ပေါက်တောမြို့တွင် ပန်းခြံ၌ဆောက်လုပ်နေသည့် နာရေးကူညီမှုအသင်းရုံးခန်းကို အရပ်ဖက်အဖွဲ့များကန့်ကွက်

ရခိုင်ပြည် ပေါက်တောမြို့ အမှတ် ၂ အလယ်ပိုင်းရပ်ကွက်တွင် တည်ဆောက်နေဆဲဖြစ်သည့် နာရေးကူညီမှုအသင်း၏ အမာခံအဆောက်အဦကို ဖယ်ရှားပေးရန် မြို့ခံလူထုနှင့် အရပ်ဖက်အဖွဲ့အစည်းများက လိုလားနေကြသည်။

30 Apr 2021

DMG ၊ ဧပြီ ၃၀

ရခိုင်ပြည် ပေါက်တောမြို့ အမှတ် ၂ အလယ်ပိုင်းရပ်ကွက်တွင် တည်ဆောက်နေဆဲဖြစ်သည့် နာရေးကူညီမှုအသင်း၏ အမာခံအဆောက်အဦကို ဖယ်ရှားပေးရန် မြို့ခံလူထုနှင့် အရပ်ဖက်အဖွဲ့အစည်းများက လိုလားနေကြသည်။

ပေါက်တောမြို့လယ် ဦးမြဝါပန်းခြံတွင် နာရေးကူညီမှုအသင်းမှ ယခင်တည် ဆောက်ထားသည့် အလှူခံအဆောက်အဦနှင့် ဆက်လက်ဆောက်လုပ်နေသည့် အမာခံအဆောက်အဦကို ဖယ်ရှားပေးရန် လိုအပ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ပြောကြသည်။

ပေါက်တောလူမှုကွန်ယက် ဥက္ကဋ္ဌ ဦးဦးကျော်ဝင်းက “ သက်ကြီးရွယ်အိုတွေ အပန်းဖြေအနားယူဖို့အတွက်နဲ့ ကလေးကစားကွင်းတွေ ဆောက်လုပ်ဖို့ နေရာဖြစ်တယ်။ ပြီးလို့ရှိရင် ဘုရားရေသပ္ပါယ်တာတော့ ဘာတော့ လုပ်ရင် အဲ့ဒီမှာပဲလုပ်ကြရတာလေ။ ပေါက်တောတစ်ခုလုံး ကွင်းပြင်ဆိုလို့ အဲဒီနေရာတစ်ခုတည်းပဲရှိတာ။ အဲမှာ ပြီးခဲ့တဲ့ ၂ နှစ်လောက်က ပေါက်တောမြို့နယ် နာရေးကူညီမှုအသင်းကနေပြီး အလုပ်တိုးချဲ့မယ်ဆိုပြီးပြောတော့ အဲနေရာမှာ နာရေးကူညီမှုအသင်းရဲ့ အလှူခံမဏ္ဍပ် တည်ဆောက်ခဲ့တယ်။ စည်ပင်အနေနဲ့လည်း နားလည်မှုနဲ့ ခွင့်လွှတ်ခဲ့တယ်။ အခုတော့ အဲဒီယာယီမဏ္ဍပ်ကနေတဆင့် တိုးချဲ့ပြီး အုတ်တံတိုင်းအကြီးတွေနဲ့ ဆောက်လာကြတော့တယ်။ ” ဟု ဆိုသည်။

လက်ရှိ ဆောက်လုပ်နေသည့် အဆောက်ဦးမှာ အလျား ၃၆ ပေနှင့် အနံ ၂၅ ပေရှိပြီး အုတ်ဖြင့်ပြုလုပ်နေသည့် အဆောက်ဦဖြစ်ကြောင်း ပေါက်တောမြို့နယ်နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးစောလှမောင်က ပြောသည်။

“ကျနော်တို့က ရုံးခန်းတစ်ခန်းလောက်စာပဲ ဆောက်လုပ်ကြတာပါ။ အဲဒီနေရာမှာ ၂၄ နာရီ ဆေးဝါးထောက်ပံ့ပေးဖို့ အရောင်းကောင်တာ တစ်ခုထားဖို့ရယ်။ အောက်ဆီဂျင်ဘူးများနှင့် အရေးပေါ်လူနာတင်ကားတစ်စီး ထားဖို့အတွက်ရယ်ပဲဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့လည်း နောက်မျိုးဆက်သစ်များကို လက်ဆင့်ကမ်းထားခဲ့ဖိုအတွက် အဆောက်အဦ အခိုင်အမာ ဆောက်လုပ်ရခြင်း ဖြစ်ပါတယ်။ အခုတော့ ကျနော်တို့ကို တားမြစ်ထားတဲ့အတွက် မဆောက်လုပ်ဘဲရပ်ထားပါတယ်။ အောက်ဆီဂျင်ဘူးတွေလည်း ပြန့်ကြဲပြီး ထားထားရတယ်” ဟု ဆိုသည်။

အဆိုပါ မြေနေရာတွင် ဆောက်လုပ်နေသည့် နာရေးကူညီမှုအသင်းရုံးကို ဖယ်ရှားပေးရန် ယခု ဧပြီလ ၂၃ ရက်နေ့က အရပ်ဖက်အဖွဲ့အစည်း ၉ ခုနှင့် မြို့လူထုများက ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် မြေနေရာမှာ ပေါက်တောမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပိုင်ဆိုင်သည့် မြေနေရာဖြစ်ကြောင်း တာဝန်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်က ယာယီအဖြစ် ဆောက်လုပ်ခဲ့ကြတယ်။  အခုခါတော့ အုပ်တံတိုင်းအကြီးကြီးတွေနဲ့ အဆောက်အအုံတွေ ဆောက်ကြတယ်ပေါ့နော်။ အဲ့တာကို ကျမတို့ စည်ပင်သာယာရေးအဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့ကနေပြီး ဆက်လက်ပြီး မဆောက်ဖို့အတွက်ကို တားမြစ်စာတွေထုတ်ခဲ့တယ်။ လက်ရှိ အခြေနေတော့ ကျမတို့လည်း မသိရသေးဘူး” ဟု ဆိုသည်။

နာရေးကူညီမှုအသင်းအနေဖြင့် အဆောက်ဦအခိုင်မာဆောက်လုပ်မည်ဆိုပါက ဆေးရုံနှင့်နီးစပ်သည့် နေရာများ၌သာဆောက်လုပ်ရန် သင့်တော်ကြောင်းနှင့် ပေါက်တောနာရေးကူညီမှုအသင်းတွင် အဆောက်အဦ ၄ ခု ရှိကြောင်း သိရသည်။