မိုင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေဟု AA ပြော

မြေမြုပ်မိုင်းဒဏ်ကို ဆိုးဆိုးဝါးဝါးခံစားနေရသည့် ရခိုင်ဒေသတွင် ရက္ခိုင့်တပ်တော်(AA)အနေဖြင့် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများကို ဆက်တိုက်ဆောင်ရွက်နေကြောင်း ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

12 Aug 2022

သြဂုတ်လ ၅ ရက်နေ့က မင်းပြားမြို့နယ်အတွင်း မိုင်းထိမှန်၍ ခြေထောက်ပိုင်းသွားသည့်လူနာကို သယ်ယူလာစဉ်။

DMG ၊ သြဂုတ် ၁၂

မြေမြုပ်မိုင်းဒဏ်ကို ဆိုးဆိုးဝါးဝါးခံစားနေရသည့် ရခိုင်ဒေသတွင် ရက္ခိုင့်တပ်တော်(AA)အနေဖြင့် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများကို ဆက်တိုက်ဆောင်ရွက်နေကြောင်း ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

“နိုင်ငံရေးမှူးရုံးတွေကတစ်ဆင့် ရပ်ကွက်၊ ကျေးရွာအဆင့်ထဲထိရောက်အောင် ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပိုပြီးထိရောက်တဲ့ နည်းလမ်းတွေနဲ့ တောက်လျောက် အသိပညာပေးဟောပြောတာတွေ လုပ်နေပါတယ်။ မိုင်းအသိပညာပေးနည်းလမ်းတွေကို ကျွန်တော်တို့ တစ်ရွာဝင်၊ တစ်ရွာထွက်ရှင်းပြပြီး လုပ်ဆောင်နေတာတွေရှိတယ်“ဟု ၎င်းကဆိုသည်။

ပြည်တွင်းစစ်နှင့် မြေမြုပ်မိုင်းမှာ ဒွန်တွဲနေသည့်ကိစ္စဖြစ်ပြီး ယခုစစ်ရေးတင်းမာလာသည့်အချိန်တွင် စစ်ကောင်စီတပ်အနေဖြင့် ရွာအနီးများတွင် တပ်စခန်းများချကာ မိုင်းထောင်သည်ဟုလည်းAA က စွပ်စွဲသည်။ မိုင်းထိမှုကြောင့် ဆုံးရှုံးနစ်နာသွားသည့် ပြည်သူများအတွက် မြန်မာစစ်တပ်မှာတာဝန်ရှိကြောင်းလည်း ဦးခိုင်သုခက ပြောသည်။

“ပြည်သူလူထူတွေ ဆုံးရှုံးနစ်နာမှုအတွက် မိုင်းထောင်တဲ့ မြန်မာစစ်တပ်မှာ လုံးဝတာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။ မြန်မာစစ်တပ် ကျူးလွန်ထားတဲ့ ဒီကိစ္စတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာဖို့အတွက် တောက်လျှောက်ပြောကြားနေတာတွေရှိပါတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်အခြေအနေမှာ ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်ကြား တင်းမာမှုများမြင့်တက်နေမှုကြောင့် အထူးစိုးရိမ်စရာဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)က သြဂုတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ဒေသတွင် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ၏ မူလနေထိုင်ရာ ကျေးလက်ဒေသများမှာ မိုင်းအန္တရာယ်အသိပညာပေးလှုပ်ရှားများလည်း တိုးချဲ့လုပ်ဆောင်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“မိုင်းနဲ့ပတ်သက်ရင် ပြည်တွင်းစစ်ရှိနေသမျှတော့ မိုင်းအန္တရာယ်ကလည်း ရှိနေဦးမှာပဲ။ ဒါပေမယ့် ကျွန်တော်တို့က မိုင်းနဲ့ပတ်သက်ပြီး INGO အဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေပေါ့။ နောက်တစ်ခုက ဒေသခံတွေကိုယ်တိုင်ကလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ သက်မွေးဝမ်းကျောင်းအလုပ်တွေကို ရှောင်တိမ်းသင့်ပါတယ်။ လတ်တလောအခြေအနေမှာ၊ အထူးသဖြင့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေမှာဆိုရင် နှစ်ဖက်လုံးကအသုံးပြုခဲ့တဲ့ မိုင်းတွေထောင်ခဲ့တာ ရှိကောင်းရှိနိုင်လိမ့်မယ်။ ပြည်သူတွေအနေနဲ့ မိုင်းသတိရှိဖို့လိုတယ်ဆိုတာကိုတော့ အဓိကပြောချင်ပါတယ်“ဟု ဝံလက်ဖောင်ဒေးရှင်းဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောသည်။

တောတောင်များကို မှီခိုအားထားနေရသည့် ကျေးလက်ဒေသခံများမှာ တောတောင်ကိုမသွားရောက်လျှင် စားဝတ်နေရေးအတွက် အခက်တွေ့ကြမည်ဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည့် တောတောင်များတွင် မိုင်းရှင်းလင်းရေးပြုလုပ်သင့်ကြောင်း ဒေသခံများကထောက်ပြကြသည်။

DMG မှပြုစုထားသည့် အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ သြဂုတ်လ ၁၁ ရက်နေ့အထိ သေဆုံးသူ ၆ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၂၁ ဦးအထိ ရှိခဲ့သည်။

ဗီဒီယိုများ