ရခိုင်ကမ်းရိုးတန်းတွင်ဖြစ်ပေါ်နေသည့် လေပွေလှိုင်းမှာ မုန်တိုင်းငယ်ဖြစ်လာနိုင်ကြောင်း မိုးဇလပြော

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်းအနီးတွင်ဖြစ်ပေါ်နေသည့် လေပွေလှိုင်းမှာ နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာန တာဝန်ရှိသူများက ခန့်မှန်းထားကြသည်။

18 Aug 2022

 
ဘင်္ဂလားပယ်လယ်အော်တွင် လေပွေလှိုင်း ဖြစ်ပေါ်နေပုံ (Photo- မိုးဇလ FaceBook Page)

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ရခိုင်ကမ်းရိုးတန်းအနီးတွင်ဖြစ်ပေါ်နေသည့် လေပွေလှိုင်းမှာ နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာန တာဝန်ရှိသူများက ခန့်မှန်းထားကြသည်။

အဆိုပါလေပွေလှိုင်းသည် လာမည့် ၁၂ နာရီအတွင်း ပိုမိုအားကောင်းလာမည်ဖြစ်ပြီး ဘင်္ဂလားပယ်လယ်အော် အရှေ့အလယ်ပိုင်းမှ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ဖက်သို့ ရွှေ့လျားပြီးနောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ယင်းလေပွေလှိုင်း၏အရှိန်အဟုန်ကြောင့် ရခိုင်တွင် မိုးသက်လေပြင်းကျရောက်နိုင်ပြီး ပြည်သူများအနေဖြင့် ကြိုတင်အသိ၊သတိထားရမည်ဟုလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက DMG ကိုပြောသည်။

“အဓိက ရခိုင်ကမ်းရိုးတန်းအနားမှာ ဖြစ်ပေါ်နေတဲ့အခါကျတော့ ကမ်းရိုးတန်းအနီးမှာရှိတဲ့ မြို့တွေရွာတွေက ပြည်သူတွေအနေနဲ့ နည်းနည်းသတိထားကြရမယ်။ မြေပြင်ရေပြင် လေတိုက်နှုန်းတွေပြင်းပြီး ရေပြင်မှာ လှိုင်းကြီးတာတွေဖြစ်မယ်ဆိုတော့ ပေါ့ဆလို့တော့ မရဘူးပေါ့”ဟု ၎င်းကဆိုသည်။

ယခုနှစ်သည် လေပွေလှိုင်းဝင်ရောက်မှု အားကောင်းသည့်နှစ်ဖြစ်ပြီး ယင်းမှတစ်ဆင့် လေဖိအားနည်းရပ်ဝန်းနှင့် မုန်းတိုင်များအဆင့်သို့ရောက်ရှိကာ အန္တရာယ်ဖြစ်နိုင်ခြေများလည်း ယခင်ထက် ပိုများနိုင်ကြောင်းလည်း ဦးလှထွန်းက ဆက်လက်ရှင်းပြသည်။

“ဒီအရှေ့လေတွေဟာ မြန်မာနိုင်ငံရဲ့ မြစ်ဝကျွန်းတွေကိုဖြတ်ဖြတ်ပြီး သွားတဲ့အခါကျတော့ မကြာခဏ လေပွေလှိုင်းတွေက ဖြစ်ပေါ်လာနိုင်တယ်။ ဒီလေပွေလှိုင်းတွေက ကမ်းနဲ့နည်းနည်းကွာသွားရင် လေဖိအားနည်းရပ်ဝန်းဖြစ်တတ်ပြီး ဒီထက် ပင်လယ်ထဲကိုဝင်ရောက်သွားရင် မုန်တိုင်းအဖြစ် ပြောင်းလဲသွားတတ်တဲ့အခါကျတော့ ကျနော်တို့သဘာဝနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ထားဖို့တော့လိုတယ်”ဟု ဦးလှထွန်းကဆိုသည်။

အဆိုပါ လေပွေလှိုင်းအရှိန်ကြောင့် မြေပြင်လေပြင်ကို မိုးသက်လေပြင်းများ တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ယင်းအပြင် မိုးသက်လေပြင်းတိုက်ခတ်ခြင်းကြောင့် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပြီး ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေး ခရီးစဉ်များကိုလည်း ကြိုတင်သတိပြုရန် မိုးဇလ၏ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ဗီဒီယိုများ