ရခိုင်ပြည်နယ်မှာ AA တည်ရှိမှုကို အသိအမှတ်မပြုသောကြောင့် Bilateral စာချုပ် ချုပ်နိုင်ရန်အခက်တွေ့နေ

“(Bilateral ထိုးဖို့)အဓိက ကျတဲ့အတားအဆီးက သူတို့ပြောနေတဲ့စကားတွေလေ။ရက္ခိုင့်တပ်တော်ကို ရခိုင်ပြည်နယ်မှာ သူတို့ လက်မခံ။လိုင်ဇာကို ပြန်ဆိုတာမျိုး။ဆိုတော့ အဲဒါတွေက တစ်ဖက်နဲ့တစ်ဖက် အလျှော့အတင်းလုပ်လို့မရတဲ့၊ ဥပမာ ကျနော်တို့ဘက်ကလည်း ရက္ခိုင့်တပ်တော် ရခိုင်ပြည်နယ်မှာ ရှိကို ရှိရမယ်ဆိုတာကို လုံးဝပြောင်းလဲလို့ မရ ”

22 Jul 2019

ဖဒူ ထွန်းအောင်/DMG

ဇူလိုင်လ ၂၂၊စစ်တွေ

ရက္ခိုင့်တပ်တော်(AA)တည်ရှိမှုကို ရခိုင်ပြည်နယ်မှာ အသိအမှတ်မပြုနိုင်ဟု တပ်မတော်ကပြောဆိုထားသော ကြောင့် အစိုးရနှင့် AA အကြား ပဏာမအပစ်အခတ်ရပ်စဲရေး (Bilateral)ချုပ်ဆိုနိုင်ရေးကြိုးပမ်းမှုမှာ အခက် အခဲများရှိနေသည်ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက DMG ကိုပြောသည်။

AA ၏ တည်ရှိမှုကို ကချင်ပြည်နယ်၊ လိုင်ဇာတွင်သာ အသိအမှတ်ပြုခြင်းသည် ငြိမ်းချမ်းရေးကိုဦးမတည်ကြောင်း နှင့် ရခိုင်ပြည်သူများ၏ထောက်ခံမှုရရှိထားသည့် AAကို အသိအမှတ်ပြုမှသာလျှင် ငြိမ်းချမ်းရေးကိစ္စဆက်လက် ဆွေးနွေးလို့ရမည်ဟု ခိုင်သုခက ဆိုသည်။

“(Bilateral ထိုးဖို့)အဓိက ကျတဲ့အတားအဆီးက သူတို့ပြောနေတဲ့စကားတွေလေ။ရက္ခိုင့်တပ်တော်ကို ရခိုင်ပြည်နယ်မှာ သူတို့ လက်မခံ။လိုင်ဇာကို ပြန်ဆိုတာမျိုး။ဆိုတော့ အဲဒါတွေက တစ်ဖက်နဲ့တစ်ဖက် အလျှော့အတင်းလုပ်လို့မရတဲ့၊ ဥပမာ ကျနော်တို့ဘက်ကလည်း ရက္ခိုင့်တပ်တော် ရခိုင်ပြည်နယ်မှာ ရှိကို ရှိရမယ်ဆိုတာကို လုံးဝပြောင်းလဲလို့ မရ ” ဟု ၎င်းက ပြောသည်။

တပ်နေရာချထားရေးကိစ္စကို ညှိနှိုင်းမရလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်ဆွေးနွေးလို့ရမည်မဟုတ် ကြောင်းနှင့်AA တည်ရှိမှုကို လိုင်ဇာမှာသာ အသိအမှတ်ပြုမည့်စကားကို စွန့်လွှတ်မှသာလျှင် နှစ်ဦးနှစ်ဘက် ဆွေးနွေးလို့ အဆင်ပြေမည်ဟု ခိုင်သုခက ဆက်လက်ဆိုသည်။

“သူတို့ပြောတယ် ဒီမိုကရေစီ စနစ်မှာ ပြည်သူလူထုကို ကိုယ်စားပြုတယ်ဆိုတာ ဥပမာ ရခိုင်ပြည် သူတစ်ရပ်လုံးက AA ကို အပြည့်အဝ ထောက်ခံ နေတာ။ ရခိုင်လူထုရဲ့ ဆန္ဒကို အသိအမှတ်ပြုပြီး လေးစားဖို့လိုတယ်။ဒါမှ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ဆွေးနွေးလို့ရမယ်။အဲလို မဟုတ်ဘူးဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက အနှောင့်အယှက်ဖြစ်သွားနိုင်တယ် ”ဟု ၎င်းကပြောသည်။

Bilateral စာချုပ် ချုပ်ဆိုနိုင်ရေးအတွက် AA အပါအဝင် မြောက်ပိုင်းမဟာမိတ် အဆိုပြုချက်ကို အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ကို ဧပြီလ ၃၀ ရက်နေ့က ပေးလိုက်ပြီဖြစ်သည်။

AA ဘက်က အဆိုပြုထားချက်နှင့်ပတ်သက်ပြီး ခိုင်သုခက “အပစ်အခတ်ရပ်စဲကို လုပ်နေရင်တောင်မှ နိုင်ငံရေးကိစ္စကို မဖြေရှင်းနိုင်ရင် ပြန်ပြီးသေနတ်ပေါက်မယ်။အဲဒါကြောင့် ပထမ အဆင့်မှာ အတိုက် အခိုက်တွေကို ရပ်ဖို့အတွက် တပ်တွေကို ရောက်တဲ့နေရာမှာ ရပ်တန့်ထားရင်ပြီးပြီ။တပ်တွေကို ရောက်တဲ့နေရာက ရပ်တန့်ထား၊နိုင်ငံရေးကိစ္စကို ဆွေးနွေးဖို့အတွက် တစ်ဖက်နဲ့ တစ်ဖက်ညှိနှိုင်း အဲဒီလောက်ပဲရှိတယ်။အဲဒါဟာ Bilateral ပဲ။နှစ်ဦးနှစ်ဘက် ယုံကြည်မှု တည်ဆောက်ပြီးတော့ အပြန်အလှန် အသိအမှတ်ပြုမှု။ အဲဒီအဆင့်ရတာနဲ့ ရှေ့ကို နိုင်ငံရေးကိစ္စ ဆွေးနွေးလို့ ရမယ် ”ဟု ပြောသည်။

ယခုကဲ့သို့ တပ်မတော်နှင့် AA တို့ တပ်နေရာချထားချထားရေးကိစ္စတွင် သဘောထားကွဲလွဲနေမှုကြောင့် Bilateral စာချုပ်ချုပ်ဆိုရန်အခက်အခဲရှိမည်ဖြစ်ကြောင်းနှင့် Bilateral စာချုပ်မရေးထိုးနိုင်လျှင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကဆိုသည်။

၂၀၁၈ ခု၊ဒီဇင်ဘာလအစောပိုင်းကပင် တပ်မတော်နှင့်AA တို့ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် တွင် စစ်ဘေးရှောင် (၅)သောင်းကျော်အထိရှိလာသည်။ယခုရက်ပိုင်းအတွင်းတွင်လည်း အမ်း၊မြေပုံ၊ရသေ့ တောင် စသည့်မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားနေသည်။

 

ဗီဒီယိုများ