ပလက်ဝ စစ်ဘေးရှောင်ငါးထောင်ခန့် ဆန်ရိက္ခာအရေးပေါ်လိုအပ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်ငါးထောင်ခန့်ကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှ ထောက်ပံ့သည့် စက်တင်ဘာလအတွက် ဆန်ရိက္ခာမှာ လက်ရှိအချိန်ထိ မရောက်ရှိသေးသည့် အတွက် ဆန်အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှသိရသည်။

By မျိုးသီရိကျော် 08 Oct 2020

မျိုးသီရိကျော် | DMG
အောက်တိုဘာ ၈ ၊ ပလက်ဝ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်ငါးထောင်ခန့်ကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှ ထောက်ပံ့သည့် စက်တင်ဘာလအတွက် ဆန်ရိက္ခာမှာ လက်ရှိအချိန်ထိ မရောက်ရှိသေးသည့် အတွက် ဆန်အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှသိရသည်။

လက်ရှိတွင် စစ်ဘေးရှောင်များကိုကူညီပေးနေသည့် အဖွဲ့အစည်းတခုမှလှူဒါန်းထားသည့် ဆန်အနည်းငယ်ဖြင့် ဖြစ်သလိုစားသောက်နေရပြီး ၎င်းလူမှုအဖွဲ့အစည်းထံမှလည်း ထပ်မံပြီး လှူဒါန်းဆန်မရရှိတော့ကြောင်း ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဦးအောင်နိုင်ကပြောသည်။

“လစဉ်ထောက်ပံ့ဆန်ဟာ ၉ လပိုင်း ၂၅ ရက်နေ့ကတည်းက ရောက်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ အချိန်ထိ မရောက်သေးဘူး။ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့အစည်းကို ကျနော်မေးလိုက်တယ်။ သူတို့ပြောခဲ့ တာက ဆန်မရှိတော့ဘူး၊ နောက်ထပ်လည်း မရတော့ပါဘူး။ အဲတာကြောင့် ခင်ဗျားတို့မှာ ကိုယ့်ဘာသာရှာစား ကြပါလို့ပြောခဲ့ပါတယ်။

ကျနော်တို့စစ်ဘေးရှောင်တွေက ဘယ်ကိုသွားပြီးတော့ ရှာစားရမှာလဲ။ ပလက်ဝမြို့က လွဲလို့ တစ်နေရာကိုမှ သွားလာလို့မရတဲ့ အခြေအနေပါ။ ဒါကြောင့် ကျနော်တို့ကို အမြန်ဆုံး ကူညီပေးစေချင် ပါတယ်။ ကျနော်တို့မှာ ဘာမှစားစရာမရှိတော့ပါဘူး” ဟု ၎င်းကဆိုသည်။

အင်တာနက်လိုင်းမရသည့်အတွက် ပလက်ဝမြို့ရှိစစ်ဘေးရှောင်နှင့် ဒေသခံတို့၏အခက်အခဲကို တခြားတိုင်း ဒေသတွင် နေထိုင်သူများအနေဖြင့် အလွယ်တကူမသိရှိနိုင်သည့်အတွက် အလှူရှင်များ နည်းပါးနေခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ ဆက်လက်ပြီး အလှူရှင်များမရှိခြင်း၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှလည်း မရောက်ရှိလာပါ စားဝတ်နေရေးအခက်အခဲများကြောင်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ပြောင်းလဲလာနိုင်သည်ဟု ဝိသုဒ္ဓါရုံ စစ်ရှောင်စခန်းတာဝန်ခံ  ဦးတင်ဦးကပြောသည်။

“ငတ်ပြတ်လာရင် ကိုယ့်လူမျိုးအချင်းချင်းတောင် ခိုးဆိုးလုယက်တာတွေ လုပ်လာကြမှာပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ ထမင်းမစားရရင် စားရတဲ့နည်းလမ်းတွေကြံဖန်ပြီး ရှာလာကြမယ်။ ဒီမှာကအလုပ်လည်း မရှိဘူး၊ အပြင် ထွက်ပြီး ဟင်းခူးဖို့တောင် မသွားရတဲ့အနေထားမှာဆိုတော့ သူတို့လည်း ဖြစ်သလိုစိတ်ထွက်ပေါက်တွေ ရှာလာ ကြမယ်” ဟု ၎င်းကဆိုသည်။
ပလက်ဝမြို့ စစ်ဘေးရှောင်များအနေဖြင့် ယခင်က ကုန်ထမ်းခြင်းဖြင့် ဝင်ငွေများရှာကြသော်လည်း လက်ရှိတွင် ကုန်ထမ်းသမားများအနေဖြင့်လည်း လမ်းခရီးအခက်အခဲများ ရှိနေသည်ဟု စစ်ဘေးရှောင်များက ပြောဆို ကြသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်(WFP)မှ ဆက်သွယ်ဆက်ဆံရေးအရာရှိ ကိုထက်ဦးလင်းက “လက်ရှိ အခက်အခဲက လုံခြုံရေးနဲ့ လမ်းခရီးအခက်အခဲတွေကြောင့်ပါ။ ကျနော်တို့နဲ့ ချင်းပြည်နယ်အစိုးရပူးပေါင်းပြီးတော့ အမြန်ဆုံး ပို့ပေးနိုင်အောင်လုပ်နေပါတယ်။ ကျနော်တို့အနေနဲ့လည်း ပလက်ဝမှာ ဆန်တွေ၊ စားနပ်ရိက္ခာတွေ ပြတ်လတ် နေတယ်ဆိုတာကို အမြဲတမ်းလိုလိုကြားနေရပါတယ်။ အဲဒါကြောင့် ကျနော်တို့အနေနဲ့လည်း ဆက်လက်ပြီး ပို့နိုင်အောင် ကြိုးစားနေပါတယ်” ဟု ပြောဆိုသည်။

ယင်းသို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ဆန်အိတ်များကို ပလက်ဝမြို့သို့တင်သွင်းရန် ကြန့်ကြာသွားခြင်းမှာ မတူပီ၊ ပလက်ဝနှင့် ဆမီးကြားတွင် လုံခြုံရေးကန့်သတ်ချက်နှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ဖြစ်သည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်က ပြောသည်။

“ပလက်ဝကို မနေ့ကနဲ့ ဒီနေ့ပေါင်းပြီးတော့ ဆန်အိတ် ၃၀၀ ပို့ထားပါပြီ။ စစ်ဘေးရှောင်စခန်းတွေနဲ့ တခြား ဝန်ထမ်းတွေ၊ ပတ်ဝန်းကျင်ကျေးရွာက စစ်ဘေးရှောင်တွေကို ပေးသွားဖို့ ကျနော်တို့ စီစဉ်ထားပါပြီ။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းက ကားလမ်း၊ ရေလမ်းတွေ အခက်အခဲကြောင့် အခုလို ကြန့်ကြာသွားတာပါ။ ဒီရက်ပိုင်းမှာ လမ်းကောင်းရင်တော့ ဆက်တိုက် ဆန်အိတ်တွေ ပလက်ဝသို့ ပို့ပေးသွားဖို့ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင် ၅ ထောင်ခန့်ရှိပြီး စားဝတ်နေရေးအတွက် မီးဖိုချောင်သုံးပစ္စည်းများလည်း လိုအပ်နေပြီး ကျန်းမာရေးနှင့် နေရာထိုင်ခင်းအခက်အခဲများလည်း ကြုံတွေ့နေကြသည်။