- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မြောက်ဦးတွင် မိုင်းပေါက်ကွဲပြီး လူငယ်နှစ်ဦးဒဏ်ရာရ
မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်(ဘလောင်တော)ကျေးရွာမှ မွတ်ဆလင်ကလေးနှစ်ဦးသည် ယနေ့(ဇူလိုင်လ ၈ ရက်) နေ့လည် ၁ နာရီခန့်က မြန်မာစစ်တပ်၏ ခမရ(၃၇၈)တပ်ရင်းအနီးတွင် နွားကျောင်းနေစဉ် မိုင်းပေါက်ကွဲပြီး ဒဏ်ရာရရှိသွားသည်ဟုသိရသည်။
08 Jul 2022
DMG ၊ ဇူလိုင် ၈
မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်(ဘလောင်တော)ကျေးရွာမှ မွတ်ဆလင်ကလေးနှစ်ဦးသည် ယနေ့(ဇူလိုင်လ ၈ ရက်) နေ့လည် ၁ နာရီခန့်က မြန်မာစစ်တပ်၏ ခမရ(၃၇၈)တပ်ရင်းအနီးတွင် နွားကျောင်းနေစဉ် မိုင်းပေါက်ကွဲပြီး ဒဏ်ရာရရှိသွားသည်ဟုသိရသည်။
ဒဏ်ရာရရှိသူနှစ်ဦးမှာ အသက် ၁၅ နှစ်အရွယ်ရှိသူများဖြစ်ကြပြီး ကျေးရွာနှင့်တစ်မိုင်ကျော်ဝေးကွာသည့် ခမရ(၃၇၈)အနီး စားကျက်မြေတွင် နွားကျောင်းနေစဉ် မိုင်းပေါက်ကွဲကာ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု မြောင်းဘွေဒေသခံ ကိုမျိုးချစ်မောင်ကပြောသည်။
"သူတို့နွားကျောင်းနေတာက လေးယောက်ပါ။ အဲဒီထဲက နှစ်ယောက်က တောင်ကုန်းပေါ်မှာတင်ထားတဲ့ပုဆိုးကို သွားယူတဲ့အခါ မိုင်းထပေါက်တာ။ တစ်ယောက်ကတော့ ညာဖက်ခြေကျင်းဝတ်ကနေ ပိုင်းသွားတယ်။ နောက်တစ်ယောက်ကတော့ တကိုယ်လုံး မိုင်းစတွေထိသွားတယ်"ဟု ၎င်းကပြောသည်။
လက်ရှိတွင် ဒဏ်ရာရရှိသူနှစ်ဦးမှာ မြောင်းဘွေဆေးရုံ၌ အရေးပေါ်ဆေးကုသမှု ခံယူလျှက်ရှိပြီး ခြေပြတ်သွားသည့် ကလေးငယ်မှာ အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ဒဏ်ရာရရှိသွားသူများ၏ ဆွေမျိုးတော်စပ်သူတစ်ဦးက DMG သို့ပြောသည်။
"လောလောဆယ်တော့ မြောင်းဘွေမှာပဲ ကုသမှုခံယူနေတယ်။ဆရာဝန်ကြီးကတော့ ခြေပြတ်သွားတဲ့တစ်ယောက်က အရမ်းသွေးထွက်လွန်သွားတော့ အခြေအနေစိုးရိမ်ရတယ်။ စစ်တွေကိုပို့ချင်ပို့ရမယ်လို့ပြောတယ်"ဟု လူနာနှင့်ဆွေမျိုးတော်စပ်သူ ကိုမောင်လှအေးကပြောသည်။
ပြီးခဲ့သည့်ဇူလိုင်လ ၄ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊မျာလီကန်ကျေးရွာမှ ဒေသခံတစ်ဦးမှာ မိမိ၏လယ်ကွင်းသို့ နွားကျောင်းသွားစဉ် မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သည်။
အလားတူ ဇူလိုင်လ ၁ ရက်နေ့တွင်လည်း ကျောက်တော်နယ်၊ ဝက်မှိုင်းကျေးရွာသားတစ်ဦးမှာ မြန်မာစစ်တပ်၏ တပ်ရင်း(၃၇၅)အနီး နွားရှာသွားစဉ် မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ဆေးကုသမှုခံယူရင်းသေဆုံးခဲ့ရသည်။
ရခိုင်တွင် တိုက်ပွဲမရှိသော်လည်း မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုမှာ ပိုများလာနေသည်။ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏စာရင်းအရ ၂၀၂၂ ခု နှစ်စပိုင်းမှစ၍ ယနေ့(ဇူလိုင်လ ၈ ရက်နေ့)အထိ မိုင်းနှင့်စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာရရှိသူ ၂၀ ဦးအထိရှိကြောင်း သိရသည်။