လေးတောင်မြို့တွင် ရုံး၊ လမ်းတံတားနှင့် လျှပ်စစ်မီးများကို အကောင်အထည်ဖော်တော့မည်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့တွင် ယခုနှစ်အတွင်း ရုံးများ၊ လမ်တံတားများနှင့် လျှပ်စစ်မီးများ စတင်လုပ်ဆောင်ရန်အတွက် အစိုးရမှတင်ဒါခေါ်ယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း လေးတောင်မြို့ ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

By အောင်ကောင်းဇော် 13 Jan 2021

အောင်ကောင်းဇော် | DMG
ဇန်နဝါရီ ၁၃ ၊ မာန်အောင်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့တွင် ယခုနှစ်အတွင်း ရုံးများ၊ လမ်တံတားများနှင့် လျှပ်စစ်မီးများ စတင်လုပ်ဆောင်ရန်အတွက် အစိုးရမှတင်ဒါခေါ်ယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း လေးတောင်မြို့ ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

အဆိုပါတင်ဒါများကို ဇန်နဝါရီလ ၆ ရက်နေ့မှ ၁၂ နေ့အထိ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး တင်ဒါအောင်သော ကုမ္ပဏီများ အနေဖြင့် ယခုနှစ်ဖေဖေါ်ဝါရီလတွင် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်သွားရန်ရှိကြောင်း လေးတောင်မြို့ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်နိုင်ထွန်းက ပြောသည်။

“တင်ဒါအောင်တဲ့ ကုမ္ပဏီအနေနဲ့ အခုလာမယ့်ဖေဖေါ်ဝါရီလမှာ အကောင်အထည်ဖော်ရမယ်၊ ရုံးကတော့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို စဆောက်မယ်” ဟု ၎င်းကဆိုသည်။

လေးတောင်မြို့ အမှတ်(၁)ရပ်ကွက်တွင် ကျေးရွာငါးရွာ၊ အမှတ်(၂)ရပ်ကွက်တွင် ကျေးရွာသုံးရွာ၊ အမှတ်(၃) ရပ်ကွက်တွင် ကျေးရွာသုံးရွာ၊ အမှတ်(၄)ရပ်ကွက်တွင် ကျေးရွာနှစ်ရွာ၊ အမှတ်(၅)ရပ်ကွက်တွင် ကျေးရွာနှစ်ရွာ စသည့်ရပ်ကွက်(၅)ခုဖြင့် မြို့ကိုဖွဲ့စည်းထားခြင်းဖြစ်သည်။

အဆိုပါမြို့တွင် ရုံးများ၊ လမ်းတံတားများ၊ လျှပ်စစ်မီးများ လုပ်ဆောင်နေပြီဖြစ်သော်လည်း သောက်သုံးရေ အခန်းကဏ္ဍ မပါဝင်ခြင်းကြောင့် အစိုးသစ်အနေဖြင့် သောက်သုံးရေကဏ္ဍကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်လိုအပ်နေကြောင်း ကိုအောင်နိုင်ထွန်းက တောင်းဆိုသည်။

“သောက်သုံးရေအတွက်က ဆည်တစ်ခု တည်ဆောက်ဖို့နေရာတွေကို ကျနော်တို့ မြို့ဖြစ်မြောက်ရေး ကော်မတီက နေရာလျာထားတယ်၊ မြေယာပါဝင်မယ့်တောင်သူတွေကလည်း တစ်ဧကကို ဘယ်လောက်ရရင် ရောင်းမယ်ဆိုတာ ပြောထားပြီးပြီ။ ဒါပေမဲ့ အစိုးရသက်တမ်းကုန်သွားတော့ မလုပ်ပေးနိုင်သေးဘူး။ ဒါကို လာမယ့် အစိုးရအနေနဲ့ အကောင်အထည် ဖော်ပေးစေချင်တယ်” ဟု ၎င်းကဆိုသည်။

လေးတောင်တိုက်နယ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် အစိုးရမှ လေးတောင်မြို့အဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့ပြီး COVID-19 ရောဂါကြောင့် မြို့အကောင်အထည်ဖော်ဆောင်ရန် ကြန့်ကြာခဲ့ကြောင်း သိရသည်။

လေးတောင်မြို့အတွင်းရှိ ဒေခံပြည်သူများမှာ ရေလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး ပန်းပု၊ ပန်းချီ၊ ပန်းထိမ်လုပ်ငန်းများကို လုပ်ကိုင်သူများလည်းရှိသည်။

လက်ရှိမှာ မြို့အဖြစ် သတ်မှတ်ခံထားရသည့်အတွက် ဒေသခံများအနေဖြင့် လူမှုဘဝမြင့်တက်မှု ရှိလာမည်ဟုလည်း မျှော်လင့်နေကြသည်။