု နိုဝင်ဘာလပထမအပတ်တွင် နားလည်မှုသဘောဖြင့် တိုက်ပွဲရပ်တန့်ခဲ့သည်။

ယင်းနောက် တစ်နှစ်ခန့်အကြာ တိုက်ပွဲများငြိမ်သက်နေခဲ့ပြီး ၂၀၂၁ ခု နှစ်ကုန်ပိုင်းမှစတင်ကာ နှစ်ဘက်တင်းမာမှုများရှိလာခဲ့ပြီး တိုက်ပွဲများမှာလည်း ခပ်စိပ်စိပ်ဖြစ်ပွားလာခဲ့သည်။

ယခု ၂၀၂၂ ခုနှစ်အတွင်းတွင် စစ်တပ်နှင့် AA တို့ကြား တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖမ်းဆီးခြင်းများနှင့်အတူ တကျော့ပြန်တိုက်ပွဲများဖြစ်ပွားလာပြီး လက်ရှိအချိန်ထိလည်း မောင်တော၊ မြောက်ဦး စသည့်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်။

ဗီဒီယိုများ