ဆားကြမ်း ဝယ်လိုအားနည်းလာသည့်အပြင် ဆားဈေးနှုန်းကျဆင်းလာသည့်အတွက် ဆားကြမ်း ထုတ်လုပ်သူများ အခက်ကြုံ

ယခုနှစ်တွင် ဆားကြမ်းများဝယ်လိုအားနည်းလာသည့်အပြင် ဈေးကောင်းမရရှိသည့်အတွက် ရခိုင်ပြည်နယ် အတွင်းက ဆားလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲကြုံတွေ့နေကြရကြောင်း သိရသည်။

24 Apr 2021

DMG ၊ ဧပြီ ၂၄

ယခုနှစ်တွင် ဆားကြမ်းများဝယ်လိုအားနည်းလာသည့်အပြင် ဈေးကောင်းမရရှိသည့်အတွက် ရခိုင်ပြည်နယ် အတွင်းက ဆားလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲကြုံတွေ့နေကြရကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ခုနှစ်က ဆားတောင်းတစ်ရာကို ငွေကျပ်ကိုးသောင်းအထိရရှိခဲ့သော်လည်း လက်ရှိတွင် ဆားတောင်းတစ်ရာကို ငွေကျပ်လေးသောင်းဖြင့်သာ ရောင်းချနေရကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူများ ထံမှ သိရသည်။

ထိုသို့ ဆားဈေးအဆမတန်ကျဆင်းသွားသည့်အပြင် ဝယ်လိုအားမှာလည်းနည်းလာကြောင်း ဆားကြမ်းကို အဓိကထုတ်လုပ်နေသည့် ကျောက်ဖြူမြို့နယ်နှင့် ပေါက်တောမြို့နယ်တို့မှ ဆားလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။

နွေရာသီတွင် အလုပ်အကိုင်ရှားပါးသည့်အတွက် ဈေးကောင်းမရသော်လည်း ဆားလုပ်ငန်းကို ဆက်လက် လုပ်ကိုင်နေကြောင်း ပေါက်တောမြို့နယ် ငပြီတက်ကျေးရွာမှ ဆားလုပ်ငန်းလုပ်ကိုင်သူ ဦးအေးသာအောင်က ပြောသည်။

“အရင်က စစ်တွေကလာဝယ်တာတွေရှိပေမဲ့ အခုက လုံးဝမဝယ်တော့တာ တစ်နှစ်ကျော်လောက်ရှိပြီး၊ တခြား အလုပ်ကမရှိတော့ အကုန်လုံးကဆားလုပ်ကြတယ်၊ ရပ်တော့မရပ်ထားဘူးလေ၊ ကိုယ့်ရွာနီးတွေက လာဝယ်တဲ့ အခါလည်းရှိတော့ နည်းနည်းရောင်းရတယ်။ ဈေးလည်းမကောင်းဘူးပေါ့၊ နွေရာသီမှာဆိုရင် တခြား အလုပ်လည်းမရှိတော့ ဆားလုပ်သားမှာ ဈေးမကောင်းရင်လည်း ဆားလုပ်ရတာပေါ့” ဟု ၎င်းကဆိုသည်။

ယခင်က ဆားကြမ်းများထုတ်လုပ်ခဲ့သည့် ပေါက်တောမြို့မှ ဦးမောင်လုံးချေကမူ ဆားဈေးအဆမတန်ကျဆင်း လာသည့်အတွက် လုပ်ငန်းခွင့်အား ယခုနှစ်တွင်ရပ်နားထားကြောင်း ဆိုသည်။

“ဆားက ဝယ်တဲ့လူတွေအရမ်းနည်းသွားပါတယ်။ နောက်ဈေးလည်းကျသွားတော့ တစ်ရာသီလုံး အလုပ်လုပ် နေပေမဲ့ စားဝတ်နေရေးအဆင်မပြေဘူး၊ ကျနော်တို့ချည်းမဟုတ်ဘူး၊ အလုပ်သမားတွေလည်း လျော့လိုက် ရတာရှိတယ်၊ အဖက်ဖက်က အခက်အခဲပါပဲ။ ဆိုတော့ အရှုံးပေါ်နေတော့ ကျနော်ကရပ်ထားပါတယ်။ ဈေးကောင်းရမှ ပြန်စရင်စမယ်ပေါ့” ဟု ၎င်းကပြောသည်။

အဆိုပါကျေးရွာများမှထုတ်လုပ်သည့် ဆားကြမ်းများကို အဓိကဝယ်ယူသည့် စစ်တွေမှ ဆားကုန်သည်များ မှာလည်း အရည်အသွေးကောင်းသည့်ဆားများကို ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် ယင်းဆားများကို ရောင်းချရန်အတွက် ဈေးကွက်ရှာဖွေရာတွင် အခက်အခဲကြုံနေကြရကြောင်း သိရသည်။

စားသုံးသူများမှာလည်း ပြည်တွင်းဆားထက် အရည်အသွေးကောင်းသည့် နိုင်ငံခြားထွက်ဆားများကိုသာ ဝယ်ယူလာကြသည့်အတွက် ဆားကုန်သည်များမှာ ဆားကြမ်းထုတ်လုပ်သည့် ဆားတောင်သူများထံမှ ဝယ်ယူမှုနည်းလာခြင်းဖြစ်ကြောင်း စစ်တွေမြို့မှ ဆားလုပ်ငန်းရှင် ဦးသန်းဝင်းကပြောသည်။

“နယ်ကဆားတွေကို ဝယ်တာက ကျနော်တို့ဆီကဝယ်တဲ့လူ ဆားအိတ်တစ်သိန်းရှိလား၊ နှစ်သိန်းရျှိလား ရှိသလောက်ပဲ။ ကျနော်တို့က နယ်ကလိုက်ဝယ်တယ်၊ ဒါပေမဲ့စားသုံးတဲ့သူ ဝယ်ယူမှုမရှိတဲ့အခါကျတော့ ကျနော်တို့က ထိန်းပြီးဝယ်ရတယ်ဆိုတော့ အဝယ်နည်းတာဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ်မှ ထုတ်လုပ်သည့်ဆားများမှာ နည်းပညာအားနည်းနေသည့်အတွက် ဆားအရည်အသွေး နိမ့်နေပြီး အစိုးရအနေဖြင့် ဆားအရည်အသွေးမြှင့်တင်နိုင်အောင် နည်းပညာများအကူအညီပေးရန် ဆားလုပ်ငန်းရှင်များက လိုလားနေကြသည်။