ခမောင်းဆိပ်ဘုန်းကြီးကျောင်းဝင်းရှိ အဆောက်အဦများ မီးလောင်နေ

မောင်တောမြို့နယ်မြောက်ပိုင်း၊ ခမောင်းဆိပ်ကျေးရွာရှိ ဘုန်းကြီးကျောင်းထဲမှ ပရဟိတစာသင်ကျောင်းငယ်၊ လူနေအိမ်အဆောင်နှင့် ထမင်းစားဆောင်များမှာ ယနေ့(သြဂုတ်လ ၃၀ ရက်) နံနက် ၈ နာရီကျော်ခန့်မှစ၍ မီးလောင်နေကြောင်း ဒေသခံများကပြောသည်။

30 Aug 2022

DMG ၊ သြဂုတ် ၃၀

မောင်တောမြို့နယ်မြောက်ပိုင်း၊ ခမောင်းဆိပ်ကျေးရွာရှိ ဘုန်းကြီးကျောင်းထဲမှ ပရဟိတစာသင်ကျောင်းငယ်၊ လူနေအိမ်အဆောင်နှင့် ထမင်းစားဆောင်များမှာ ယနေ့(သြဂုတ်လ ၃၀ ရက်) နံနက် ၈ နာရီကျော်ခန့်မှစ၍ မီးလောင်နေကြောင်း ဒေသခံများကပြောသည်။

အဆိုပါကျောင်းဝင်းအတွင်းတွင် နယ်မြေ(၂) ခမောင်းဆိပ်ဗျူဟာ နယ်ခြားစောင့်စခန်းမှ မြန်မာစစ်သားများကိုလည်း မြင်တွေ့ခဲ့ရသည်ဟု ယင်းအနီးသို့ သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးက DMG သို့ပြောသည်။

ခမောင်းဆိပ်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ကျန်ရှိနေခဲ့သည့် ပရဟိတကျောင်းသားများအတွက် နှစ်ဝက်စာရိက္ခာ၊ ကားတစ်စီး၊ ဆိုင်ကယ်တစ်စီးနှင့် ဘုန်းကြီးကျောင်းအခြေအနေများကို ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစဉ် မီးခိုးအလိပ်လိပ်နှင့် မီးတောက်လောင်နေသည်ကို တစ်မိုင်ခန့်အကွာအဝေးက မြင်တွေ့ခဲ့ရခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ခဲ့ရသူက ပြောသည်။

“မီးခိုးတွေ အလိပ်လိပ်တက်ပြီး မီးတောက်နေတာကိုမြင်ခဲ့တာပါ။ စစ်သားတွေကိုလည်း မြင်ပါတယ်။ ကျွန်တော်လှမ်းကြည့်လိုက်တော့ စစ်သားတွေက ဘုန်းကြီးကျောင်းကွင်းထဲမှာ သွားလာနေကြတယ်“ဟု ၎င်းကပြောသည်။

အဆိုပါ မီးလောင်မှုမှာ မြန်မာစစ်တပ်က မီးရှို့မှုဟု ဒေသခံများက စွပ်စွဲကြသည်။ သို့သော် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး DMG က သီးခြားအတည်မပြုနိုင်သေးပါ။

DMG ၏ သတင်းရင်းမြစ် နောက်ထပ် အမျိုးသမီးတစ်ဦးကလည်း "ကျောင်းသားလေးတွေ ထားတဲ့အဆောင်၊ ထမင်းချက်တဲ့အဆောင်ကို မီးရှို့ခဲ့တာပါ။ တခြားစာသင်တဲ့အဆောင်နဲ့ ရိက္ခာထားတဲ့အဆောင်ကိုတော့ အားလုံးမွှေပြီးထားခဲ့တယ်တဲ့။ မီးရှို့လို့ရတဲ့အဆောင်ကို မီးရှို့ခဲ့ကြတာပေါ့”ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပါ။

သြဂုတ် ၂၆ ရက်နေ့က ခမောင်းဆိပ်ကျေးရွာနှင့် မီတာ ၁၀၀ ခန့်ကွာဝေးသည့် နယ်ခြားစောင့်စခန်းအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် အဆိုပါကျေးရွာသားများမှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကုန်ပိုင်းမှစတင်ကာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခု နိုဝင်ဘာလပထမအပတ်တွင် နားလည်မှုသဘောဖြင့် တိုက်ပွဲရပ်တန့်ခဲ့သည်။

ယင်းနောက် တစ်နှစ်ခန့်အကြာတိုက်ပွဲများငြိမ်သက်နေခဲ့ပြီး ၂၀၂၁ ခု နှစ်ကုန်ပိုင်းမှစတင်ကာ နှစ်ဘက်တင်းမာမှုများရှိလာခဲ့ပြီး တိုက်ပွဲများမှာလည်း ခပ်စိပ်စိပ်ဖြစ်ပွားလာခဲ့သည်။

ယခု ၂၀၂၂ ခုနှစ်အတွင်းတွင် မြန်မာစစ်တပ်နှင့် AA တို့ကြား တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖမ်းဆီးခြင်းများနှင့်အတူ တကျော့ပြန်တိုက်ပွဲများဖြစ်ပွားလာပြီး လက်ရှိအချိန်ထိလည်း မောင်တော၊ မြောက်ဦး စသည့်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်။

ဗီဒီယိုများ