မြန်မာပြည်အရေးမှာ ပြည်ပနိုင်ငံများပါဝင်နေသမျှ တိုင်းပြည်တည်ငြိမ်အေးချမ်းမည် မဟုတ်ဟု စစ်ကောင်စီဥက္ကဋ္ဌပြော

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးပြဿနာမှာ ပြည်ပနိုင်ငံများ ပါဝင်နေသမျှကာလပတ်လုံး တိုင်းပြည်တည်ငြိမ်အေးချမ်းမည်ဆိုသည်မှာ ခက်ခဲသည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

13 May 2022

DMG ၊ မေ ၁၃

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးပြဿနာမှာ ပြည်ပနိုင်ငံများ ပါဝင်နေသမျှကာလပတ်လုံး တိုင်းပြည်တည်ငြိမ်အေးချမ်းမည်ဆိုသည်မှာ ခက်ခဲသည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ယမန်နေ့(မေလ ၁၂ ရက်)ကပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် စစ်ကောင်စီဥက္ကဋ္ဌက ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံရဲ့အရေးကို မြန်မာနိုင်ငံသားတွေပဲ ဆုံးဖြတ်ဖို့ဖြစ်ပါတယ်။ တစ်ခြားပြည်ပနိုင်ငံတွေကနေပြီးတော့ ဝင်ရောက်စွက်ဖက်ပြီး ဆုံးဖြတ်အောင်ဆောင်ရွက်ပေးလို့ ဘယ်တော့မှမဖြစ်နိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့အရေးကို မြန်မာနိုင်ငံသားတွေပဲ ဆုံးဖြတ်ဖို့ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်ကြား အချင်းချင်းဆွေးနွေးမှုများသည် ဆွေးနွေးခြင်းသပ်သပ်သာဖြစ်ပြီး လက်တွေ့မှာအောင်မြင်မှုမရှိသည့်အတွက် နိုင်ငံတကာကကြားဝင်မှုလိုအပ်သည်ဟုဆိုသည်။

“နိုင်ငံတကာရဲ့ ကြားဝင်ဆင်ခြင်မှုအောက်မှာဆွေးနွေးရင် ပိုပြီးတော့ ပွင့်လင်းမြင်သာမှုရှိမယ်။ ပိုပြီးတော့လဲ ထိရောက်မယ်။ အပြင်အလှန်ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာလည်း ဘယ်သူ့ဖက်ကမှားသည် ဘယ်သူ့ဖက်က မှန်သည်ဆိုတဲ့နေရာတွေမှာ ကျွန်တော်တို့ ပြဿနာတက်နေတဲ့အချင်းချင်းကြား ကြားခံကလိုတယ်လို့ ကျွန်တော်တို့ကသုံးသပ်တယ်”ဟု ဆလိုင်းထက်နီက DMG သို့ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်မှုသည် စစ်ကောင်စီအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံရေးထွက်ပေါက်တစ်ခုအနေဖြင့် ဖိတ်ခေါ်နေခြင်းသာဖြစ်သည်ဟုလည်း ဆလိုင်းထက်နီက ဆက်ပြောသည်။

ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဖေသန်းကလည်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီကြား ဆွေးနွေးမှုများမှာ ကြာမြင့်လာခဲ့ပြီဖြစ်သော်လည်း မျှော်လင့်ထားသကဲ့သို့ဖြစ်မလာသည့်အတွက် ဒိုင်အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများဝင်ရောက်ခြင်းသည် အကောင်းဆုံးဖြစ်မည်ဟု သုံးသပ်သည်။

“အချင်းချင်းဆွေးနွေးလို့ အဖြေမရတဲ့စကားဝိုင်းတွေကို နိုင်ငံရေးအရ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ တစ်ခြားနိုင်ငံတွေက စောင့်ကြည့်ထိန်းညှိပေးရင်တော့ အဖြေနဲ့ပိုပြီးနီးစပ်တယ်။ ဘယ်သူကလွန်တယ်။ ဘယ်သူကတန်တွေဆိုတာကို ကောက်ချက်ချနိုင်မယ်။ ကိုယ့်အချင်းချင်းဆွေးနွေးလို့ကတော့ တစ်ခုမှာမထိုက်ရင် တစ်ခုမှာထိုက်မယ်။ ကျွန်တော်တို့(တိုင်းရင်းသား)တွေလိုချင်တဲ့ အခွင့်အရေးတွေကို သူတို့(စစ်ကောင်စီ)က မပေးတာကတော့ နှစ်ပေါင်းများစွာဆွေးနွေးချက်တွေက သက်သေပြနေပါတယ်”ဟု ဦးဖေသန်းကဆိုသည်။

တိုင်းရင်းသားပြည်သူများ သွားချင်သည့် နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်သို့ ပြည်ပအကူအညီမယူဘဲ မိမိတို့အားနှင့်ဖြစ်အောင်ဆွေးနွေးအဖြေရှာမည်ဟု စစ်ကောင်စီက ပြောဆိုထားသည်။

လက်ရှိဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့နှင့် NCA လက်မှတ်မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၃)ဖွဲ့တို့ တက်ရောက်မည်ဖြစ်ကြောင်း စစ်ကောင်စီမှသိရသည်။

NCA လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)အနေဖြင့် မူလက တက်ရောက်မည်ဟု ဆန္ဒရှိပြီးမှ မတက်ရောက်ကြောင်းဆုံးဖြတ်ခဲ့သည်ဟု စစ်ကောင်စီဥက္ကဋ္ဌက ဆိုသည်။

ဆွေးနွေးပွဲသို့မတက်ရောက်ကြောင်း ကြေညာထားသည့် KNU၊ KIA၊ KNPP စသည်အဖွဲ့များသည် စစ်ကောင်စီက အကြမ်းဖက်ဟုကြေညာထားသော PDF၊ CRPH စသည့်အဖွဲ့များနှင့် ဆက်နွယ်နေသည့်အပြင် ပြည်ပနိုင်ငံများနှင့်ပါ ပတ်သက်ဆက်နွယ်မှုရှိကြောင်း စစ်ကောင်စီဥက္ကဋ္ဌက စွပ်စွဲပြောဆိုသည်။

“ဒါကြောင့် သူတို့က ကျွန်တော်တို့ရဲ့ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး မတက်ဘူးဆိုတဲ့အကြောင်းကို ထုတ်ပြန်ခဲ့တာတွေ ဖြစ်တယ်လို့ ကျွန်တော်တို့တွေ့ရှိရပါတယ်။ နိုင်ငံအရေးမှာ တို့ပြည်အရေးမှာ ပြည်ပပါဝင်နေသမျှကာလပတ်လုံး တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ဆိုတာကခက်ပါတယ်”ဟု စစ်ကောင်စီဥက္ကဋ္ဌက ပြောသည်။

စစ်ကောင်စီအနေဖြင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို တွေ့ဆုံဆွေးနွေးအဖြေရှာမည်ဆိုပါက ပါဝင်သင့်သော (Stakehoders)အားလုံး ပါဝင်ရန်လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့က ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင် ပူးတွဲသဘောထားထုတ်ပြန်ထားသည်။

စစ်ကောင်စီမှဖိတ်ခေါ်ထားသည့်ဆွေးနွေးပွဲသို့ တက်ရောက်မည့်အထဲတွင် လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ဒေသများမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မပါဝင်ကြောင်းလည်း သိရသည်။